သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာအပါအဝင် ကျွမ်းကျင်ပြည်ပလုပ်သား အများအပြား ဂျပန်ခေါ်ယူမည်


ဂျပန်နိုင်ငံက ရိုဘော့စက်ရုပ်တွေသုံးပြီးအလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မြင်ကွင်း။
ဂျပန်နိုင်ငံက ရိုဘော့စက်ရုပ်တွေသုံးပြီးအလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မြင်ကွင်း။

ဂျပန်နိုင်ငံမှာ အခုနှစ်ကစပြီး ငါးနှစ်အတွင်း နိုင်ငံခြားသား ကျွမ်းကျင်လုပ်သား ၈၀၀,၀၀၀ ကျော်ကို ခေါ်ဖို့ ပြင်ဆင်နေချိန်မှာပဲ မြန်မာနိုင်ငံသားတွေအနေနဲ့ အလုပ်အကိုင်တွေကို ကြိုတင်လေ့လာ၊ ပြင်ဆင်ပြီးမှလာဖို့ ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း (ဂျပန်) ဥက္ကဋ္ဌက အကြံပြုပါတယ်။ ဂျပန်အလုပ်ကုမ္ပဏီတွေရဲ့ အလုပ်ခေါ်စာတွေကို ဂျပန်-တိုကျိုမြန်မာသံရုံးအနေနဲ့လည်း စိစစ်နေတယ်လို့ ဒီကနေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ဂျပန်နိုင်ငံတွင်း ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာ ပြည်ပက အလုပ်သမားတွေနဲ့ဖြည့်တင်းဖို့ စဉ်းစားနေကြောင်း ဂျပန်အစိုးရ တာဝန်ရှိသူတွေက မကြာသေးခင်က ပြောပါတယ်။ လုပ်သားပြတ်လပ်မှုမရှိအောင် ကျွမ်းကျင်အလုပ်သမား ခေါ်ယူတာကို ဂျပန်နိုင်ငံက အခုနှစ်ထဲမှာ နှစ်ဆမြှင့်တင်သွားဖို့ ရှိနေပြီး ဒီနှစ်ကနေစလို့ ငါးနှစ်အတွင်း ပြည်ပအလုပ်သမား ရှစ်သိန်းကျော် ခေါ်ဖို့စီစဉ်နေတာပါ။

ဒီထဲမှာ ဆောက်လုပ်ရေး လုပ်ငန်းအပါအဝင် တချို့ကဏ္ဍတွေအတွက် မြန်မာလုပ်သားတွေကိုလည်း ခေါ်ယူဖို့ရှိကြောင်း မြန်မာ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတချို့က ဗွီအိုအေကို ပြောပါတယ်။

ပြည်ပ ကျွမ်းကျင်လုပ်သားတွေထဲမှာ လုပ်အားခသက်သာတဲ့ မြန်မာနိုင်ငံသားတွေကို ခေါ်ယူဖို့ ဂျပန်ဘက်က စိတ်ဝင်စားကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း (ဂျပန်) ရဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောပါတယ်။

ဒါပေမဲ့ ဂျပန်အလုပ်ရှင်တွေက မြန်မာအလုပ်သမားတွေနဲ့ ဆက်ဆံတာမှာ ပြဿနာတချို့လည်း ရှိနေပါတယ်။ မြန်မာအေးဂျင့်တွေ၊ ဂျပန်အလုပ်ရှင်တွေ၊ ကြားပွဲစားတွေကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လေ့ရှိပါတယ်။ ပြီးတော့ မြန်မာအလုပ်သမား အများစုဟာ လုပ်ငန်းသဘောကို သေချာမလေ့လာဘဲ ဂျပန်ကို ရောက်လာပြီး လုပ်ငန်းခွင်အဆင်မပြေတော့မှ အလုပ်ပြောင်းတာ၊ တိမ်းရှောင်တာတွေ လုပ်လေ့ရှိကြောင်း ဦးသန်းဆွေက ဗွီအိုအေကို ပြောပါတယ်။

" ဘာဖြစ်လဲဆိုတော့ သတင်းစာထဲမှာ ပါလာတယ်၊ မြန်မာနိုင်ငံသား ကျွမ်းကျင်နဲ့ ဂျပန်ကိုလာတဲ့ ၉၀ ရာခိုင်နှုန်းက အလုပ်ခွင်၊ လုပ်ငန်းခွင်ကနေ ထွက်ပြေးပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ အပေါ်မှာ မူတည်ပြီးပေးထားတဲ့ ကယ်ဆယ်ရေးဗီဇာပေါ့ အဲဒါကိုလျှောက်တဲ့သူက ၉၀ ရာခိုင်နှုန်း ဖြစ်နေတယ်ဆိုပြီး သတင်းထဲမှာ ကြီးကြီးကျယ်ကျယ်ကို ပါလာတယ်။ ဂျပန်လူမျိုးတွေရဲ့ သုံးသပ်ချက် ကတော့ နိုင်ငံရေးအခြေအနေအပေါ်မှာ ပေးထားတဲ့ဗီဇာကို အလွဲသုံးစားလုပ်တာပဲ ဆိုပြီးတော့ ဂျပန်လူထုက ယူဆနေသလို တဖက်ကလည်း ကျွမ်းကျင်လုပ်သား လိုအပ်ချက်တွေမှာ တကယ်တမ်း အလုပ်မဖြစ်တဲ့အခါကျတော့ ကျနော်တို့ကြားတာပေါ့လေ အင်ဒိုနီးရှား လုပ်သားဘက်ကို လှည့်ဖို့ရှိတယ်ဆိုပြီး သူတို့လွှတ်တော်မှာ တိုက်တွန်းနေကြတာပေါ့။"

မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂလို အဖွဲ့တွေကို ဆက်သွယ်ပြီး လုပ်ငန်းသဘာဝနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကြိုတင်မေးမြန်း စုံစမ်းသင့်ကြောင်း သူကပြောပါတယ်။ ဂျပန်ရောက်မှ လုပ်ငန်းခွင်ကနေ ထွက်ပြေး၊ တိမ်းရှောင် တာဟာ နောက်လာမဲ့အလုပ်သမားတွေကို ထိခိုက်နိုင်ကြောင်း ဂျပန်ရောက် မြန်မာအဖွဲ့အစည်းတွေက ပြောပါတယ်။

လက်ရှိစစ်ကောင်စီရဲ့ ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် မြန်မာသံရုံးကတော့ ဂျပန်နိုင်ငံကိုသွားမယ့် မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ ( Demand Letter ) တွေကို စိစစ်ဆောင်ရွက်ပေးနေတယ်ဆိုတာကို အောက်တိုဘာလ ၁၅ ရက်၊ မနေ့က နေ့စွဲနဲ့သတင်းထုတ်ပြန်ထားပါတယ်။ ‘ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနဲ့ အလုပ်ခေါ်ယူတဲ့ စက်ရုံ/ ကုမ္ပဏီတွေဂျပန်နိုင်ငံထဲမှာ တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားတွေကို စိစစ်ပြီး စိစစ်တွေ့ရှိချက်တွေ၊ သဘောထားမှတ်ချက်တွေ ကို နိုင်ငံခြားရေးဝန်ကြီး ဌာနကတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့နေပါတယ်’ ဆိုတဲ့အကြောင်း သတင်းထုတ်ပြန်ထားတာပါ။

မြန်မာအဖွဲ့အစည်းတွေရဲ့ စာရင်းအရ ဂျပန်မှာ အလုပ်လုပ်၊ ကျောင်းတက်နေတဲ့ မြန်မာနိုင်ငံသား အရေအတွက်က ရှစ်သောင်းကျော်ရှိပါတယ်။ လက်ရှိလည်း ဘိုးဘွားစောင့်ရှောက်ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ ဟိုတယ်လုပ်ငန်းတွေအတွက် မြန်မာနိုင်ငံသားတွေကို ဂျပန်အလုပ်ရှင်တွေက ခေါ်ယူဖို့ ရှိနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG