နိုင်ငံခြားကို အလုပ်သွားလုပ်ချင်သူတွေအတွက် အကျိုးဆောင်ပေးတဲ့ လုပ်ငန်းအေဂျင်စီတွေအနေနဲ့ စေလွှတ်တဲ့ အလုပ်သမားရဲ့လစာ ၂၅% ကို ရအောင်တောင်းရမယ်လို့ အလုပ်သမားရေးဌာနက ညွှန်ကြားခဲ့ပါတယ်။ တောင်းလို့မရရင် အေဂျင်စီက စိုက်ပြီးပေးရမယ်လို့ ညွှန်ကြားလိုက်တဲ့အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ အခက်တွေ့နေကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
နိုင်ငံခြားစေလွှတ်ထားတဲ့ အလုပ်သမားရဲ့လစာ ၂၅% ကို ရအောင်တောင်းရမယ်လို့ အလုပ်သမားရေး ဌာနကညွှန်ကြားထားပေမဲ့ လက်တွေ့ အခက်အခဲရှိတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တွေက ပြောပါတယ်။ ဒီကုမ္ပဏီတွေအနေနဲ့ သူတို့ပို့ထားတဲ့ အလုပ်သမားတွေနဲ့ အဆက်ပြတ်နေကြ တာရှိသလို အလုပ်သမားတွေဘက်ကလည်း ဝင်ငွေအခက်အခဲကြောင့် ငွေပြန်မပို့နိုင်ကြဘူးလို့ အေဂျင်စီတွေက VOA ကိုပြောပါတယ်။ ပြည်ပစေလွှတ်ထားတဲ့ အလုပ်သမားအရေအတွက်နဲ့ ပြန်ပို့ကြတဲ့လစာငွေ အတိအကျ မတင်ပြနိုင်တဲ့ အေဂျင်စီ ( ၂၀၀) ကျော်ကို အလုပ်သမားရေးဌာနက သတိပေးထားပါတယ်။ အဲဒီထဲက အေဂျင်စီ (၅၀) ကျော်ကတော့ လိုင်စင်သိမ်းခံရမယ့် အခြေအနေရှိ နေတယ်လို့ အေဂျင်စီတခုရဲ့ ဒါရိုက်တာက VOA ကို အခုလိုပြောပါတယ်။
" ၂၅ ရာခိုင်နှုန်း (စာရင်းကို) မပေးနိုင်တဲ့ ကုမ္ပဏီက (၂၀၀) ကျော်ရှိတယ်လေ။ အဲဒီ (၂၀၀) ကျော်ထဲကမှ မပေးနိုင်တဲ့ကုမ္ပဏီတွေကို ဒဏ်ကြေးဆောင်ခိုင်းတာ။ ဒဏ်ကြေးဆောင်ရတဲ့အပြင်ကို Up to date တွေလည်း ပြန်ပြန်ဆောင်ရတာပေါ့။ ဒီထဲမှာ (၅၂) ခုက လုံးဝ မပေးဘူးထင်ပါတယ်။ အဲဒီအထဲမှာ တချို့တွေလည်း ကလေးတွေနဲ့ အဆက်အသွယ်မရှိတော့၊ ပြတ်ကုန်တော့ အေဂျင်စီက ကိုယ့်ပိုက်ဆံ ကိုယ်စိုက်ပြီး ဟိုဘက်က ပြန်လွှဲရတဲ့အခြေအနေလည်း ရှိတာပေါ့နော်။ ခက်ခဲတာပေါ့နော်။ သူတို့က ကလေးတွေဆီက တိုက်ရိုက်မတောင်းဘဲနဲ့ အေဂျင်စီကိုသွားချုပ်တော့ တချို့အေဂျင်စီတွေကြလည်း ခက်ခဲတာပေါ့နော်။"
အလုပ်သမားတယောက်က တလကို ဘယ်လောက်လွှဲတယ်၊ မလွှဲဘူးဆိုတဲ့ စာရင်းကို ပြည်ပ အလုပ်အကိုင် အေဂျင်စီတွေအနေနဲ့ အလုပ်သမားရေးဌာနကို အသိပေးရမှာဖြစ်ပါတယ်။ ဒီလို ငွေလွှဲစာရင်းကို မတင်ပြနိုင်တဲ့ အေဂျင်စီအမြောက်အများလည်း လုပ်ငန်းလုပ်ကိုင်ခွင့် ရပ်ဆိုင်း ခံရတာတွေ ရှိနေပါတယ်။ အလုပ်သမားဘက်က ငွေပို့သည်ဖြစ်စေ၊ မပို့သည်ဖြစ်စေ စာရင်းကို ပုံမှန်တင်ပြပေးရမယ်လို့ မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူ VOA ကိုပြောပါတယ်။
"ဟိုဘက်ကနေ ပေးပို့သည်ဖြစ်စေ မပေးပို့သည်ဖြစ်စေ၊ ကိုယ်ကပို့ထားတာ လူအယောက် (၁၀၀) ပေါ့၊ အဲဒီ (၁၀၀) ထဲက ဆယ်ယောက်ပို့တယ်ပေါ့။ ဒါမှမဟုတ်လည်း တယောက်မှမပို့ဘူးပေါ့၊ ဒါမှမဟုတ်လည်း အယောက် (၅၀) ပို့တယ်ပေါ့။ အဲလိုမျိုးဟာကို ဝန်ကြီးဌာနကို တင်ပြပါ ပြောတာကို အေဂျင်စီတွေက အဲဒါကိုသိပ်ပြီးတော့ ရှင်းရှင်းနားမလည်ကြဘူးပေါ့။"
တကယ်တော့ စစ်ကောင်စီဘက်က လိုချင်တာဟာ စာရင်းအချက်အလက်မဟုတ်ဘဲ အမှန်တကယ် လွှဲထားတဲ့ နိုင်ငံခြားငွေ စာရင်းသာဖြစ်ကြောင်း အေဂျင်စီတချို့က ဗွီအိုအေကို ပြောပါတယ်။ မြန်မာအလုပ်သမားတွေ ငွေမလွှဲချင်တဲ့ အဓိကအကြောင်းရင်းကလည်း ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေလဲနှုန်းနဲ့ ပြင်ပစျေးကွက်ပေါက်စျေးက ကွာဟနေတာကြောင့်လို့ အလုပ်သမားတွေက ပြောကြပါတယ်။ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေနဲ့ နိုင်ငံခြားမှာထွက်ပြီး အလုပ်သွားလုပ်နေကြသူတွေအနေနဲ့ ပြည်တွင်းကို ပုံမှန်ငွေပြန်လွှဲဖို့လည်း မြန်မာအလုပ်သမားရေး ဌာနက ဖိအားပေးနေပါတယ်။
Forum