သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနဲ့ မလေးရှားမှာ တရားမဝင်နေထိုင်သူ မြန်မာအများအပြား ဖမ်းဆီးခံရ


ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ၊ ကွာလာလာမ် ပူမြို့က တရားမဝင် အထောက်အထားမဲ့ အလုပ်သမားတွေကို အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး ဝင်ရောက်စီးနင်းဖမ်းဆီးစဥ်အတွင်း ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတချို့ (Photo: Malaysia Immigration FB)
ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ၊ ကွာလာလာမ် ပူမြို့က တရားမဝင် အထောက်အထားမဲ့ အလုပ်သမားတွေကို အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး ဝင်ရောက်စီးနင်းဖမ်းဆီးစဥ်အတွင်း ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတချို့ (Photo: Malaysia Immigration FB)

မလေးရှားနိုင်ငံမှာ နေထိုင်ခွင့် အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်နိုင်အောင် တရားဝင်ခွင့်ပြုတဲ့ သတ်မှတ်ရက် ကုန်ဆုံးသွားပြီးနောက် တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးနေရာမှာ မြန်မာနိုင်ငံသား အများအပြားလည်း ပါဝင်နေပါတယ်။ တချိန်တည်းမှာပဲ ထိုင်းနယ်စပ်မှာ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ ဝင်ရောက်ရှာဖွေရင်း မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံနေရတာပါ။
ထိုင်းနဲ့ မလေးရှားနိုင်ငံတွေက နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားပါတယ်။

မလေးရှားမှာ အစိုးရက တရားဝင်ဖွင့်ပေးထားတဲ့ ရွှေ့ပြောင်းလုပ်သား နေရပ်ပြန်ရေး အစီအစဉ် (Migrant Repatriation Program) က ၂၀၂၄ ဒီဇင်ဘာလကုန်မှာ ပြီးဆုံးသွားပြီဖြစ်ပြီး ဒီနောက်ပိုင်းမှာ အထောက်အထား မရှိသူတွေကို ဆက်တိုက်ဖမ်းဆီးနေပါတယ်။ မြန်မာနိုင်ငံသားတွေ ဆက်တိုက် ဖမ်းဆီးခံနေရတယ်လို့ မလေးရှားရောက် မြန်မာအဖွဲ့အစည်းတွေက ပြောပါတယ်။ အခုဆိုရင် တရုတ်နှစ်သစ်ကူးကာလမှာ အဖမ်းဆီးတွေပိုများပြီး အသွားအလာ ဂရုစိုက်ကြဖို့ မလေးရှားက ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ က သတိပေးနေပါတယ်။

"ဒီရက်ပိုင်းကတော့ အသွားအလာဆင်ခြင်တာ အကောင်းဆုံးပဲ။ ဖြစ်နိုင်ရင် ညဘက် အပြင်မထွက်ရင်ပေါ့။ Operasi ကတော့ ဖမ်းမိပြီဆိုရင်တော့ မထောက်အထား မရှိရင် ဒီအတိုင်းပြန်ပို့တာ များတယ်ဆိုတော့ ဘယ်သူမှလည်း အဆင်တော့မပြေဘူး။ အဲဒီတော့ UN မှာလျှောက်ထားတဲ့ စာရွက်လေးရယ် ပြီးရင် ကိုယ့်ရဲ့ identity တခုခုပေါ့ ဘယ်သူဘယ်ဝါ ဆိုတဲ့ဟာရယ် ဘယ်သွားသွား ယူသွားစေချင်တယ်ပေါ့။"

၂၀၂၄ နှစ်ကုန်ခါနီး မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၁,၀၀၀ လောက် ဖမ်းဆီးခံရတယ်လို့ မလေးရှား သတင်းတချို့မှာ ဖေါ်ပြပါတယ်။ ထိုင်းနိုင်ငံမှာလည်း ကျားဖြန့်ခေါ်ငွေလိမ် လုပ်ငန်းတွေကို စီမံချက်နဲ့ လိုက်ပြီး နိမ်နင်းနေပြီး နိုင်ငံခြားသားတွေ ရှိတဲ့ နေရာတွေကို ဒီရက်ပိုင်းထဲမှာ ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးနေပါတယ်။ ထိုင်းနယ်စပ်မြို့တွေက ဖမ်းဆီးခံရတဲ့အထဲမှာ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား အများအပြား ပါဝင်ပါတယ်။ တရားဝင် MoU နဲ့လာတဲ့ မြန်မာအလုပ်သမားတွေလည်း ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ဆေးခံရတာတွေ ရှိတဲ့အကြောင်း ထိုင်းအခြေစိုက် အလုပ်သမား မဟာမိတ်အဖွဲ့ WAG က ကိုမုန်တိုင်းက ပြောပါတယ်။

"ထိုင်းဘက်က ဘယ်လိုလုပ်လဲဆိုတော့ (မြန်မာ)အလုပ်သမားတွေကို နင်တို့မှန်ကန်လားပေါ့၊ ကျားဖြန့်လုပ်ငန်းမှာ နင်တို့ ပါဝင်လားပေါ့ သူတို့စစ်ဆေးတယ်။ ဒါပေမဲ့ သူတို့ မစစ်ဆေးခင်မှာ ကိုယ်က အမှုဖွင့်ရတာပေါ့ ဘာလို့ဆိုတော့ ဒီအလုပ်သမားတွေရဲ့ ဘဏ်ကတ်တွေကို မြန်မာနိုင်ငံ အေဂျင်စီနဲ့ ထိုင်းငါးဖမ်းကုမ္ပဏီက ယူပြီး သူတို့ရောင်းတာပေါ့။ အဲဒါကို ကိုယ့်ဘက်ကနေ နယ်မြေခံ ပုလိပ်ရုံးတွေမှာ အားချင်း အမှုဖွင့်ရတယ်ပေါ့။ ပုလိပ်တွေလိုက်တော့မှ အလုပ်သမားတွေ တော်တော်များများမှာ ကြုံတွေ့ရတယ်။ လောလောဆယ် ထိုင်းထဲမှာ ရှစ်ယောက်လောက် လက်ရှိကြုံထားတယ်။ ကျန်တဲ့ လေးယောက်ကတော့ ထိုင်းထဲမှာ ထောင်ဆယ်နှစ်စီ ကျမယ်ဆိုပြီးတော့ တရားရုံးက အမိန့်စာ ထုတ်ထားပြီးပြီပေါ့။"

မလေးရှားဖြစ်ဖြစ်၊ ထိုင်းမှာဖြစ်ဖြစ် ဖမ်းဆီးခံရတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေကြောင့် နေရပ်ပြန်ပို့ခံရမှာကို စိုးရိမ်နေကြပါတယ်။ မလေးရှား လူဝင်မှုကြီးကြပ်ရေးက ထိုင်းနဲ့ မလေးရှားနယ်စပ်မှာ လုံခြုံရေး ပိုပြီး တိုးမြှင့်ထားသလို ထိုင်းအစိုးရကလည်း မြန်မာနဲ့ ထိစပ်နေတဲ့ တာ့ခ်ခရိုင်ထဲက စစ်ဆေးရေးဂိတ်တွေမှာ အချိန်ပြည့် စောင့်ကြည့်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကပဲ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မလေးရှားနိုင်ငံကို သွားပြီး တရားမဝင် အလုပ်လုပ်ဖို့ သွားတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀ ယောက် ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ဖေါ်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG