သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ခွင့်ပြန်မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံပြန်ဝင်ရေး အခက်တွေ့


ထိုင်း-မြန်မာ တရားဝင်ဂိတ်
ထိုင်း-မြန်မာ တရားဝင်ဂိတ်

သင်္ကြန်ကာလအတွင်း ထိုင်းနိုင်ငံကနေ နေရပ်ပြန်သွားကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အခုသင်္ကြန်အပြီး ထိုင်းနိုင်ငံထဲ ပြန်အဝင်မှာအခက်တွေ့နေကြပါတယ်။ တရားဝင် အလုပ်လုပ်ခွင့် ဗီဇာ ပတ်စပို့လက်မှတ်တွေကိုင်ဆောင်ထားပေမဲ့လဲ ပြန်ဝင်ဖို့ အခက်တွေ့နေတာပါ။ အခုလို ထိုင်းနိုင်ငံထဲပြန်ဝင်ဖို့ အခက်တွေ့နေတာဟာ အလုပ်သမားတွေနေရပ်အပြန်ခရီးမှာ တရားမဝင်လမ်းကြောင်းကနေ ထွက်ခွာသွားကြတာကြောင့်ဖြစ်တယ်လို့ ထိုင်း မြန်မာနယ်စပ် အလုပ်သမားအရေး လှုပ်ရှားသူတွေကပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကပြောပြပေးမှာပါ။

သင်္ကြန်အလွန်ကာလမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံအတွင်းဝင်ရောက်ရေးမှာ အခက်တွေ့ နေကြတာ ဖြစ်ပြီး ထိုင်းမြန်မာနယ်စပ်ဘုရားသုံးဆူမြို့နယ်လမ်းကြောင်းမှာ ထိုင်းနိုင်ငံအတွင်းဝင်ရောက်ဖို့ အခက်တွေ့နေတဲ့အခြေအနေ ကိုတော့ ရာဘာခြံအလုပ်သမားတဦးဖြစ်သူမထွေးထွေးကအခုလိုပြောပါတယ်။

“အခက်အခဲအဆင့်တွေကတော့ ဒီလိုမျိုးပေါ့ ကိုယ့်မှာတော့ ပြည့်စုံတယ် သူက ပေးမဝင်ဘူး၊ သူတို့ပြောထားတဲ့ အခွင့်အရေးပေးထားတဲ့ ဒီတန်ခူးလအတောအတွင်းမှာ ရက် ၂၀ ပြောထားတာတွေလည်း သွားလို့မရဘူး။ ကိုယ်လိုင်းကားမေးတယ်၊ မေးတော့ သူတို့မပေးတက်ဘူး ၊ ပြီးတော့ ဂိုက်တွေကိုလည်း ခေါ်ချတယ်။ အကိုတယောက်ဆိုရင် တက်သွားပြီးတော့မှ ခေါ်ချလိုက်တယ်၊ ကျမတို့လည်း ဘက်တွေဘာတွေရှိတယ် ၊ Passport တွေရှိတဲ့လူတွေလည်း တက်လို့မရဘူး။ ဘက်တွေဘာတွေအထောက်အထားနဲ့ဆိုလည်း မပေးတက်ဘူး။”

ဘုရားသုံးဆူလမ်းကြောင်းဟာ တရားဝင်နယ်စပ်ဂိတ်ဖွင့်လှစ်တာမျိုးမရှိသေးပေမဲ့ အရင်က တရားဝင်အလုပ်လုပ်ခွင့် လက်မှတ် ပါမစ်ရှိတဲ့သူတွေ ဝင်ထွက်သွားလာတာလွယ်ကူခဲ့ပြီး အခုရက်ပိုင်းတွေမှာ ဝင်ထွက်ဖို့ခက်ခဲနေတယ်လို့ ခရီးသည်ပို့ဆောင်ရေးအေဂျင်စီတခုက မန်နေဂျာ မနန်းနွယ်ဦးကအခုလိုပြောပါတယ်။

“ဘက်လည်းမရဘူး။ ဒီသင်္ကြန်ကျကတည်းက အဲဒီလိုမျိုးဖြစ်နေတာ၊ ပြန်လည်းခက်တယ်၊ သွားလည်း ခက်တယ်။”

ဘုရားသုံးဆူမြို့နယ်အတွင်းမှာ ထိုင်းနိုင်ငံထဲဝင်ရောက်မဲ့ အလုပ်သမား(၁၀၀)ကျော်သောင်တင် နေပါတယ်။

ဘန်ကောက်မြို့မှာအလုပ်လုပ်တဲ့အလုပ်သမားကိုဝင်းဇော်ကတော့ မြဝတီ မဲဆောက်လမ်းခရီးမှာ ဝင်ရောက်ရာမှာ အခက်တွေ့နေတဲ့အခြေအနေကို အခုလိုပြောပါတယ်။

“Passport တခုတည်းနဲ့ သွားရတာ ဘယ်လိုပဲဖြစ်ဖြစ် Passport မှာတင်ပါပြီးသားပဲ၊ သူက ဖြတ်သန်းသွားလာခွင့်ဆိုတာက သူက ဥပဒေပါပြီးသားပဲ။ ထိုင်းက အာဏာပိုင်တွေက လမ်းမှာ ရစ်တယ်ခင်ဗျ။ Work Permit စာအုပ်ဆိုတဲ့ကိစ္စလေ၊ တချို့ Work Permit မရှိတဲ့ အလုပ်သမားတွေကိုဘန်ကောက်ကို မပေးပြန်ဘူး ၊ ပြန်ရင်ဆွဲချ ၊ နယ်စပ်ကို ပြန်ပို့တာတွေတော့ရှိတယ်။ အခက်အခဲတွေကတော့ အဲဒါတွေရှိတယ်။”

ထိုင်းအစိုးရအနေနဲ့ ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် သင်္ကြန်မတိုင်ခင်ကနေ ဧပြီလကုန်တဲ့အထိအရက်(၂၀)ခန့် နေရပ်ပြန်ခွင့်ပြုကြောင်းတရားဝင်ထုတ်ပြန်ထားပါတယ်။

အခုလိုသင်္ကြန်အလွန် ထိုင်းနိုင်ငံထဲဝင်ရောက်ရေးမှာ အခက်တွေ့နေရတဲ့အကြောင်းရင်း ကိုတော့မြန်မာအလုပ်သမား အရေး ကူညီလှုပ်ရှားသူ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

“ဝင်လို့မရဘူးဆိုတာ ကျနော်တို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား မဲဆောက်၊ မြဝတီ တံတားကနေ တရားဝင်သွားမယ်၊ Legal Migration နဲ့သွားမယ်ဆိုရင် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးပြီးတော့မှ လွှတ်ပေးလိုက်တာဖြစ်တဲ့အတွက် ဒီကိုဝင်လာလည်း ပြဿနာ မရှိတော့ဘူး။ အဲဒီလို ချစ်ကြည်ရေးတံတားရှိနေပါလျက် တံတားအောက်က လှေနဲ့ ဖြတ်ကူးသွားတယ် ၊ တရားမဝင်ဂိတ်တွေကနေ ဖြတ်ကူးပြီးတော့ ထိုင်းထဲပြန်ဝင်ဖို့ ကြိုးစားတယ် ဆိုရင်တော့ မရပါဘူး။ ကျနော်တို့ မဲဆောက်အထွက် ဘန်ကောက် အတက် စစ်ဆေးရေးဂိတ်တွေမှာ ဆွဲချခံရမယ်၊ စာအုပ်တွေအသိမ်းခံရမယ်။ အချုပ်ထဲတွေဘာတွေရောက်မယ်ဆိုတာတွေ ဆင့်ကဲဆင့်ကဲဖြစ်နိုင်ပါတယ်။ မဲဆောက်၊ မြဝတီ ချစ်ကြည်ရေးတံတားကနေပြီးတော့ အပေါ်ကပြန်တဲ့တရားဝင် ၁ ယောက်ဆိုရင် အောက်က လှေ ၊ ကူးတို့ဆိပ် တွေကနေ ပြန်တာ၃ ယောက်လောက်ဖြစ်နိုင်ပါတယ်။ စာရွက်စာတန်းအပြည့်အစုံရှိပါလျက်နဲ့ အောက်လှေဆိပ်တွေကနေပြီးတော့ သုံးတယ်၊ ခါတိုင်းလည်း ပြန်နေကြပဲ ဆိုတဲ့ ပုံစံနဲ့ ပြန်နေကြတာဖြစ်တဲ့အတွက် ပြန်ဝင်တဲ့အခါမှာ အခက်အခဲတွေ့ပါတယ်။”

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ နေရပ်အပြန်ခရီးမှာ တရားမဝင်လမ်းကြောင်းကနေ ထွက်သွားကြတာဖြစ်ပြီး အခုလိုပြန်ဝင်တဲ့အခါ ဥပဒေနဲ့မညီတာကြောင့် အခက်တွေ့နေတာဖြစ်တယ်လို့ ဦးမိုးကြိုးကဆိုပါတယ်။

အဲဒီလို အခက်တွေ့နေတဲ့အလုပ်သမားတွေ လုပ်ဆောင်ရမဲ့နည်းလမ်းကို ဦးမိုးကြိုးက အခုလိုအကြံပြုထားပါတယ်။

“အဖမ်းခံရတဲ့သူတွေကို ကျနေ်ာပြောချင်တာက အောက်လှေဂိတ်တွေကနေပြီးတော့ စာရွက်စာတန်းအပြည့်အစုံရှိပါလျက် ကူးသွားတဲ့လူတွေက တံတားပေါ်ကနေပြီးတော့ ထွက်ပြလိုက်ပါ။ အဲဒီမှာ အထွက်ပြရပါမယ်။ ပြီးတော့ ပြန်ဝင်လာခဲ့ပါ ၊ အဲဒီမှာဝင်ခွင့်ရပါမယ် အဲဒီစာရွက်စာတန်းနဲ့ ပြန်ပါ။”

သင်္ကအြလွန်ကနေ ဒီကနေ့အထိ မြန်မာရွှေ့ပြောင်းအလုပ်သမား(၅)သောင်းကျော် ထိုင်းနိုင်ငံထဲ ပြန်ဝင်လာကြပြီးပြီလို့ ဦးမိုးကြိုးကဆိုပါတယ်။

မြန်မာနဲ့ထိုင်းနိုင်ငံအစိုးရတို့သဘောတူညီချက်အရ တရားဝင်ဖွင့်လှစ်ထားတဲ့နယ်စပ်ဂိတ်ဖြစ်တဲ့ မြဝတီ-မဲဆောက် လမ်း တာချီလိတ် မဲဆိုင်လမ်း ကော့သောင်း ရနောင်းစတဲ့လမ်း(၃)ခုမှာသာတရားဝင်ဝင်ထွက်သွားလာခွင့်ပြုထားပေမဲ့ ဘုရားသုံးဆူလမ်း တနင်္သာရီတိုင်းဒေသကြီးဘက်ကထီးခီး ကန်ချနပူရီလမ်းဘက်တွေမှာလဲ နားလည်မှုနဲ့ ဝင်ထွက် သွားလာမှုတွေရှိနေပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အထူးသဖြင့်တာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၂)သန်းကျော်ရှိတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကနေထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG