သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစက်ရုံတွေပိတ်လို့ မြန်မာတွေ အလုပ်ပြုတ်


ထိုင်းစက်ရုံတရုံမှ အလုပ်ဖြုတ်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့။ (ဓာတ်ပုံ - Ye Min Facebook. ဇူလိုင် ၁၄၊ ၂၀၁၆)
ထိုင်းစက်ရုံတရုံမှ အလုပ်ဖြုတ်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့။ (ဓာတ်ပုံ - Ye Min Facebook. ဇူလိုင် ၁၄၊ ၂၀၁၆)

(Zawgyi / Unicode)

ဒီလပိုင်းအတွင်း ထိုင်းနိုင်ငံမှာ အလုပ်ရုံတွေ ၆ ရုံထက်မနည်း ပိတ်ခဲ့တာကြောင့် အလုပ်လက်မဲ့ ဖြစ်သွားတဲ့ မြန်မာအလုပ်သမား ၃ ထောင်ဝန်းကျင် ဖြစ်လာနေပါတယ်။ မနေ့ကလည်း နကွန်ပထုန်ခရိုင်ထဲမှာ မြန်မာနဲ့ ထိုင်းအလုပ်သမား ၂၀၀ ကျော်ရှိတဲ့ နစ်ပွိုင့် ကုမ္ပဏီလီမိတက် (Knittpoint Co. Ltd) စက်ရုံ ထပ်ပြီး ပိတ်လိုက်ပါတယ်။ အခုလို အလုပ်ရပ်နားသွားတဲ့အခါမှာ တနှစ်ဆက်တိုက် အလုပ်လုပ်ထားရင် တလစာနှုန်းနဲ့ နစ်နာကြေးရရမှာဖြစ်ပေမယ့် မရကြတာကြောင့် နစ်နာကြေး ၂ လစာပေးဖို့ အလုပ်သမားတွေက ဆန္ဒပြ တောင်းဆိုနေကြတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ နကွန်ပထုန်ခရိုင်မှာ ထိုင်းနဲ့ မြန်မာအလုပ်သမား ၂၃၀ လောက်ရှိတဲ့ အထည်ချုပ်စက်ရုံတခု ပိတ်ပစ်လိုက်တာကြောင့် အလုပ်သမားတွေက နစ်နာကြေး ၂ လစာပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ မြန်မာရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေတဲ့ အေအေစီ မဟာမိတ်အဖွဲ့ရဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက အခုလိုပြောပါတယ်။

“နကွန်ပထုန်မှာ ဖြစ်တာပေါ့။ နကွန်ပထုန်မှာက ဝက်လုပ်ငန်းနဲ့ ရပ်တည်ကြတာ။ ဝက်သားလုပ်ငန်းတွေပေါ့။ ဒါပေမယ့် အခုလို အထည်ချုပ်စက်ရုံတွေလည်းရှိတယ်။ အဲဒီရုံတွေကလည်း ဆက်တိုက်ဆက်တိုက် ပိတ်လာတာ တွေ့ရတယ်။ မဟာချိုင်မှာ ပင်လယ်စာလုပ်ငန်းတွေမှာလည်း အဲဒီလိုအသံတွေ ကြားလာရတယ်။ အလုပ်သမားတွေက စက်ရုံပိတ်လို့ရှိရင် ထိုင်းနိုင်ငံမှာနေတဲ့ အလုပ်သမားတွေ အနေနဲ့ လုပ်သက်တနှစ်စာကို ရက်ပေါင်း ၃၀ စာ ပေးရမယ်။ ၂ နှစ်လုပ်ထားရင် ၂ လစာပေးရမယ်။ အဲဒီဟာတွေက ထိုင်းဘာသာနဲ့ တင်ထားတယ်။ တချို့ မြန်မာဘာသာနဲ့ တင်ထားတယ်။ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက တင်ထားတဲ့အတိုင်း သူတို့တောင်းဆိုတာပေါ့။ သူတို့အခွင့်ရေးကို တောင်းဆိုတာပေါ့။”

အခုလို စက်ရုံက ရုတ်တရက် ပိတ်ပစ်တယ်ဆိုရင် ထိုင်းဥပဒေအရ အလုပ်သမားတွေဘက်က နစ်နာကြေးတောင်းဆိုလို့ ရပေမယ့် အလုပ်ရှင်တွေဘက်ကတော့ ချက်ချင်း နစ်နာကြေးပေးတာမျိုးတွေတော့ မရှိသေးပါဘူး။ ဒီအတွက် အလုပ်သမားတွေက နေထိုင်စားသောက်ရေးတွေ အခက်အခဲတွေ ကြုံရပါတယ်။ အခုဆိုရင် ရုတ်တရက် ပိတ်ပစ်လိုက်တဲ့ စက်ရုံပေါင်း ၆ ရုံထက်မနည်း ရှိနေပြီလို့ဦးခိုင်ကြီးက ပြောပြပါတယ်။

“ကျနော်တို့ အလုပ်သမား သံအရာရှိတွေ သွားရှင်းတဲ့စက်ရုံ စူရတ်ဌာနီ၊ နကွန်ပထုန်၊ ဆူဖန်ဘူရီ၊ နွံထဘူရီက စက်ရုံတွေ အခုဆိုရင် ၆ ရုံရှိသွားပြီ။ ပိတ်တာ ၆ ရုံက အလုပ်သမား အများဆုံးက ၂၅၀၀ လောက်ရှိတာပေါ့။ ၃၀၀ လောက်ရှိတာတရုံ၊ ကျန်တဲ့ရုံတွေက ရာချီပြီးပိတ်တာ။ ကျနော်တို့အချက်အလက်က ၆ ရုံ တခြား ကျနော်တို့မသိတဲ့ ရုံတွေလည်း ရှိနိုင်သေးတာပေါ့။”

ထိုင်းနိုင်ငံမှာ အလုပ်တွေ အဆင်မပြေလို့ နေရပ်ပြန်မယ့် မြန်မာအလုပ်သမားတဦးကတော့ အခက်အခဲတွေ ရှိတဲ့အကြောင်း အခုလိုပြောပါတယ်။

“စားရေးသောက်ရေးကအစ အကုန်လုံး အခက်အခဲဖြစ်တယ်။ နေရေးထိုင်ရေးကအစ အကုန်လုံး အခက်အခဲဖြစ်တယ်။ ကိုယ့်တိုင်းပြည်မှာပဲ ပြန်ပြီးလုပ်ရတော့မှာပေါ့။”

ထိုင်းနိုင်ငံမှာ အခုဆိုရင် အထည်ချုပ်လုပ်ငန်းတွေ ရုတ်တရက် ပိတ်ပစ်လိုက်တာကြောင့် ဒီလပိုင်းတွေအတွင်း မြန်မာအလုပ်သမား ၃ ထောင်ထက်မနည်းဟာ အလုပ်လက်မဲ့ ဖြစ်ကြရပါတယ်။ တချို့လည်း နေရပ်ပြန်ဖို့ ပြင်ဆင်ကြသလို တချို့လည်း မြန်မာပြည်ကို မပြန်သေးဘဲ တခြားအလုပ်တွေကို ရှာဖွေလုပ်နေကြသူတွေလည်း ရှိပါတယ်။

ထိုင်းနိုင်ငံထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းထက်မနည်း ရှိနေပြီး အများစုကတော့ တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေကြသူတွေ များပါတယ်။

-------------------------------

(Unicode)











တိုက်ရိုက် လင့်ခ်


XS
SM
MD
LG