သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတွေရှိတဲ့ မဟာချိုင်ဒေသကို ထိုင်းဝန်ကြီးချုပ် ကွင်းဆင်းလေ့လာ


မဟာချိုင်ဒေသကို ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ကိုယ်တိုင် ကွင်းဆင်းလေ့လာ( Gen.Prayut Chan-o-cha ทีมงาน FB)
မဟာချိုင်ဒေသကို ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ကိုယ်တိုင် ကွင်းဆင်းလေ့လာ( Gen.Prayut Chan-o-cha ทีมงาน FB)

ထိုင်းနိုင်ငံမှာရေလုပ်ငန်းနဲ့ ရေထွက်ပစ္စည်းအများဆုံးထုတ်လုပ်တဲ့ ပြည်နယ်ဖြစ်တဲ့ ဆာမွတ်ဆာခွန်းခရိုင် မဟာချိုင်ဒေသကို မတ်လ၅ ရက်နေ့က ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင် ကွင်းဆင်းလေ့လာခဲ့ပြီး မြန်မာအလုပ်သမားတွေနဲ့ တွေဆုံခဲ့ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ အလုပ်သမားတွေကို ဥပဒေနဲ့ အညီ ကာကွယ်စောင့်ရှောက်မူ ပေးနေတဲ့အကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားသွား ခဲ့ပါတယ်။ ဒီအကြောင်း VOA ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ဆာမွန်ဆာခွန် ဒေသ မဟာချိုင်မြို့နယ်အတွင်းကို ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အိုချာကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး အလုပ်သမားရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ မြန်မာအလုပ်သမားတွေကိုတွေဆုံသွားခဲ့တာပါ။ ထိုင်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေး ကွန်ယက်ရဲ့ ဒုဥက္ကဌ ဦးအောင်ကျော်က အခုလို သုံးသပ်ပြပါတယ်။

"ဆာမွတ်ဆာခွန်းဒေသကိုလာတယ်ဆိုတာက ထိုင်းနိုင်ငံမှာရှိတဲ့ခရိုင် ၇၇ခုထဲမှာ ထိုင်းနိုင်ငံကရေထွက်ပစ္စည်းတွေ အစားအသောက်တွေကို ပြည်ပနိုင်ငံကိုအဓိက တင်ပို့တာဆိုတော့ ပြည်ပကိုပြတာ ပဲ။ ရေလုပ်သားအရေးနဲ့ ပတ်သက်လို့ ပြဿနာတွေကအများကြီး ပင်လယ်ရေထွက်ပစ္စည်းတွေ လုပ်နေတဲ့စက်ရုံတွေမှာလည်း ပြဿနာတွေကအများကြီး။ အဲဒါတွေကို စနစ်တကျကွင်းဆင်းလေ့လာပြီး မှ အနာဂတ်ကိုကောင်းအောင်လုပ်မယ် ဆိုတာကိုပြတာပါပဲ။ အဓိက ကတော့ ထိုင်းနိုင်ငံပြုပြင်ပြောင်းလဲမူတွေ လုပ်နေပြီ ၊ ဥပဒေနဲ့ အညီကာကွယ်စောင့်ရှောက်မူတွေပေးနေပြီ။ ကာကွယ်စောင့်ရှောက်မူပေးမယ်ပေါ့ဗျာ"

ထိုင်းနိုင်ငံဟာ ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်သားတွေကိုကျွန်တွေသဖွယ် ခိုင်းစေတယ် ရေထွက်ပစ္စည်းစက်ရုံတွေမှာလည်း ကလေးလုပ်သားတွေခိုင်းစေတယ်ဆိုပြီး အီးယူ ဥရောပအပါအဝင်နိုင်ငံတကာရဲ့ ဝေဖန်မူတွေကို ခံနေရပြီး လူကုန်ကူးမူတွေ အဆိုးဆုံးဖြစ်နေတယ်လို့ သတ်မှတ်ခံခဲ့ရတာပါ။ ဒီအတွက် ထိုင်းအစိုးရက လူကုန်ကူးမူတွေကို ဖမ်းဆီးမူတွေလုပ်လာခဲ့ပြီး အလုပ်သမားတွေအားလုံးကို တရားဝင်မှတ်ပုံတင်နိုင်ဖို့ အတွက်ခွင့်ပြုပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ ဆိုးဝါးတဲ့အခြေအနေတွေကို တဖြည်းဖြည်း ထိန်းချုပ်မူတွေလုပ်လာနိုင်ခဲ့တယ် လို့ဆိုပါတယ်။

"Human Trafficking လို့ခေါ်တဲ့ လူကုန်ကူးမူ ပြဿနာ နောက် child laborလို့ခေါ်တဲ့ ကလေးလုပ်သားပြဿနာ force labor လို့ ခေါ်တဲ့ အတင်းအကြပ် အလုပ်ခိုင်းစေတဲ့ပြဿနာတွေကို ဒဏ်ခတ်တာမို့ဆိုးဝါးတဲ့အခြေအနေကနေ တဖြည်းဖြည်းလျော့ပါးလာတာကိုတွေ့ရတယ်"

မြန်မာအလုပ်သမားတွေနဲ့ တွေဆုံချိန်မှာတော့ လုပ်အားခတိုးပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ တနေ့ လုပ်အားခဘယ်လောက်ရသလဲ ဆိုတာကိုမေးခွန်းထုတ်ခဲ့ပြီး ထိုင်းနိုင်ငံမှာတော့ တနေ့ လုပ်အားခ ဘတ်၃၀၀ကျော် မြန်မာငွေနဲ့ ဆို ကျပ်ငွေ ၁၂၀၀၀ကျော်ရတယ် မဟုတ်လားဆိုပြီး ပြန်လည်မေးခွန်း ထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ လုပ်အားခတိုးပေးဖို့ ကိစ္စကို သူအနေနဲ့ သဘောတူတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ကလည်း ထိုင်းနိုင်ငံရဲ့ တရားဥပဒေကိုလေးစားလိုက်နာဖို့နဲ့ ထိုင်းနိုင်ငံကို ချစ်မြတ်နိုးကြပါလို့ မှာကြားသွားပါတယ်။

မြန်မာနိုင်ငံကတော့ ပြီးခဲ့တဲ့ရက်ကပဲ အနှိမ့်ဆုံးလုပ်အားအဖြစ် တနေ့ကို ကျပ်ငွေ ၄၈၀၀ သတ်မှတ်ပေးခဲ့ပြီး ထိုင်းဘတ်ငွေနဲ့ဆိုရင်တော့ ဘတ်ငွေ ၁၂၀ ဝန်းကျင်ရရှိမှာဖြစ်ပါတယ်။ ဒီအတွက် လုပ်အားခလစာနည်းပါးတာ ဝင်ငွေထွက်ငွေမမျှတာ အလုပ်အကိုင် အခွင့်အလန်းတွေ မရှိတာတွေကြောင့် ထိုင်းနိုင်ငံထဲကို နေစဉ် မဲဆောက်၊ မြဝတီနယ်စပ်ချစ်ကြည်ရေး တံတားပေါ်ကနေ ထောင်ဂဏန်းရှိတဲ့ အလုပ်သမားတွေ ဝင်ရောက်လာနေဆဲဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ကတော့ ထိုင်းနိုင်ငံအတွင်းမှာအိမ်နီးခြင်း နိုင်ငံတွေက လာရောက်လုပ်ကိုင် နေသူ ၇၀၀၀၀၀ ကျော်ကို တရာဝင် မှတ်ပုံတင်တဲ့ အခြေအနေက နှေးကွေးနေတာမို့အမြန်ဆုံး အဆုံးသတ်ဖို့ သူအစိုးရ တာဝန်ရှိသူတွေ ကိုပြောဆိုသွားပါတယ်။ ထိုင်အစိုးရ သတ်မှတ်ထားချိန် အတိုင်းစာရင်းမပေးသွင်းတဲ့ သူတွေအလုပ်လုပ်ခွင့်မှတ်ပုံမတင် သူတွေကိုတော့ ဖမ်းဆီးသွားမယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ဆာမွတ်ဆာခွန်းဒေသကိုကွင်းဆင်းလေ့လာမူလုပ်စဉ်မှာ သတိပေးသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG