သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောင်မြို့နယ် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၆ ဦး သေဆုံး တဒါဇင်ထက်မနည်းဒဏ်ရာရ


စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ဇရပ်ကုန်းကျေးရွာကို စစ်တပ်ဘက်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်အပြီးတွေ့ရစဉ် (အောက်တိုဘာ ၂၃၊ ၂၀၂၄)
စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ဇရပ်ကုန်းကျေးရွာကို စစ်တပ်ဘက်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်အပြီးတွေ့ရစဉ် (အောက်တိုဘာ ၂၃၊ ၂၀၂၄)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်းကနေ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်လို့ ၆ ဦး သေဆုံးပြီး တဒါဇင်ထက်မနည်း ဒဏ်ရာရရှိခဲ့သလို နေအိမ်တွေ ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာကို စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက စစ်ရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ငါးမြောင်တောင်ကျေးရွာနဲ့ ဇရပ်ကုန်းကျေးရွာတို့ကို အောက်တိုဘာ ၂၃ ရက် ညနေပိုင်းမှာ စစ်တပ်ဘက်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်တာကြောင့် ဇရပ်ကုန်းကျေးရွာက အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ကျေးရွာတွေမှာ တိုက်ပွဲဖြစ်တာမရှိသလို ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ စခန်းတွေမရှိဘဲ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ညက တိုက်ခိုက်မှုမှာ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို နောက်ထပ် ဆေးရုံမှာ သေဆုံးသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

"မြောင်မြို့နယ် ငါးမြောင်တောင်ကျေးရွာမှာ ဗုံး ၂ လုံး ဖြုတ်ချလိုက်တယ်ပေါ့။ အဲ့ဒါတော့ ကျွန်တော်မြင်လိုက်တယ်။ ရွာဝင်တဲ့လမ်းပေါ် တလုံးကျတယ်။ နှမ်းခင်းထဲမှာ တလုံးကျတယ်။ ငါးမြောင်တောင်က ရွာထဲမကျဘဲ ရွာ့အပြင်ဘက်ကျတော့ လူသေဆုံးမှုမရှိဘူး။ ၁၀ မိနစ်အတွင်းမှာပဲ နောက်ထပ် လေယာဉ်တစီးရောက်လာပြီးတော့ မြောင်မြို့နယ် ဇရပ်ကုန်းရွာရဲ့ အရှေ့ဖျားပေါ့။ ဗုံး ၂ လုံးထပ်ကျတယ်။ ဇရပ်ကုန်းထဲမှာက ရွာထဲမှာကျတော့ နေရာမှာတင်ကို တွေ့ရှိရတာက အသက် ၈၀ အရွယ် အဖွားတဦးရယ်အသက် ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦးရယ် သေဆုံးတယ်။ အဲ့မှာ ညတွင်းချင်း ထိခိုက်ဒဏ်ရာ ရတဲ့သူတွေကို ဆေးရုံဆေးခန်းတွေပို့ပေးတယ်။ ညမှာတင်ဆေးရုံပို့တဲ့ထဲက ၃ ဦး ထပ်မံပြီး သေဆုံးတဲ့အတွက် အားလုံးပေါင်း အခုချိန်ထိ ၆ ဦးသေဆုံးပြီလို့ သိရတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့သူကတော့ ၁၃ ဦးလောက်ရှိတယ်။ တိုက်ပွဲလည်းမရှိဘူး ကာကွယ်ရေး တပ်စခန်းတွေလည်းမရှိဘူး။ စစ်ကြောင်းလည်းမရှိဘူး ဘာမှ မရှိတဲ့နေရာပေါ့။"

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ဇရပ်ကုန်းကျေးရွာကို စစ်တပ်ဘက်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်အပြီးတွေ့ရစဉ် (အောက်တိုဘာ ၂၃၊ ၂၀၂၄)
စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ဇရပ်ကုန်းကျေးရွာကို စစ်တပ်ဘက်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်အပြီးတွေ့ရစဉ် (အောက်တိုဘာ ၂၃၊ ၂၀၂၄)

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေ ထပ်တိုးလာပြီး လက်ရှိအချိန်ထိ ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးအထိ ရှိသလို နေအိမ် ၂၁ လုံးလည်း ပျက်စီးဆုံးရှုံးပြီး အိမ်မွေးတိရစ္ဆာန်တွေလည်း သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ထပ် လေကြောင်းတိုက်ခိုက်တာတွေ ရှိလာနိုင်တဲ့အတွက် ငါးမြောင်တောင်ကျေးရွာနဲ့ ဇရပ်ကုန်းကျေးရွာက ဒေသခံတွေ ကျေးရွာထဲမှာမနေတော့ဘဲ ဘေးလွတ်ရာ တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။

မြောင်မြို့နယ်နဲ့ ကပ်ရက်မှာရှိတဲ့ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာလည်း စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါတယ်။ နယ်မြေရှင်းလင်းရေးအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ငါန်းမြာကြီးကျေးရွာကို စစ်တပ်ဘက်က ပြန်လည် ထိန်းချုပ်တပ်စွဲလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငါန်းဇွန်မြို့နယ် စစ်တပ်နယ်မြေ ရှင်းလင်းနေတဲ့အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦး ပြောတာကတော့

"ငါန်းမြာကြီးအခြေအနေက လောလောဆယ် သူတို့ထိန်းချုပ်ထားတာ။ ၂၁ ရက်နေ့က ရွာထဲမှာ အထိုင်ချနေတာ။ တိုက်ပွဲတွေက အခုလောလောဆယ် ငြိမ်းသွားတယ်။ တိုက်ပွဲတွေက ဒီဘက်က တခါတလေသွားသွားပြီးတော့ လုပ်တာရှိပေမယ့် လောလောဆယ် သူတို့ စိုးမိုးသွားပြီပေါ့ဗျာ။"

ငါန်းမြာကြီးကျေးရွာကို ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်က ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်သိမ်းပိုက်ခံရပြီး နောက်ရက်တွေမှာ စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။

ဒီလေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ စစ်ကိုင်း၊ မကွေး၊ မန္တလေးစတဲ့ဒေသတွေရဲ့ နယ်မြေရှင်းလင်းတဲ့စစ်ဆင်ရေးတွေက ဒေသခံကာကွယ်ရေးတပ်တွေရှိတဲ့ဒေသတွေကို ချေမှုန်းတိုက်ခိုက်တာသာဖြစ်တယ်ဆိုတာကို စစ်ကောင်စီက ခုခံပြောဆိုလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG