သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်က ရဲတပ်ရင်းနဲ့ ရဲကင်း KIA ဝင်တိုက်


KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့ဝင်များ။ (မတ် ၁၇၊ ၂၀၁၈)
KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့ဝင်များ။ (မတ် ၁၇၊ ၂၀၁၈)

[Zawgyi/Unicode]

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ ဒီကနေ့ မနက် အစောပိုင်းရဲတပ်ရင်းနဲ့ ရဲကင်းစခန်း ၂ နေရာကို KIA ကချင်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်တာတွေ ရှိခဲ့ပြီး နေ့ခင်းပိုင်းမှာလည်း ပေါက်ကွဲမှု တစ်ခုဖြစ်တဲ့အကြောင်း ရန်ကုန်ကရတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်ကပြောပြပါမယ်။

ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ်က တပ်မတော် တပ်စခန်းတွေနဲ့ ပြည်သူ့စစ်စခန်းတွေကို KIA က တိုက်ခိုက်တာတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့တဲ့နောက် ဒီကနေ့မှာလည်း ဖားကန့်မြို့နယ်အတွင်းမှာလည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ဒီကနေ့မနက်အစောပိုင်းက ဖားကန့်မြို့နယ်တွင်း တိုက်ခိုက်မှုအခြေအနေကို ဒေသခံတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“မနေ့ညက ၂ နာရီကျော်လောက်လေ... မော်လကင်ရဲကင်းလေ၊ အဲဒီမှာ ရဲကင်း ရဲစခန်းရှိတယ်။ အဲဒီမှာ ဘယ်သူ၊ ဘယ်ဝါမှန်းမသိဘူး။ အဲဒါ လာပစ်သွားတာတော့ ရှိတယ်... မနေ့ညက။ နာရီဝက်လောက် ပစ်သွားတယ်။ လက်နက်ကြီးလည်း ပါတယ်ကြားတယ်။ မနေ့ကပဲ အဲဒီ စိန်လုံကုမ္ပဏီမှာ စောင့်တဲ့ရဲကင်းတွေ ရှိတယ်လေ။ အဲဒီမှာလည်း လာတိုက်တယ်လို့တော့ ကြားတာပဲ။ တပြိုင်တည်းလိုဖြစ်တယ်။ ဒီနေ့ နေ့လယ်ပိုင်းက ဆိုင်းတောင် ယူမာနားမှာ။ ဖားကန့်ကနေလာတဲ့အခါ ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်နားမှာလေ.. မိုင်းကွဲသံ ကြားတယ်။ နေ့လယ်ပိုင်းကလေ။ အထိအခိုက်တော့ ဘာမှ မကြားဘူး။ အဲဒီပေါက်ကွဲမှုဖြစ်တော့ တပ်က လာသွားတာပေါ့။ လမ်းတွေ၊ ဘာတွေ ပိတ်လိုက်တယ်။”

အခြားဖားကန့်ဒေသခံတစ်ဦးကတော့ ဒီကနေ့ မနက် ၁ နာရီကျော်ကျော်လောက်က ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအနီးက နမ့်မှော်ရဲတပ်ရင်းကို KIA က လက်နက်ကြီးနဲ့ လာပစ်ခတ်ခဲ့သလို အရပ်သားတစ်ဦး ထိခိုက်ခဲ့ကြောင်း ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်း ပစ်ခတ်မှုနဲ့ပတ်သက်ပြီး KIA က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကို မေးမြန်းရာမှာတော့-

“ကျနော်တို့ အောက်ခြေက ကြားတာကတော့ အဲဒီ ရဲစခန်းတွေကို သူတို့ လက်ထောက်နဲ့ လှမ်းပစ်တဲ့ အနေအထားလောက်ပဲ သူတို့က တင်ပြလာတာ ရှိပါတယ်။ တကယ့်တပ်အကြီးတွေပေ့ါ။ စခန်းသိမ်းတိုက်ပွဲကြီးလောက် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်တယ်လို့တော့ သူတို့ မပြောပါဘူး။ အဲဒီလောက်တော့ သူတို့လည်း တင်ပြတာ မရှိသေးပါဘူး။”

လက်ထောက်ဆိုတာကတော့ 40M ဗုံးပစ်လောင်ချာ လက်နက်ငယ်ကို ဆိုလိုတာဖြစ်ပါတယ်။

ဖားကန့်ဒေသဟာ KIA တပ်မဟာ ၉ က အခြေစိုက်လှုပ်ရှားနေတာဖြစ်ပြီး ဒီဒေသအတွင်းက စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အဦးတွေမှာ တပ်မတော်က စခန်းချတာမျိုးလက်မခံဖို့နဲ့ အရပ်သုံးမော်တော်ယာဉ်တွေ အနေနဲ့လည်း တပ်မတော်ရဲ့ ရိက္ခာနဲ့ စစ်လက်နက် ခဲယမ်းတွေ သယ်ဆောင်မပေးဖို့၊ မိုးကာအုပ် သွားလာတာမျိုး မလုပ်ဖို့ကို တပ်မဟာ ၉ က သတိပေးတဲ့စာတွေလည်း ပျံ့နှံ့နေပါတယ်။

ဗိုလ်မှုးကြီးနော်ဘူက ဒီစာထုတ်ပြန်တာကို သူမသိကြောင်းနဲ့ ဒါဟာ ရှေ့တန်းတပ်မှူးတွေက ထုတ်ပြန်တာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

“ကျနော်တို့ ဗဟိုကနေ ထုတ်တာတော့ မဟုတ်ဘူး။ သူတို့ လက်တွေ့အခြေအနေကို ကြည့်ပြီးမှ အသိပေးတာတွေ၊ ထုတ်ပြန်ကြေညာချက်ထုတ်တာတွေ ဖြစ်ပါလိမ့်မယ်။ ဒီတပ်မတော်တွေကလည်း အရပ်ဘက်ယာဉ်ထဲမှာ ပါပြီးမှ တက်လာတာတွေ ခဏ ခဏ တွေ့ရတယ်။ နောက် ပြည်သူလူထုရှိတဲ့ ဘုရားကျောင်းတို့၊ စာသင်ကျောင်းတို့ အဲဒီမှာ တပ်မတော်တွေလည်း ဝင်ပြီးမှ နေရာယူတာတွေလည်း ခဏခဏ တွေ့နေတယ်။ အဲဒါကြောင့် ပြည်သူလူထု ထိခိုက်ဒဏ်ရာရရှိမှု နည်းအောင်ပေါ့... အဲဒါ ကြိုတင်ပြီးမှ သတိပေးတာနေမှာပါ။ ”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ မြစ်ဆုံအထက်ပိုင်း အင်ဂျန်းယန်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်တွေမှာ တပ်မတော်တပ်စခန်းတွေကို KIA က ဝင်ရောက်တိုက်ခိုက်တာ အနည်းဆုံး ၄ နေရာလောက်ဖြစ်ပွားခဲ့ပြီး အင်ဂျန်ယန်မြို့နယ်အတွင်းဖြစ်တဲ့ တိုက်ပွဲမှာတော့ ဒေသခံ ၂၀၀ လောက်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

KIA ဘက်ကတော့ ဒီတိုက်ပွဲတွေဟာ ဗဟိုရဲ့ ညွှန်ကြားချက်နဲ့ တိုက်တာမဟုတ်ကြောင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ဘက်မှာ တပ်မတော်က ထိုးစစ်ဆင်တာကြောင့် သက်ဆိုင်ရာ တပ်မှူးတွေက တိုက်ခိုက်တာဖြစ်နိုင်ကြောင်း တုံ့ပြန်ထားပါတယ်။

KIA အဖွဲ့ဟာ အစိုးရနဲ့ နှစ်ဘက်အပစ်ရပ်စာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးနေတဲ့အဖွဲ့ဖြစ်ပြီး ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၈ ခုနှစ်လောက်ကစပြီး တိုက်ပွဲကြီးတွေ မဖြစ်ပွားဘဲ ငြိမ်သက်နေခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG