သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းရေး ဝင်မစွက်ဖို့ တပ်ချုပ်သတိပေး


ဧရာဝတီတိုင်းဒေသကြီးမှာ ပြုလုပ်နေတဲ့ မြန်မာစစ်ရေးလေ့ကျင့်ပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်လာစဉ်- ဖေဖေါ်ဝါရီလ ၃၊ ၂၀၁၈ ခုနှစ်(REUTERS/Lynn Bo Bo/Pool/File Photo)
ဧရာဝတီတိုင်းဒေသကြီးမှာ ပြုလုပ်နေတဲ့ မြန်မာစစ်ရေးလေ့ကျင့်ပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်လာစဉ်- ဖေဖေါ်ဝါရီလ ၃၊ ၂၀၁၈ ခုနှစ်(REUTERS/Lynn Bo Bo/Pool/File Photo)

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ အချုပ်အခြာအာဏာကို စွက်ဖက်တဲ့အခြေအနေအပေါ် လက်ခံမှာမဟုတ်ဘူးလို့ စစ်တပ်ပိုင် မြဝတီသတင်းစာမှာဖော်ပြတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မိန့်ခွန်းထဲမှာ ပါရှိပါတယ်။ ဒီအပေါ် မြန်မာ့အရေးလေ့လာသူတဦးနဲ့ သုံးသပ်မေးမြန်းထားတာကို ကိုသားညွန့်ဦးက ပြောပြပေးပါမယ်။

မြန်မာ့တပ်မတော်ကို နိုင်ငံရေးကနေဖယ်ထုတ်ပြီး၊ အရပ်ဖက် အုပ်ချုပ်ရေးအောက်မှာထားဖို့ ကုလသမဂ္ဂ စုံစမ်းရေးအစီရင်ခံစာ ပြီးခဲ့တဲ့အပတ်က ပေါ်ထွက်ခဲ့တာကြောင့်၊ ဒါဟာ ကုလသမဂ္ဂကို တုန့်ပြန်ပြောဆိုတဲ့သဘော သက်ရောက်နေပါတယ်။ မြန်မာနိုင်ငံ အနောက်ဖက်ခြမ်းမှာ ရိုဟင်ဂျာမွတ်ဆလင်တွေကို အစုအပြုံလိုက် ဖယ်ရှားမှုနဲ့ပတ်သက်လို့၊ မြန်မာ စစ်တပ်တာဝန်ရှိသူတွေကို ICC နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးကိုတင်ဖို့လည်း ကုလသမဂ္ဂမှာ ကြိုးပမ်းနေကြပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်ပေမယ့်လို့ နိုင်ငံတနိုင်ချင်းရဲ့ စံတန်ဖိုးတွေ မတူတဲ့အပေါ် ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့တာပါ။ မြန်မာ့အရေးလေ့လာသူတဦးဖြစ်တဲ့ ဒေါက်တာခင်ဇော်ဝင်းကတော့ စစ်ခေါင်းဆောင်တွေ အစဉ်အဆက် ဒီလို ရပ်တည်ပြောဆိုနေတာတွေကို ရပ်သင့်ပြီး၊ နိုင်ငံတကာနဲ့ ပူးပေါင်းအဖြေရှာသင့်တယ်လို့ မြင်ပါတယ်။

“ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ အဖွဲ့ဝင် နိုင်ငံတခု ဖြစ်နေတယ်။ အဲဒီက စံနှုန်းတွေကိုလည်း ပြောမယ်ဆိုရင် လစ်လျူရှုလို့ မရဘူး။ ကိုယ်တခုခု ကျူးလွန်ပြီးခါမှ ဒါက ပြည်တွင်းရေးဘဲ ကုလသမဂ္ဂ ချိုးဖောက်ပိုင်ခွင့် မရှိဘူး ဆိုတာကတော့ သိပ် သဘာ၀ မကျဘူး။ ဒီအဖွဲ့ကြီးကို ဝင်ထားမယ်ဆိုရင် ဒီအဖွဲ့ကြီးရဲ့ စံနှုန်းတွေနဲ့ နေရဦးမှာဘဲ။ အရင်တုန်းက ဖြစ်တာတွေထက် အခုဟာက ဆိုးတယ်လို့ ယူဆထားတယ်။ ဒီဥစ္စာကို ငါတို့ ပြည်တွင်းရေးဘဲ ဆိုပြီးတော့ ပြောတာကတော့ လုံး၀ လုံး၀ ကို သဘာ၀ မကျပါဘူးခင်ဗျ။ ”

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့။ တချက်က သူပြောတာက ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ကုလသမဂ္ဂ သဘောတူညီချက်တွေကို သူတို့ အနေနဲ့ လိုက်နာ ဆောင်ရွက်တယ်။ ဒါပေမယ်လို့လည်း နိုင်ငံ တနိုင်ငံနဲ့ တနိုင်ငံ စံနှုန်း စံထားတွေ မတူဘူးပေါ့နော်။ မတူတဲ့ အခြေအနေတွေ အပေါ်မှာ ဝင်ပြီး ပြောဆိုတယ် ဆိုရင်တော့ ဒါ ပြည်တွင်းရေး စွက်ဖက်တယ်ဆိုတဲ့ သဘောမျိုး ပြောပါတယ်။ အဲဒီတော့ သူကတော့ နိုင်ငံတွေရဲ့ စံနှုန်း စံထားတွေနဲ့ တိုင်းပြီးတော့ ပြောပါတယ်။

ဒေါက်တာ ခင်ဇော်ဝင်း။ ။ ဒီနှစ်ဆိုလို့ ရှိရင် လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အနှစ် ၇၀ လည်း ပြည့်တယ်လေ။ ဒီဟာတွေက ပြောမယ်ဆိုရင် အရင်တုန်းက စကာၤပူလို နိုင်ငံလေးတွေကလည်း ပြောနေကြတာပါဘဲ အာရှစံနှုန်းတို့ ဘာတို့ပေါ့။ ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းရေးပေါ့လေ အချုပ်အချာ အာဏာ ပိုင်ရေး ဘာညာပေါ့။ သို့သော် ကုလသမဂ္ဂ လွန်ခဲ့တဲ့ အနှစ် ၇၀ ကျော်က ဖွဲ့ခဲ့ ကတည်းကကို နိုင်ငံတိုင်းကကို သတ်မှတ်ထားတဲ့ စံနှုန်းတခုကိုတော့ လိုက်နာရမယ်ဆိုတာကို သူ့အနေနဲ့ သဘောတူညီထားတာဘဲ။

အခုကျတော့မှ ငါတို့က တမျိုး၊ သူတို့က တမျိုး ဆိုလို့ ရှိရင်တော့ မရဘူးနော်။ အခုလို ရှောင်ထွက်လို့ မရဘူး။ ကုလသမဂ္ဂက နိုင်ငံပေါင်း ၂၀၀ ကျော် ရှိနေပြီ။ မနက်ဖြန် သဘက်ခါ ဆိုရင် အထွေထွေ ညီလာခံ လာတော့မယ်။ အဲဒီ အခါကျတော့ ရင်ဆိုင်ဦးလေနော်။ အဲဒီ အခါကျတော့မှ ကျနော်တို့က တမျိုး တကမ္ဘာလုံးက တမျိုးလို့တော့ ပြောလို့ မရဘူး။

သိန်းနဲ့ချီ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်စီစစ်လက်ခံရေးအတွက် မြန်မာအစိုးရအနေနဲ့ သဘောတူထားပြီးဖြစ်ပါတယ်။ ဒီအထဲမှာ ဒီလူတွေကို နိုင်ငံသားအဖြစ် စီစစ်လက်ခံဖို့ဆိုတာလည်း ပါဝင်ပါတယ်။ ကိုဖီအာနန်ကော်မရှင်လို့ သိကြတဲ့ ရခိုင်မြောက်ပိုင်းပဋိပက္ခ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာတော့ ဒီလူတွေကို နိုင်ငံသားအဖြစ် စီစစ်လက်ခံဖို့ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်လည်စီစစ်ပြင်ဆင်ဖို့ တိုက်တွန်းထားပြီး၊ အကြံပေးအစီရင်ခံစာကို အစိုးရဖက်က အကောင်အထည်ဖော်မယ်လို့ နိုင်ငံတကာကို ကတိပြုထားပါတယ်။

ဒါပေမယ့်လည်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ ဒီ မိန့်ခွန်းထဲမှာတော့ နိုင်ငံသားစီစစ်မှုမှာ ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်းပဲ ဖြစ်ရမယ်လို့ ဆိုထားတာကြောင့်၊ ပြန်ဝင်လာမယ့် ရိုဟင်ဂျာတွေ နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်မှာ တစုံတရာ ပြဿနာတွေရှိနိုင်တယ်လို့လည်း ယူဆကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG