[Zawgyi/Unicode]
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်း ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း ဒီကနေ့အထိဆို ၇၀၀ ကျော်သွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရအဖွဲ့ ဝန်ကြီးချုပ်တွေ အရပ်ဘက်အဖွဲ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးထိန်းသိမ်းထားတာရှိပြီး တချို့ဆိုရင် ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းခံထားရမှန်းတောင်မသိတဲ့ အန္တရာယ်ရှိတဲ့အနေအထားဖြစ်တယ်လို့လည်း AAPP ကပြောပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မြန်မာနိုင်ငံတွင်းက နောက်ဆုံးအခြေအနေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုဘိုကြည်။ ။ ကျနော်တို့ စာရင်းတွေ နာမည်တွေနဲ့ စာရင်းရထားတာက ၆၅၀ လောက်ရှိတယ်။ အဲ့သလိုပဲ စာရင်းမရသေးတာရှိတယ်။ ဥပမာ မန္တလေးထောင်မှာဆိုရင် အဲ့ဒီ့မှာ လူငယ်သင်တန်းကျောင်းမှာ ၈၃ ယောက် ဖမ်းထားတာရှိတယ်။ သူတို့ရဲ့ နာမည်အတိအကျကို ကျနော်တို့ မသိရသေးဘူး။ အဲ့ဒီနာမည်တွေပါ ထည့်ပေါင်းလိုက်ရင်တော့ ၇၀၀ ကျော်လောက်ရှိသွားပါပြီ။
မဆုမွန်။ ။ အဲ့ဒီ့တော့ ဖမ်းဆီးထိန်းသိမ်းခံရသူအများစုက ဘယ်သူတွေက အများစုအဖမ်းခံရလဲ။ နောက် ပြည်နယ်နဲ့တိုင်း အများစုမှာ ဘယ်တိုင်းပြည်နယ်တွေက အများဆုံး အဖမ်းခံနေရတာတွေတွေ့ရလဲရှင့်။
ကိုဘိုကြည်။ ။ အစိုးရအဖွဲ့ဝင်တွေ လွှတ်တော်အမတ်တွေကတော့ ရှင်းတယ်ပေါ့နော်။ ကျန်တာတွေကတော့ သပိတ်မှောက်ရင်းနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတာတွေရှိတယ်။ မန္တလေးမှာဆို ဖမ်းထားတာ ၈၃ ယောက်ရှိတယ်။ ကျန်တဲ့ တခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း ဖမ်းဆီးတာတွေရှိတယ်။ မြစ်ကြီးနားဆိုလည်း ဖမ်းတာရှိတယ်။ တခြားပဲခူးတိုင်းဘက်မှာလည်း ဖမ်းခံထားရတာတွေရှိပါတယ်။
မဆုမွန်။ ။ အဖမ်းခံထားရသူတွေထဲက တချို့ပြန်လွတ်လာတာရှိတယ်။ တချို့ကျတော့လည်း ဖမ်းဆီးခံထားရရင်းနဲ့ ပုဒ်မတပ်ပြီးတော့ တရားရုံးထုတ်စစ်ဆေးနေတာတွေရှိတယ်။ အဲ့ဒီ့နောက်ဆုံးအခြေအနေကရော ဘယ်လိုများရှိပါသလဲရှင့်။
ကိုဘိုကြည်။ ။ အခုက အစိုးရအဖွဲ့ထဲကတချို့ကို ရုံးထုတ်နေတာတွေရှိတယ်။ ထောင်ထဲမှာပဲ ဆက်ထားနေတာတွေရှိတယ်။ တချို့ကျတော့လည်း ဘယ်ကိုရောက်နေမှန်းကို မသိတာတွေရှိပါတယ်။ ဥပမာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆိုရင် ဘယ်နေရာမှာထားမှန်းကိုမသိသေးဘူး။ နောက် ကိုမြအေးတို့၊ စောဖိုးခွားတို့၊ မင်းသွေးသစ်တို့ဆိုရင်လည်း ဒီလူတွေကို ဘယ်နေရာမှာ ထားမှန်းကိုမသိသေးတဲ့အခြေအနေအထိကို ရှိနေပါတယ်။
နောက် တရားစီရင်ရေးကလည်း တကယ့်ကို ပွင့်လင်းမြင်သာမှု ရှိနေတာ မဟုတ်ပါဘူး။ ဒါတွေက ဥပဒေအရ ဖမ်းဆီးထိန်းသိမ်းထားပါတယ်လို့ကို ယုံကြည်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အုပ်စုကိုယ်တိုင်က မတရားသဖြင့် အာဏာသိမ်းထားတာဖြစ်တဲ့အတွက် အခုဖမ်းထားတာက မတရားသဖြင့် ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။
မဆုမွန်။ ။ အခုစစ်အာဏာသိမ်းတဲ့အချိန်ကစပြီး စစ်ကောင်စီအနေနဲ့ ဥပဒေကြောင်းအရ ဆောင်ရွက်နေပါတယ်ဆိုပြီး တောက်လျှောက်ပေါ့နော်... နိုင်ငံကိုရော နိုင်ငံတကာကိုရောပြောနေတာတွေရှိပါတယ်။ ဆိုတော့ ဒီလိုထိန်းသိမ်းခံထားရတဲ့ ဥပဒေကြောင်းအရ ဆောင်ရွက်ပေးဖို့ အေအေပီပီအနေနဲ့ ဘာများတိုက်တွန်းချင်တာရှိပါလဲရှင့်။
ကိုဘိုကြည်။ ။ ကျနော်တို့ကတော့ ဥပဒေမဲ့အာဏာသိမ်းထားတဲ့ စစ်အုပ်စုကို ဥပဒေနဲ့ဆောင်ရွက်ပေးပါလို့ သွားပြောဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒီလူတွေကိုချက်ခြင်း လွှတ်ပေးဖို့ကိုပဲ ပြောလို့ရမယ်။ နောက်တခုက ဒီလိုလူတွေကို ဖမ်းရုံ၊ လူတွေကို သတ်ရုံနဲ့တော့ ပြဿနာတွေကပြောလည်သွားမှာလည်း မဟုတ်ပါဘူး။ ဒါကိုတော့ အသေအချာသိထားဖို့လိုပါတယ်။ သူတို့ဘက်က ၁၉၆၂ မှာ၊ ၁၉၈၈ မှာ၊ ၂၀၀၇ မှာ သတ်ခဲ့တယ်၊ ဖမ်းဆီးခဲ့တယ်။ ဒါပေမဲ့ ဒီပြဿနာတွေက ပြေလည်သွားခဲ့တာ မဟုတ်ပါဘူး။ အခုလည်းပြေလည်သွားမှာ မဟုတ်ပါဘူး။
မဆုမွန်။ ။ အဲ့ဒီ့တော့ဖမ်းဆီးခံတွေ တရားမျှတမှု ရဖို့ကို အကောင်းဆုံး ဘယ်လိုများလုပ်ပေးနိုင်မယ်လို့ အေအေပီပီအနေနဲ့ တိုက်တွန်းချင်တာရှိပါလဲရှင့်။
ကိုဘိုကြည်။ ။ အခုပြည်သူတွေက လှုပ်ရှားနေတာကို ဆက်လုပ်ဖို့လိုတယ် နောက် နိုင်ငံတကာဘက်ကလည်း ဒီ့ထက်ပြင်းထန်ထိရောက်တဲ့ ဖိအားပေးမှုတွေ တကယ့်ကိုလက်တွေ့ကျတဲ့ ဖိအားပေးမှုတွေ ဆက်လက်ဆောင်ရွက်ဖို့လိုတယ်။ အဲ့ဒီသလိုဆောင်ရွက်တယ်ဆိုရင် သူတို့ရဲ့စဉ်းစားတွေးခေါ်မှုတွေပြောင်းလာနိုင်တယ်။ ပြောင်းလာတယ်ဆိုရင် ဖမ်းဆီးခံတွေ လွတ်တယ်ဆိုတဲ့အဆင့်၊ အရပ်သားတွေဦးဆောင်တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို အကောင်အထည်ဖော်နိုင်တဲ့အဆင့်ကို ရောက်မှာပါ။ ကျနော်တို့ဘက်က တိုက်ပွဲဝင်မှု မရှိဘဲနဲ့တော့ ကျနော်တို့ရဲ့တောင်းဆိုချက်တွေကို သူတို့ဘက်က စဉ်းစားမှာ မဟုတ်ပါဘူး။ သူတို့စဉ်းစားလာတဲ့အထိကို ကျနော်တို့က တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။
မဆုမွန်။ ။ အခုဆိုရင် ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတာတွေ ရှိတယ် တချို့ဆိုရင်တော့ လူသိများတဲ့သူဆိုရင် သူတို့ ထိန်းသိမ်းခံလိုက်ရတာကို ချက်ခြင်းကို သိနိုင်တာရှိတယ်။ ဒါပေမဲ့လို့ တချို့ လူမသိ၊ သူမသိ ပြည်သူတွေကြားထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတာတွေရှိတယ်ဆိုရင် အေအေပီပီကို ဘယ်လိုများ ဆက်သွယ်သင့်သလဲ။ သူတို့ ဖမ်းဆီးထိန်းသိမ်းခံနေရတယ်ဆိုရင် ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မိတ်ဆွေတွေထဲမှာ ဒါမျိုးကြုံရတယ်ဆိုရင် ဘယ်လိုအကြောင်းကြားသင့်ပါလဲရှင့်။
ကိုဘိုကြည်။ ။ ကျနော်တို့ရဲ့ ဖေ့စ်ဘွတ်ခ်လည်း https://www.facebook.com/burmapoliticalprisoners ရှိပါတယ်။ ဝဘ်ဆိုက်ဒ်လည်း https://aappb.org ရှိပါတယ်။ အီးမေးလ်လည်းရှိပါတယ်။ အဲ့ဒီ့မှာ အချက်အလက်တွေ ထည့်ပေးပါ။ နောက် ကျနော်တို့ဘက်က ပြန်ပြီးဆက်သွယ်ရမယ်ဆိုရင် ဆက်သွယ်ရမယ့်ဖုန်းနံပတ်လေးတွေ ဆင်ဂနယ်လ်ပဲဖြစ်ဖြစ်၊ မတ်ဆင်ဂျာပဲဖြစ်ဖြစ် ဆက်သွယ်လို့ရမယ့်ဟာတွေကို ထည့်ထားပေးပါ ကျနော်တို့ ချက်ခြင်းပြန်ဆက်သွယ်ပေးပါမယ်။
[Unicode Version]