သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စု သက်မွေးဝမ်းကျောင်းတာဝန်ခံ ဦးဇော်မြတ်လင်း ဖမ်းဆီးခံရစဉ်သေဆုံး


စုအသက်မွေးဝမ်းကျောင်းသိပ္ပံက တာဝန်ခံ ဦးဇော်မြတ်လင်း။ (မှတ်တမ်းဓာတ်ပုံ)
စုအသက်မွေးဝမ်းကျောင်းသိပ္ပံက တာဝန်ခံ ဦးဇော်မြတ်လင်း။ (မှတ်တမ်းဓာတ်ပုံ)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့အထိ ဖမ်းဆီးခံရသူအများ အပြားရှိနေတာမှာ တချို့ပြန်လွတ်လာသူတွေ ရှိသလို တချို့လည်း ဖမ်းဆီးထားစဉ်သေဆုံးသူတွေ ရှိနေတာပါ။ မနေ့က ဖမ်းဆီးခံရတဲ့ စုအသက်မွေးဝမ်းကျောင်းသိပ္ပံက တာဝန်ခံ ဦးဇော်မြတ်လင်းဟာ မနေ့က ဖမ်းဆီးခံရပြီး ဒီကနေ့ သေဆုံးသွားတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အာဏာရှင် ဆန့်ကျင်လှုပ်ရှားသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးနေတာပါ။ မနေ့ကဆိုရင်လည်း ရန်ကုန်မြို့က စုအသက်မွေးဝမ်းကျောင်း သိပ္ပံကို အာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ တာပါ။ ဖမ်းဆီးခံရသူ ၇ ဦးထက်မနည်း ရှိပြီး ကျောင်းတာဝန်ခံ ဦးဇော်မြတ်လင်းကတော့ ဖမ်းဆီးခံရပြီး သေဆုံးသွားတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ သိရသလောက်ကတော့ စုအသက်မွေးဝမ်းကျောင်းကို ညက ၁ နာရီလောက်မှာ စစ်သားတွေ၊ ရဲတွေ အယောက် ၆၀ လောက်လာပြီးတော့ ဝိုင်းတယ်။ အဲဒီမှာ ကင်းစောင့်နေတဲ့ ကလေး ၄ ယောက်ကို အရင်ဖမ်းတယ်။ နောက်ပြီးတော့ နယ်ကနေ ကျောင်းလာတတ်နေတဲ့ ကလေး ၃ ယောက်ကို ထပ်ဖမ်းတယ်။ ပြီးတော့ အထဲကို ထပ်မွှေတဲ့အခါကျတော့ အထဲမှာ ကျောင်းသူ ၁၃ ယောက်လောက်ရှိတယ်။ အဲဒီကလေးမတွေရဲ့ ပြန်ပြောချက်အရကတော့ စုအသက်မွေးဝမ်းကျောင်း တာဝန်ခံ ဦးဇော်မြတ်လင်းကို လာဖမ်းတာ။ ဖမ်းတဲ့အချိန်မှာ သူက နောက်ဖေးက အုတ်တံတိုင်းကို ကျော်ပြီးတော့ သူရှောင်တယ်။ နောက်ဆုံးအခြေအနေကို သိရတာတော့ အဲဒီလောက်ပဲ ကျနော်တို့ကတော့ လွတ်သွားတယ်လို့ ထင်တာ။ အဲဒီကတည်းက အဆက်အသွယ်မရတော့ဘူး။ ဒီနေ့ညနေ သုံးနာရီလောက်မှာတော့ ရဲက ဦးဇော်မြတ်လင်း... ဇနီးကို အကြောင်းကြားလာတယ်လို့ ပြောတယ်။ စစ်ဆေးရုံမှာ body လာယူပါ... သူတို့သွားတဲ့ အခါကျတော့ body ကိုကြည့်လို့ပဲရတယ်။ မနက်ဖြန်မှ ယူပါတဲ့ ထုတ်မပေးသေးဘူး။”

မနေ့က ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ စုအသက်မွေးဝမ်းကျောင်းသိပ္ပံက ကွန်ပျူတာ၊ ဖုန်း စတဲ့ ကျောင်းသုံးပစ္စည်းတွေကိုလည်း အာဏာပိုင်တွေက ယူဆောင်သွားတယ်လို့ ကျောင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေ ဒီကနေ့အထိ နိုင်ငံအနှံ့ ကြီးထွားနေသလို လှုပ်ရှားမှုအတွင်း ဖမ်းဆီးခံရသူတွေ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိနေတာပါ။

ဒီကနေ့ နေ့လယ်ပိုင်းကလည်း မြိုတ်မြို့မှာ အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က ဖြိုခွင်ခဲ့ပြီး လူပေါင်း ၆၀ နီးပါး ဖမ်းဆီးခံရတယ်လို့ မြိတ်ဒေသခံ တစ်ဦးကပြောပါတယ်။

“သူတို့နှစ်နေရာလောက်မှာ အဖမ်းခံရတယ်လို့ ကြားတယ်။ ကွက်သစ်ပေါ့ ဒီမြိတ်မြို့ ကွက်သစ်ရယ်၊ နောက်တစ်ခုကတော့ မြို့သစ်ဘက်မှာပေါ့ နှစ်နေရာပေါ့။ အားလုံး ၆၀ နီးပါး လောက်ရှိတယ်လို့ ကြားတယ်ဟုတ်။ တချို့ကတော့ ပြန်လွတ်လာပြီး ကျနော်တို့ သိသလောက်ပေါ့နော်။ တက္ကသိုလ်ကျောင်းသူတွေ ၁၃ ဦးလောက် ပြန်လွတ်လာပြီ။ အမျိုးသားနှစ် ဦး လွတ်လာတယ်လို့ ကြားတယ်။ ကျန်တဲ့ အမျိုးသားတွေအားလုံးကိုတော့ ထောင်ကို ပို့လိုက်တယ်လို့ ကြားတယ်။ ထောင်ကို ပို့ပြီး ရမန် ယူလိုက်ပြီဆိုရင်တော့ သိပ်မလွယ်လောက်တော့ဘူးထင်တယ်။ အမျိုးသမီးတွေလည်း ကျန်သေးတယ်လို့ ကြားတယ်။ ဒါပေမဲ့ သေသေချာချာတော့ မသိသေးဘူး။”

ဒါ့အပြင် ကျင်ချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာလည်း အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုအတွင်း ဖမ်းဆီးခံရသူတွေရှိတယ်လို့ မိုင်းညှင်းဒေသခံတစ်ဦးကပြောပါတယ်။

“ဖမ်းဆီးခံရတာ ယောကျာ်းလေး တစ်ဦး၊ မိန်းမကြီး တစ်ဦးဗျာ။ အဲဒီ နှစ်ယောက်ပဲ အဖမ်းခံရတာ။ အခုကတော့ ဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့ကတော့ ရှေ့နေအဖွဲ့တွေက အတတ်နိုင်ဆုံးကြိုးစားနေတုန်းပဲဗျာ။ ဆန္ဒပြသူတွေ လူစုကွဲသွားပြီးမှ လိုက်ဖမ်းတာ တွေရှိ တယ်။ အိမ်မှာ ခိုနေတာတွေကို ဟိုဘက်၊ ဒီဘက် ပိတ်ပြီးတော့မှ လိုက်ဖမ်းနေတာတွေရှိတယ်။”

အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေ ကြီးထွားလာနေတဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မွန်ပြည်နယ်၊ ချင်းနဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း အာဏာရှင်ဆန့်ကျင်သူတွေ ဖမ်းဆီးခံနေတာတွေလည်း ရှိနေပါတယ်။

ဖမ်းဆီးခံထားရသူတွေ တချို့ကို အာဏာပိုင်တွေဘက်က ပြန်လွှတ်ပေးတာတွေ ရှိပေမဲ့ အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုအတွင်း ဒီကနေ့အထိ ဖမ်းဆီးခံထားရသူ ၁,၆၀၀ နီးပါးရှိ ရှိတယ်လို့ မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားဟောင်း ကူညီစောင့်ရှောက်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG