သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ နိုင်ငံရေးရပ်တည်ချက်အပေါ် အကဲခတ်တွေအမြင်


 စစ်ကောင်စီ အကြီးအကဲနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ နေပြည်တော်မှာတွေ့ဆုံ
 စစ်ကောင်စီ အကြီးအကဲနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ နေပြည်တော်မှာတွေ့ဆုံ

(Zawgyi / Unicode)
တိုင်းရင်းသားလူမျိုးစုတွေအတွက် ဖက်ဒရယ်အခွင့်အရေးပေးအပ်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခွင့်အရေးသာ ပေးအပ်မှာ ဖြစ်ကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာလည်း လွှတ်တော်လမ်းကြောင်းကသာ ပြင်ဆင်နိုင်မှာဖြစ်ကြောင်း စစ်ကောင်စီအကြီးအကဲက ပြောဆိုထားပါတယ်။ တဆက်တည်းမှာပဲ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ NCA အပစ်ရပ်စာချုပ်ကို ပစ်ပယ်မရကြောင်းလည်း ပြောဆိုပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တချို့ကတော့ ဖက်ဒရယ် စံသတ်မှတ်ချက်တွေနဲ့ ပြည့်မီဖို့လိုတယ်လို့ သုံးသပ်ပါတယ်။ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လို့ စစ်ကောင်စီ အကြီးအကဲရဲ့ ပြောဆိုချက်ပေါ် တုံ့ပြန်သုံးသပ်ချက်တွေကို ရန်ကုန်က သတင်းပေးပို့လာပါတယ်။ နန်းလောဝ် တင်ပြပါလိမ့်မယ်။

တပ်မတော်အနေနဲ့ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်အောင် ဆောင်ရွက် နေပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်နေကြောင်း အင်္ဂါနေ့က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေး ၈/၂၀၂၂ မှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။ ဖက်ဒရယ် အခွင့်အရေး ပေးအပ်ရာမှာလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးကိုသာ ပေးအပ်မှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ NCA လက်မှတ်ထိုး လက်နက်ကိုင်အဖွဲ့တွေရဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင် ဗိုလ်မှုးကြီး ခွန်ဥက္ကာကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်ဆိုတာတော့ ဘာကို ပြောမှန်းတော့ မသိဘူးပေါ့။ မြန်မာ့နည်း မြန်မာ့ဟန် ဖက်ဒရယ်လား။ ဒါမှမဟုတ် ၂၀၀၈ကနေ ခွင့်ပြုလို့ရတဲ့ ဖက်ဒရယ်လားတော့ မသိဘူးပေါ့။ ဒါပေမဲ့ ဘယ်လိုပဲ ပြောပြော မူလမှာတော့ ဖက်ဒရယ် စံချိန် စံညွှန်းတွေတော့ ရှိပါတယ်။ အဲဒီ စံချိန်စံညွှန်းတွေတော့ ပြည့်မှီဖို့ လိုတာပေါ့။ ပေးအပ်တယ်ဆိုတာက ဘာကို ညွှန်းသလဲ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီပေးအပ်တာလား။ သို့တည်းမဟုတ် အုပ်ချုပ်တဲ့လူက ပေးတာလား။ ဒါတော့ မရှင်းဘူးပေါ့။ တကယ့် ဖက်ဒရယ်မှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကနေ ပေးအပ်ရတာပဲလေ။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပဲ မဏ္ဍိုင်ထားရမယ့် သဘောတော့ ရှိပါတယ်။ ”

နိုင်ငံရေး သုံးသပ်သူ ဦးရဲထွန်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဖက်ဒရယ်စနစ်ကို အခြေခံထားတယ်လို့ လက်ရှိ စစ်ခေါင်းဆောင်တွေအနေနဲ့ ယူဆထားတဲ့အကြောင်း သုံးသပ်ပါတယ်။ ဖွဲ့စည်းပုံပါ ပုဒ်မတွေကို ပြင်ဆင်ပြီး တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်နိုင်မယ်လို့ ယူဆထားနေတယ်လို့ မြင်ကြောင်း ပြောပါတယ်။

“ ဖက်ဒရယ်နဲ့ ညီတဲ့ဟာဆိုတာက ကွန်ဖက်ဒရေးရှင်းဘက် ဆန်တဲ့ဟာမျိုးကိုတော့ ခွင့်မပြုနိုင်ဘူး။ ဒါမှ မဟုတ်ရင်လည်း အဲဒါကိုတော့ ပြင်လို့ ရမှာမဟုတ်ဘူးဆိုတဲ့သဘော။ ကွန်ဖက်ဒရေးရှင်းဆန်တဲ့ တောင်းဆိုချက်တွေ၊ အခွင့်အရေးတွေပေါ့နော်။”

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်လမ်းကြောင်းကသာ ပြင်ဆင်နိုင်မယ်၊ အခြားလမ်းကြောင်းက ဆောင်ရွက်မရကြောင်း ဆိုတဲ့အပေါ်မှာတော့ ဗိုလ်မှူးကြီးခွန်ဥက္ကာက သူ့အမြင်ကို အခုလို ပြောထားပါတယ်။

“ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်တာ ၂ ဆင့်ရှိတယ်။ တစ်ဆင့်ကတော့ ပြင်ခွင့်ရှိတဲ့ အစုအဖွဲ့တွေက ပြင်တာပေါ့။ အဲဒီ ဥပဒေကို နားလည်တဲ့သူတွေက ဥပဒေကို ပြင်ပြီးတော့ ပြင်ဆင်ချက်တွေကို လွှတ်တော်က အတည်ပြုပေးတဲ့အခါမှာ ဥပဒေဖြစ်သွားတာပေါ့ဗျာ။ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေ၊ လက်ရှိအာဏာပိုင်တွေ၊ EAO တွေ၊ နိုင်ငံရေး ပါတီတွေက ပြင်ခွင့်ရှိပါတယ်။ အားလုံး တိုင်တိုင်ပင်ပင်နဲ့ ပြင်ပြီးတော့ အတည်ပြုတာကတော့ လွှတ်တော်က အတည်ပြုပေးတယ်ဆို သဘာဝကျပါတယ်။ ”

တဆက်တည်းမှာပဲ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ NCA အပစ်ရပ်စာချုပ်ကို ပစ်ပယ်မရကြောင်း ပြောဆိုမှုအပေါ် ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို ဆက်လက် ပြောပါတယ်။

“ အခု NCA မှာ လက်မှတ် မထိုးတဲ့ ဝ၊ မိုင်းလား၊ SSPP က နိုင်ငံရေးဆွေးနွေးပွဲမှာ ပါလာနိုင်တယ်ဆိုတာက ဒါ NCA အဓိက မဟုတ်ဘူးဆိုတာ ပြတာပဲ။ တချိန်တည်းမှာပဲ ၂၀၀၈ ကိုပဲ ဗဟိုပြုပြီးတော့ ဆွေးနွေးရမယ်ဆိုရင်လည်း ၂၀၀၈ကို လက်မခံဘူး၊ မသက်ဆိုင်ဘူးလို့ ပြောထားတဲ့ EAO တွေလည်း အများကြီးပဲ။ အဲဒီ EAO တွေလည်း ဆွေးနွေးပွဲ ရောက်နေကြတာပဲ။ ဒါကြောင့် NCA လည်း မလွတ်ဘူး။ ၂၀၀၈ လည်း လွှတ်လို့ မရဘူးဆိုတာက လက်ရှိ စစ်ကောင်စီဘက်က အမြင်ဖြစ်တာပေါ့။”

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အားလုံးဟာ ၂၀၂၃ မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပေါ်မှာ အဓိက မူတည်နေကြောင်း သုံးသပ်ထားပါတယ်။

“ ဒီရွေးကောက်ပွဲက အားလုံးက ပါဝင်တဲ့။ ပြည်သူလူထုက အသိအမှတ်ပြုပြီးတော့ မဲလာပေးတဲ့ ရွေးကောက်ပွဲ ဟုတ်၊ မဟုတ်ဆိုတာက အဓိက ကျတာပေါ့။ လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူလူထုက အင်တိုက်အားတိုက်နဲ့ အသိအမှတ်ပြုပြီး မဲလာပေးပြီးတော့ ဖြစ်လာတဲ့ အစိုးရမျိုးဆိုရင် တဖြည်းဖြည်းချင်း ဘာပဲဖြစ်ဖြစ် NCA လမ်းကြောင်းအတိုင်း ဆက်ချီတက်သွားရင် အဆင်ပြေသွားနိုင်တာပေါ့။ ရွေးကောက်ပွဲနဲ့ ပြည်သူလူထု အသိအမှတ်ပြုမှု ဆက်စပ်နေတာပေါ့ဗျာ။”

စစ်ကောင်စီ စီစဉ်ကျင်းပတဲ့ ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာတဲ့ အစိုးရဟာ ပြည်သူ့ထောက်ခံမှု သိပ်မရတဲ့ အစိုးရဖြစ်မယ်ဆိုရင် နိုင်ငံရေးအရ အားနည်းချက်တွေရှိပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေ ကြန့်ကြာနေမှာဖြစ်တယ်လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။

လောလောဆယ်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဟာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ NCA အပစ်ရပ်စာချုပ် ပျက်ပြယ်ပြီလို့ ပြောဆိုနေတဲ့ အဖွဲ့အစည်းတချို့လည်း ရှိနေပါတယ်။ တချိန်တည်းမှာ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဖို့ တောင်းဆိုနေတာတွေလည်း ရှိနေပါတယ်။ တချိန်တည်းမှာ မြန်မာပြည် အလယ်ပိုင်းအပါအဝင် နေရာတချို့က စစ်တပ်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ လုံခြု့ရေးခြေအနေတွေကလည်း ရွေးကောက်ပွဲ စီစဉ်ထားသလို ကျင်းပဖို့အတွက် အခက်အခဲဖြစ်တယ်ဆိုပြီး သုံးသပ်တာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)















XS
SM
MD
LG