သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝီရသူအမှုကို သာသနာရေးဝန်ကြီးဌာနက ကိုင်တွယ်မည်


နိုဝင်ဘာလ ၂ ရက်နေ့က ဦးဝီရသူ က အများအမြင်ရှေ့ထွက်ပြီး အဖမ်းခံ
နိုဝင်ဘာလ ၂ ရက်နေ့က ဦးဝီရသူ က အများအမြင်ရှေ့ထွက်ပြီး အဖမ်းခံ

(Zawgyi/Unicode)

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတာကို တနှစ်ကျော်ကြာတိမ်းရှောင်နေရာက အာဏာပိုင်တွေထံ အဖမ်းခံဖို့ ထွက်ပေါ်လာတဲ့ ဦးဝီရသူကို သာသနာရေး ဝန်ကြီးဌာနက အရေးယူကိုင်တွယ်မယ့် အစီအစဉ်ကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခ က သတင်းပေးပို့ထားပါတယ်။

တနှစ်ကျော်ကြာ တိမ်းရှောင်နေရာက မနေ့တုန်းကပဲ အဖမ်းခံဖို့ အာဏာပိုင်တွေကို အကြောင်းကြားခဲ့တဲ့ ဦးဝီရသူကို လက်ရှိအမှုနဲ့ ပတ်သက်လို့ တရားရုံးက ဆုံးဖြတ်ပြီးနောက်ပိုင်း၊ ဓမ္မစက်နဲ့ ဆောင်ရွက်သွားမယ့်အေကြာင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ဝိနိစ္ဆယလက်စွဲညွှန်ကြားလွှာတွေနဲ့ အညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းသိနိုင်အောင် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကို ဆက်သွယ်မေးမြန်းပေမဲ့ ထုတ်ပြန်ချက်ကိုသာ ကိုးကားဖို့ တုန့်ပြန်ခဲ့ပါတယ်။

“ ကျနော်တို့ ဒီနေ့ Website မှာ သတင်းထုတ်ပြန်ထားပါတယ်။ အခုတော့ ကျနော်တို့စည်းဝေးခန်းထဲမှာဗျ။ အခုမှ စမှာ အစည်းအဝေးက။”

မနေ့ကဦးဝီရသူအပါအဝင် သံဃာ ၂၅ ပါးခန့်နဲ့ လူပုဂ္ဂိုလ်တချို့က ရန်ကုန်၊ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ကို ရောက်ရှိလာပြီးနိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ ကိုဖူးမြော်ခွင့်တောင်း ရာမျာ ဂိတ်တာဝန်ခံက ဝါကျွတ်ပြီဖြစ်လို့ ဆရာတော်ကြီးများ သက်ဆိုင်ရာဒေသတွေကိုပြန်လည်ကြွရောက် သွားကြပြီ ဖြစ်ကြောင်း ရှင်းပြခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ တိမ်းရှောင်နေရာက ထွက်ပေါ်လာတဲ့အပေါ်မှာတော့ အကဲခတ်တွေက သံသယရှိနေကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်ကေတာ့ သတိထား စောင့်ကြည့်ဖို့လိုတယ်လို့ ပြောပါတယ်။

“နိုင်ငံရေးမှာ သူ့ရည်ရွယ်ချက်နဲ့ သူ၊ သူ့မျှော်မှန်းချက်နဲ့သူ ဖြစ်လာကြတာပါဘဲ။ လတ်တလောမှာ ခုန ဦးဝီရသူလို ဆရာတော်က အဖမ်းခံတာ၊ တပ်မတော်ကမနေ့ညကဘဲ သတင်းထုတ်ပြန်ချက်တွေ ထုတ်တယ်၊ သူတို့အယူအဆတွေ ထုတ်ပြန်တာတို့ ၊ အမျိုးဘာသာသာသနာအဖွဲ့တွေ ခေါင်းထောင်လာတာတို့ဆိုတာ ဒါတွေက အကြောင်းမဲ့မဟုတ်ဘူးဆိုတာ ကျနော်တို့ အားလုံးသတိထားမိပါတယ်။ ကျနော်တို့ဒီမိုကရေစီအင်အားစုတွေ အနေနဲ့ နိုင်ငံရေးသတိနဲ့ စောင့်ကြည့်နေတယ်လို့ ပြောချင်ပါတယ်။”

မနေ့တုန်းက အဖမ်းခံဖို့ မသွားခင်မှာပဲ ဦးဝီရသူက ရွေးကောက်ပွဲနေ့မတိုင်ခင် လာရောက် အဖမ်းခံတာ ဖြစ်ပြီးအမျိုးဘာသာ သာသနာကို စော င့်ရှောက်မယ့် အဖွဲ့အစည်းနဲ့ ကိုယ်စားလှယ်တွေကို မဲပေး ဖို့လည်း ထောက်ခံသူတွေကို မှာကြားသွား ပါတယ်။ လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့အမှုဆောင် ဒါရိုက်တာ ကိုသက်ဆွေဝင်းကတော့ အမျိုးသားရေးဝါဒစွဲပြင်းထန်သူတွေ ရွေးကောက်ပွဲမှာ နှောက်ယှက်မှာ စိုးရိမ်ရတယ်လို့ သုံးသပ်ပါတယ်။

“ကောင်းတဲ့ အလားလာမဟုတ်ဘူး။ ရွေးကောက်ပွဲ အခုအနေအထားအတိုင်းဆိုရင်တော့ဖျက်ဖို့ဆိုတာကို တော့သူတို့လုပ်ဖို့ခက်တယ်။ သိူ့သော်ရွေးကောက်ပွဲအပြီးမှာ ဖြစ်လာမယ့် ရလဒ်ပေါ်မူတည်ပြီး ပြဿနာ အများကြီးရှာနိုင်တယ်။ ခုထဲက နှပ်ကြောင်းပေးထားတယ်။ တကယ်တော့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း အင်မတန်ညံ့တဲ့ အနေအထားမှာရှိတယ်။ ကြိုတင်မဲတွေ လုပ်ဆောင်တာမှာ လုပ်ထားကိုင်ထားတာတွေမှာ တော်တော်အဆင်မပြေဘူး တဖက်ကထောက်ပြလာနိုင်တာတွေ အများကြီးရှိတယ်။ အဲဒီအပေါ်မှာ နင်းပြီးတော့ တဖက်အင်အားစုက ဒါကို အသုံးချပြီးတော့ လုပ်လာနိုင်စရာတွေရှိတယ်။အင်မတန်စိတ်ပူစရာ အနေအထားဖြစ်တယ်။ ကျနော့်အမြင်နဲ့ကတော့

ရွေးကောက်ပွဲနေ့ထက် ရွေးကောက်ပွဲအလွန်အာဏာမလွဲခင်အချိန် ၃လလောက်ကစိတ်ပူရတဲ့ အနေအထားဖြစ်နေတယ်”

အမျိုးသားရေးဝါဒစွဲပြင်းထန်သူ ဦးဝီရသူဟာ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ အစိုးရအပေါ် အကြည်ညိုပျက်အောင် ဟောပြောလှုံ့ဆော်မှုနဲ့ တရားစွဲဆိုခံခဲ့ရပြီး နောက်ဆက်တွဲ ဖမ်းဝရမ်းထုတ်ခံခဲ့ရတာပါ။ ဖမ်းဝရမ်းထုတ်ထားတာကို တနှစ်ကျော် တိမ်းရှောင်နေခဲ့ပြီးနောက် မနေ့တုန်းကပဲ ရန်ကုန်တိုင်း ဒဂုံမြို့နယ် ရဲစခန်းမှာ သွားရောက် အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။ မနေ့တုန်းကတော့ ဦးဝီရသူ အပြင်၊ သူဦးဆောင်တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဦးဟိန်းဝေယံလည်း အာဏာပိုင်တွေထံမှာ အဖမ်းခံခဲ့ပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)နဲ့တရားစွဲခံထားရတဲ့ ဦးဝီရသူကို ရဲတပ်ဖွဲ့က အင်းစိန်အကျဉ်း ထောင်ကို ဒီနေ့ ပို့ဆောင်လိုက်ပြီး လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့မှာ ဒဂုံမြို့နယ်၊ အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ဦးဝီရသူကိုလက် ရှိမှာ ပြစ်မှုဆိုင်ရာပုဒ်မ ၁၂၄(က) နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ဒီပုဒ်မအရ ပြစ်မှုထင်ရှားရင်တော့ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တသက် ကျခံရနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............

(Unicode)












XS
SM
MD
LG