သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆိုင်ကယ်သမား ၂ ဦး Finland ရောက်ပြီ


Estonia နိုင်ငံ Tallinn မှတစ်ဆင့် ဖင်လန်နိုင်ငံကို သဘောၤနဲ့ ကူးဖို့ စောင့်နေတဲ့ Motourlogue ခရီးသွားနှစ်ဦး (ဓါတ်ပုံ -Motourlogue page)
Estonia နိုင်ငံ Tallinn မှတစ်ဆင့် ဖင်လန်နိုင်ငံကို သဘောၤနဲ့ ကူးဖို့ စောင့်နေတဲ့ Motourlogue ခရီးသွားနှစ်ဦး (ဓါတ်ပုံ -Motourlogue page)

မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်နေတဲ့ မြန်မာနိုင်ငံသားနှစ်ဦးဟာ သူတို့ ခရီးစဉ် ၁၁ နိုင်ငံမြောက်ဖြစ်တဲ့ ဖင်လန် နိုင်ငံကို မနေ့က ရောက်ရှိခဲ့ပါတယ်။ ဒီမတိုင်ခင် ဘောလ်တစ်ပင်လယ်နဲ့ ထိစပ်နေတဲ့ Estonia နိုင်ငံကို ရောက်ရှိခဲ့ပြီး အဲဒီကတဆင့် သင်္ဘောနဲ့ ကူးလာခဲ့ကြတာဖြစ်ပါတယ်။

မေလ (၂၆)ရက်နေ့က မြန်မာနိုင်ငံကနေ စတင်ထွက်ခွာလာခဲ့ကြတဲ့ Motourlogue ခရီးသွားနှစ်ဦးဟာ မိုင်ပေါင်း သုံးသောင်းဝေးကွာတဲ့ ဗြိတိန်နိုင်ငံထိ မောင်းနှင်မှာဖြစ်ပြီး အသွား အပြန်ခရီးစဉ်အတွင်း နိုင်ငံစုစုပေါင်း ၃၀ ကျော် ဖြတ်သန်းဖို့ စီစဉ်ထားပါတယ်။

နောက်ဆုံး ခရီးစဉ်အခြေအနေကို မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

Motourlogue ခရီးသွားနှစ်ဦးဖြစ်တဲ့ စိုင်းဇွန်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့ဟာ အခုဆိုရင် ဖင်လန်နိုင်ငံကို ရောက်ရှိနေပြီ အဲဒီမှာ ပြတိုက်တွေသွားရောက်ကြည့်ရှုဖို့ရှိပါတယ်။

ပြီးခဲ့တဲ့ သတင်းအပတ်အတွင်း အရှေ့မြောက် ဥရောပက ဘောလ်တစ်ဒေသ နိုင်ငံတွေဖြစ်တဲ့ Lithuania နဲ့ Latvia နဲ့ Estonia နိုင်ငံထဲတွေကို ဖြတ်သန်းမောင်းနှင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေကို ပိုလန်က တဆင့် ဖြတ်သန်း မောင်းနှင်ခဲ့ကြတာပါ။ အချိန် နှစ်လတာအတွင်း ထိုင်း၊ လာအို၊ တရုတ်၊ မွန်ဂိုလီယား၊ ရုရှား၊ ကာဇစ်စတန် အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို မော်တော်ဆိုင်ကယ် ကိုယ်စီနဲ့ ရည်မှန်းချက်အတိုင်း စွန့်စွန့်စားစား မောင်းနှင်နေကြတဲ့ မြန်မာနိုင်ငံသား နှစ်ဦးအတွက် ဂုဏ်ယူမိကြောင်း ဗြိတိန်နိုင်ငံမှာ နေထိုင်နေတဲ့ ကိုယ်တိုင်လည်း ကမ္ဘာလှည့်ခရီးသွားတဦးဖြစ်တဲ့ မြန်မာဆရာဝန် ဒေါက်တာသက်ကိုကိုက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ဒါ ဂုဏ်ယူစရာကောင်းပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ အဲလိုမျိုး စွန့်စွန့်စားစား တခါမှ မသွားဘူးတဲ့ဟာမျိုးကို စွန့်စွန့်စားစား ကမ္ဘာကို ပတ်တဲ့အတွက် ဂုဏ်ယူဖွယ် အရမ်းကောင်းပါတယ်။ ပြီးလို့ရှိရင် သူတို့ စိတ်ဓါတ်ကိုရော ခွန်အားကိုရော ဒါက လေးစားစရာ အရမ်းကောင်းပါတယ်။”

အထူးသဖြင့် ဟိုင်းဝေးလမ်းမတွေ ခေတ်မှီကောင်းမွန်တဲ့ဆိုပေမဲ့ ဥရောပ ကုန်းတွင်းနိုင်ငံတွေမှာ ရာသီဥတု အပြောင်းအလဲ မြန်တဲ့အတွက် မော်တော်ဆိုင်ကယ်နဲ့ မောင်းနှင်ရတဲ့ ခရီးစဉ်ဟာ ခက်ခဲကြမ်းတမ်းကြောင်း ဒေါက်တာသက်ကိုကိုက ဆိုပါတယ်။

“အခုက ဒါက နွေရာသီဖြစ်တဲ့အတွက် ဥရောပ ကုန်းတွင်းနိုင်ငံတွေက ပူရင်လည်း တအားပူတယ်၊ အေးရင်လည်း တအားအေးတဲ့နိုင်ငံတွေရှိတယ်ပေါ့။ ဥပမာအားဖြင့် အရင်အပတ်တုန်းကဆိုရင် ဥရောပတိုက်မှာ အပူလှိုင်းဖြတ်တော့ Temperature က ၄၀ ကျော်တောင်မှ တက်သွားတယ်။ အဲဒါ ရန်ကုန်မှာတောင်အဲလောက် မတက်ဖူးဘူး။ အဲလို Temperature တွေနဲ့လည်း သူတို့ကြုံရမယ်။ ပြီးတော့ မော်တော်ဆိုင်ကယ်စီးတာဆိုတော့ ကားနဲ့ သက်တောင့်သက်သာလည်းမဟုတ်ဘူး။ ခရီးလမ်းလည်းပါမယ် ၊ ရာသီဥတုဒဏ်ကိုလည်း ခံရမယ်ပေါ့နော်။”

သူတို့နှစ်ဦးရဲ့ ခရီးသွားနောက်ဆုံးအခြေအနေတွေကို Motourlogue Facebook ကနေလည်း အဆက်မပျက် တင်ပေးနေတာတွေ့ရပါတယ်။

Estonia နိုင်ငံ Tallinn မှတစ်ဆင့် သဘောၤဖြင့် ကူးလာခဲ့တဲ့ Motourlogue ခရီးသွားနှစ်ဦး
Estonia နိုင်ငံ Tallinn မှတစ်ဆင့် သဘောၤဖြင့် ကူးလာခဲ့တဲ့ Motourlogue ခရီးသွားနှစ်ဦး

ဇူလိုင်လ ဆန်းပိုင်းက ရောက်ခဲ့တဲ့ ရုရှားနိုင်ငံအကြောင်းနဲ့ မြို့တော် မော်စကိုက ထင်ရှားတဲ့ နေရာတွေ၊ မြန်မာမိသားစုတွေက ဖိတ်ခေါ်ကျွေးမွေးတဲ့ ဓါတ်ပုံတွေကိုလည်း တွေ့ရပါတယ်။ ဒါအပြင် ဥရောပ အရှေ့မြောက် နိုင်ငံတွေကို ဖြတ်တဲ့အခါ မိုးတွေရွာနေပေမယ့်လည်း သတ်မှတ်ထားတဲ့ မြို့နေရာတွေ ရောက်အောင် ဆိုင်ကယ်တွေ မောင်းနှင်နေရတဲ့ အတွေ့အကြုံတွေ၊ သူတို့ ဖြတ်သန်းခဲ့တဲ့ နိုင်ငံတွေရဲ့ တိုးတက်ဖွံဖြိုးနေတဲ့အခြေအနေ၊ လှပတဲ့ ရှုခင်းတွေ၊ တွေ့ဆုံခဲ့ရတဲ့ ဒေသခံတွေအကြောင်း၊ ဒေသ အစားအသောက်တွေ၊ ရှေးဟောင်း သမိုင်းဝင်အဆောက်အဦတွေ အကြောင်းတွေကိုလည်း ရေးသား ဖေါ်ပြထားတာတွေ့ရပါတယ်။

အခုလို မော်တော်ဆိုင်ကယ်နဲ့ကမ္ဘာပတ် ခရီးစဉ်မှာ လူတိုင်းမရနိုင်တဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့လည်း ဒေါက်တာသက်ကိုကိုက သူ့ရဲ့အမြင်ကို အခုလိုပြောပြပါတယ်။

“သူတို့ဆိုရင် ဥရောပတိုက်ကို ဖြတ်လာတဲ့အခါမှာ အရင်ကဆိုရင် အရှေ့အုပ်စုနဲ့ အနောက်အုပ်စုနဲ့ ကွဲနေတဲ့ နိုင်ငံတွေကနေ အခု ၁၉၈၀ ခုနှစ်တွေတုန်းကနေပြီးကွန်မြူနစ်နိုင်ငံ ကနေ လွတ်လပ်သွားတဲ့ တိုင်းပြည်တွေက ဘယ်လိုအခြေအနေရှိသလဲ ၊ သူတို့ အဲဒါကျတော့ ပိုကောင်းတာပေါ့နော်။ ခရီးစဉ် တလျောက်လုံးကို ကောင်းကောင်းမွန်မွန် တနိုင်ငံနဲ့ တနိုင်ငံ မြေပုံတွေ တခါတည်းဆက်ပြီးတော့ ပိုပြီးတော့ လေ့လာလို့ကောင်းတာပေါ့။ လူတွေရဲ့ ပြောင်းလဲလာတဲ့ဟာတွေရော ဘာသာစကား ၊ ယဉ်ကျေးမှု ၊ ရုပ် ခန္ဓာတည်ဆောက်မှုပေါ့နော်။ Caucasian ဘက်ကို ရောက်လာလား၊ ဟိုဘက်က မွန်ဂိုနဲ့ ပိုတူသလား အဲဒါတွေ သူတို့ ဖြတ်ခဲ့တာ ပြန်ကြည့်ရင် အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။”

စိုင်းဇွန်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့ဟာ ဖင်လန်နိုင်ငံကနေ နော်ဝေနဲ့ ဆွီဒင်နိုင်ငံတွေကို ရာသီဥတု အခြေအနေ မဆိုးတဲ့အတွက် ဆိုင်ကယ်တွေနဲ့ ဆက်လက်မောင်းနှင်သွားကြမှာဖြစ်ပါတယ်။ BMW အမျိုးအစား မော်တော်ဆိုင်ကယ်နဲ့ မောင်းနှင်နေတဲ့ Motourlogue ခရီးစဉ်အတွက် MPRL E&P စွမ်းအင်ကုမ္ပဏီကနေ အဓိက ပံ့ပိုးပေးထားတာဖြစ်ပါတယ်။

မြန်မာဆိုင်ကယ်သမား ၂ ဦး Finland ရောက်ပြီ
please wait

No media source currently available

0:00 0:03:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG