သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်စွာဝတ်ပြုကိုးကွယ်မှုကန့်သတ်တဲ့ အမိန့်ဥပဒေများပယ်ဖျက်ဖို့ HRW တောင်းဆို


လူနည်းစုဘာသာဝင်တွေရဲ့ ဝတ်ပြုကိုးကွယ်မှုတွေအပေါ် ကန့်သတ်ထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ပယ်ဖျက်ဖို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ အတင်းပိတ်ထားခံရတဲ့ မွတ်စလင်ဗလီနဲ့ ဘာသာရေးကျောင်းတွေကို ပြန်ဖွင့်ခွင့်ပေးပြီး၊ အထူးသဖြင့် မွတ်စလင်ဥပုဒ်လအတွင်း သူတို့ရဲ့စုဝေး၀တ်ပြုမှုတွေကို ခြိမ်းခြောက်ဟန့်တားမှုမလုပ်ဖို့ တိုက်တွန်းထားပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ကိုသားညွန့်ဦးက ပြောပြမှာပါ။

မေလ ၃၁ ရက်နေ့တုန်းက ရန်ကုန်သာကေတမြို့နယ်တွင်းမှာ အစ္စလာမ်ဘာသာဝင်အချို့ လမ်းပေါ်မှာ ဝတ်ပြုဆုတောင်းခဲ့တဲ့အပေါ် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက ခြိမ်းခြောက်တားမြစ်တာတွေ လုပ်ခဲ့တယ်လို့ HRW ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဗလီရော ဘာသာရေးကျောင်းတွေ ကန့်သတ်ပိတ်ပင်ခံရတဲ့အခြေအနေဟာ ပြဿနာ အရင်းအမြစ်ဖြစ်ပြီး၊ အထူးသဖြင့်တော့ အခုလို မွတ်ဆလင်တွေရဲ့ ဥပုဒ်လအတွင်းမှာ သူတို့ရဲ့ လွတ်လပ်စွာဝတ်ပြုဆုတောင်းမှုတွေကို အကာအကွယ်ပေးဖို့ အစိုးရကို HRW က တောင်းဆိုထားပါတယ်။ အထူးသဖြင့်တော့ ဘာသာရေးနဲ့ပတ်သက်ပြီး တဖက်သပ်ဆန်တဲ့ အမိန့် ဥပဒေတွေကို ဖျက်သိမ်းဖို့လိုတယ်လို့ HRW ပြောခွင့်ရသူ Phil Robertson က ဗွီအိုအေကို ပြောပါတယ်။

“လူနည်းစုဘာသာဝင်တွေရဲ့ ဘာသာရေးအရ ကိုးကွယ်ဝတ်ပြုမှုတွေအပေါ် ထားရှိတဲ့ တဖက်သပ် ဥပဒေလုပ်ထုံးလုပ်လုပ်နည်းတွေ ရုပ်သိမ်းရေး အလျင်အမြန်ဆောင်ရွက်ဖို့ HRW အဖွဲ့အနေနဲ့ တိုက်တွန်းပါတယ်။ မွတ်ဆလင်ဗလီတွေ ခရစ်ယာန်ဘုရားကျောင်းတွေလို ဘာသာရေးအဆောက်အဦးတွေအပေါ် ဆောက်လုပ်ခွင့် ပြုပြင်ခွင့်ကို ကန့်သတ်တဲ့ ဥပဒေတွေ ချက်ခြင်း ပယ်ဖျက်သင့်ပါပြီ။”

ပြီးခဲ့တဲ့ လကုန်ပိုင်းက သာကေတမြို့နယ်တွင်း အစ္စလာမ်ဘာသာဝင်အချို့ လမ်းပေါ်ထွက်ပြီး ဝတ်ပြုတာဟာ၊ သူတို့ဝတ်ပြုနေကြ ဘာသာရေးကျောင်းတွေ ပိတ်ခံရတာကြောင့် အခုလို လမ်းမပေါ် ထွက် ဆန္ဒပြတာလို့ ယူဆမှုအချို့ရှိပါတယ်။ ဘာသာပေါင်းစုံချစ်ကြည်ရေးလုပ်ငန်းတွေ လုပ်နေသူတဦးဖြစ်တဲ့ ကိုရှိုှု်ှုင်းကတော့ ဒါ မဟုတ်ဘူးလို့ ငြင်းပါတယ်။

“ခါတိုင်းနှစ်တွေကတော့ ဘာသာရေးစာသင်ကျောင်းတွေရှိတဲ့အခါကျတော့ အဲဒီစာသင်ကျောင်းတွေမှာ သူတို့ ဝတ်ပြုတယ်။ နောက်ပြီးဝတ်ပြုရတာကလည်း ညဘက်ကြီးလိုဖြစ်တာကို ည ၈ နာရီလောက်ကနေ ၁၀ နာရီလောက်အချိန်မှာဆိုရင်တော့ တခြားနေရာတွေသွားဖို့ကလည်းအဆင်မပြေဘူး။ နောက် သာကေတမှာကတော့ နေတဲ့သူတော်တော်များများက လက်လုပ်လက်စားသမားတွေများတော့ နေ့ဘက်ဆိုရင်သူတို့က မြို့ထဲမှာ အလုပ်လာလုပ်ကြတယ်။ နောက် အိမ်ပြန်ပြီးတော့မှ အိမ်အနီးဝန်းကျင်မှာရှိတဲ့ ဘာသာရေးစာသင်ကျောင်းတွေမှာ ဝတ်ပြုတယ်။ ဒီတခေါက်ကတော့ ဘာသာရေးစာသင်ကျောင်းတွေမရှိတော့ဘူးဆိုတဲ့အခါကျတော့ သူတို့မှာ ဝတ်ပြုစရာနေရာမရှိဘူး။ မရှိတော့ ပထမဦးဆုံး ဥပုဒ်ပထမဦးဆုံးနေ့မှာတော့ ဒေါပုံနွယ်အေးရပ်ကွက်မှာရှိတဲ့ ဘလီမှာ သူတို့သွားပြီးတော့ ဝတ်ပြုကြတယ်။ ဒါပေမယ့်လည်း အဲဒီဘလီက လူဦးရေမဆန့်တဲ့အခါကျတော့ လူအယောက် ၂၀၀ လောက်က သူတို့ ဝတ်မပြုပဲနဲ့ အိမ်ပြန်သွားလိုက်ကြတယ်။ အဲလိုမျိုး ဟိုဘက်မှာကလည်း ဝတ်ပြုဖို့နေရာ လည်းမရှိနောက်ပြီးတော့ ဝတ်ပြုဖို့ကတော့ ကိုယ့်အိမ်မှာလည်း ဝတ်ပြုလို့မရဘူး စုပေါင်းဝတ်ပြုရတာဖြစ်တာကြောင့် နောက်ဆုံးမှာ သူတို့က ဘယ်လိုမှ ဝတ်ပြုဖို့ အဆင်မပြေတဲ့အခါကျတော့ လမ်းပေါ်မှာ သူတို့ကနေပြီးတော့မှ စုပေါင်းဝတ်ပြုဖို့ စီစဉ်ခဲ့တာပါ။”

ဒီအခြေအနေနဲ့ပတ်သက်လို့ သာသနာရေးဝန်ကြီးဌာနကိုရော သာကေတမြို့နယ်အုပ်ချုပ်ရေးရုံးကိုပါ ဆက်သွယ်ပေမယ့် ဖြေဆိုခြင်းမရှိပါဘူး။ ဒီလို လမ်းပေါ်ထွက် ဝတ်ပြုတာမျိုးမလုပ်ဖို့ ရပ်ကွက်တွေအတွင်း ကြေညာခဲ့တယ်လို့ ဒေသခံတဦးကတော့ ပြောပါတယ်။ HRW ပြောခွင့်ရ Phil Robertson ကတော့ ဒေသအာာဏာပိုင်တွေရဲ့ လုပ်ရပ်ကို ပြည်ထဲရေးဝန်ကြီးဌာနကဖြစ်စေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဖြစ်စေ တားမြစ်ပေးဖို့ တောင်းဆိုပါတယ်။

“ ပိတ်ခံထားရတဲ့ ဗလီတွေနဲ့ ဘာသာရေးကျောင်းတွေကို ပြန်လည်ဖွင့်ပေးသင့်ပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အရ ဘာသာရေးဝတ်ပြုဆုတောင်းမှုတွေအပေါ်မှာ အရေးယူမယ်လို့ ခြိမ်းခြောက်ဟန့်တားတာမျိုးတွေ မလုပ်သင့်ပါဘူး။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဟာ တကမ္ဘာလုံးက လေးစားလိုက်နာရမယ့် လူ့အခွင့်အရေးတရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ စိုးရိမ်စရာကောင်းတဲ့ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကမ္ဘာက စောင့်ကြည့်နေတယ်လို့ ပြောပါရစေ။”

အလားတူအခြေအနေမျိုးကို မိတ္ထီလာမြို့မှာလည်း ကြုံနေရတယ်လို့ ဘာသာပေါင်းစုံချစ်ကြည်ရေးလှုပ်ရှားသူ ကိုရှိုင်းက ပြောပါတယ်။

“မိတ္ထီလာမှာတော့ သူတို့ ခါတိုင်းလိုပဲ ခြံဝန်းထဲမှာကိုပဲ အိမ်တအိမ်မှာ သူတို့ စုပေါင်းပြီးတော့ ဝတ်ပြုကြတယ်။ အဲဒီလိုဝတ်ပြုတာကို အစိုးရကနေပြီးတော့ တားမြစ်တယ်။ အဲဒါကို မန္တလေးတိုင်းကနေပြီးတော့မှ ဆင်းပြီးတော့ အကုန်လုံးကို ဒီနေရာမှာ ဆိုပြီးနေရာအတိအကျဖော်ပြပြီး အဲဒီနေရာတွေမှာ ဝတ်မပြုရဆိုတဲ့ စာထုတ်ပြီးတော့ လက်မှတ်ထိုးခိုင်းနေပါတယ်။”

သာကေတမြို့နယ်တွင်းက မွတ်ဆလင်ဘာသာရေးကျောင်းနှစ်ကျောင်းမှာ ဝတ်ပြုဆုတောင်းတာတွေလုပ်တယ်ဆိုပြီး ဗုဒဘာသာအမျိုးသားရေးအဖွဲ့အချို့က တိုင်တန်းတာကြောင့်၊ မြို့နယ်အာဏာပိုင်တွေက အဲဒီ ကျောင်းနှစ်ကျောင်းကို ဧပြီလကုန်ပိုင်းက ချိတ်ပိတ်ခဲ့တာပါ။ မူလအားဖြင့် အဲဒီကျောင်းတွေမှာ စုဝေး ဝတ်ပြုတာလုပ်ခွင့်မရှိဘူးလို့ ကန့်ကွက်သူတွေက ပြောကြပါတယ်။ HRW ကတော့ လွတ်လပ်စွာ ဝတ်ပြု ကိုးကွယ်ခွင့်ဟာ အခြေခံ အခွင့်အရေးတရပ်ဖြစ်တာမို့ ဒီအချက်ကို အကာအကွယ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG