သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရသေ့တောင်ဘက် ရေတပ်ပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာအခက်ကြုံနေ


ရခိုင်ပြည်နယ် နှစ်ဘက်တိုက်ပွဲတွေဖြစ်နေတဲ့ နေရာက စစ်ဘေးဒုက္ခသည်

ရသေ့တောင်မြို့နယ်ဘက်မှာ ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့်ကို ရေတပ်က ပိတ်ပင်ထားတဲ့အတွက် ဒေသခံတွေ ရိက္ခာ ပြတ်လုနီးဖြစ်နေပါပြီ။ ဒါ့အပြင် စစ်ဘေးဒဏ်ကနေ ပြေးလာကြရတဲ့ ဒုက္ခသည်စခန်းတွေမှာလည်း စားနပ်ရိက္ခာအကူအညီ လိုအပ် နေပြီလို့ ပြောကြပါတယ်။ စစ်မီးမငြိမ်းသေးတဲ့အထဲ စားနပ်ရိက္ခာအခက်အခဲပါ ကြုံတွေ့နေကြရတဲ့ အခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရသေ့တောင်မြို့နယ်အတွင်း မေယုမြစ်ကြောင်းတလျှောက်ကရွာတွေမှာရှိတဲ့ လူဦးရေ တသောင်းလောက်ဟာ မြန်မာ ရေတပ်က ပိတ်ဆို့ရိက္ခာကန့်သတ်ထားမှုကြောင့် စားဝတ်နေရေးအခက်တွေ့နေတယ်လို့ ရသေ့တောင်မြို့အကူညီ ပေးအဖွဲ့ဝင် ကိုဘက္ကာကပြောပါတယ်။

“အဲဒီမေယုမြစ်ထဲမှာ Navy တွေကအမြဲတမ်းရှိတော့လေ။ ရေကြောင်းနဲ့သွားရင် အကုန်လုံးကို စစ်တယ်။ ကျွန်တော်တို့ မြို့ပေါ်မှာ ကူညီတဲ့အဖွဲ့တွေကလဲ ဆန်တွေပါလို့ ရှိရင်ဘယ်လိုမှ သွားလို့မရဘူး။ သွားခွင့်မပေးဘူး။ စားနပ်ရိက္ခာ ၀ယ် မယ်ဆိုတော့လဲ ရေကြောင်းက ပိတ်ဆို့ထားတော့ အခက်ခဲတွေရှိတာပေါ့နော်။ တမြို့နယ်လုံး ဟိုဖက်မေယုကမ်းမှာဆို တောက်လျှောက် ကျေးရွာပေါင်းကအများကြီးပဲ။ ရသေ့တောင်မြို့နယ် မေယုကမ်းဒေသ အကုန်လုံးမှာ။ လူဦးရေခန့်မှန်း ခြေ ပြောမယ်ဆိုရင် တသောင်းနီးပါးလောက်ကတော့ရှိမယ်။ အဲဒီထက်ကျော်ရင်လဲကျော်မယ်။ တော်တော်အခက်ခဲရှိ တယ် အကုန်လုံး။”

ရိက္ခာအခက်ခဲဖြစ်နေတဲ့ ဒေသတွင်းကျေးရွာတွေကို အကူညီပေးဆောင်ဖို့ကလဲ အကူညီပေးအဖွဲ့တွေကို ၀င်ခွင့်ပိတ် ပင်ထားတယ်လို့ဆိုပါတယ်။

ရသေ့တောင်မြို့နယ် စစ်ရှောင်ကျေးရွာတခုဖြစ်တဲ့ မော်ထက်ကျေးရွာမှာ တိုက်ပွဲတိမ်းရှောင်လာတဲ့ စစ်ရှောင်ရွာသား တွေ စားနပ်ရိက္ခာအခက်တွေ့နေတယ်လို့ မော်ထက်ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။

“ကျွန်တော်တို့ရွာမှာအခုက ရေစိုးချောင်း ၊ သဲခုံအဲဒီလို ဒုက္ခသည်တွေရှိနေတယ်။ စစ်ဘေးရှောင်ပေါ့။ (၃၀၀)လောက် ရှိနေတယ်။ ရခိုင့်တပ်မတော်နဲ့ဗမာ့တပ်မတော် စစ်ဖြစ်တော့ ကြောက်ပြီးတော့ ပြေးလာကြတာ။ တိုက်ပွဲဖြစ်ပြီးတော့ သူတို့က Navy(၃)စီးနဲ့ ဖလက်နဲ့ချပြီးတော့ လူတွေကကြောက်ပြီးတော့ ဒီမှာပြေးလာကြတာ။ အခုကတော့ အဲဒီဒုက္ခ သည်တွေက အခုအဆောက်အဦးတွေဆောက်ပြီးတော့ အဲဒီလိုစားနေကြတာ။ အဲဒါကြောင့်မို့လို့အကူညီလေး လိုချင် လို့ပြောတာပါ။”

ဆရာတော်မိန့်တဲ့ထဲက ဖလက်နဲ့ချတယ်ဆိုတာကတော့ ရေတပ်သင်္ဘောကနေ အမြောက်နဲ့ပစ်တာကို ဒေသအခေါ် နဲ့ ပြောတာပါ။

ဇူလိုင်လ(၂၀)ရက်မနက်ပိုင်းက မေယုမြစ်ကမ်းအနီးမှာ ကျောက်ချရပ်နားထားတဲ့ တပ်မတော်(ရေ) စစ်ရေယာဉ် ၃ စီး ကိုAA အဖွဲ့ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့အပြီး မြန်မာစစ်တပ် ကနေ ကျေးရွာတော်တော်များများကို တစ်ရွာပြီး တစ်ရွာ ပိတ်ဆို့ စစ်ဆေးနေပါတယ်။

ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းကတော့ ဆန်တင်ပို့ခွင့် မရလို့ ဒေသ အတွင်း ရိက္ခာပြတ်လပ်နေပြီလို့ဆိုပါတယ်။

“ကျွန်တော့် မဲဆန္ဒနယ်မြေမှာတော့ ရိက္ခာပြတ်နေပြီ ကျွန်တော်တောင်ပို့ခွင့်မရလို့ ကျွန်တော်တောင် လုပ်နေပါတယ် ပို့ခွင့်ရအောင်။ ကျွန်တော်တို့တောင်မှ သွားလို့လာလို့မရနိုင်ဘူးလေ။ တပ်ကနေသုံး လေးရက်ပိတ်ထားပြီးဆိုရင် အဲဒီဒေသခံအခက်ခဲလေးကတော့ စားမယ့် သောက်မယ့်ဟာမရှိတော့ဘူးပေါ့။ ဒီနေ့အိမ်မှာတောင်မှ ဆန်တပြည်လောက် တောင် မရှိတဲ့သူတွေကများတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာမြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြား တိုက်ပွဲတွေကလည်း ဆက်လက်ဖြစ် နေဆဲပါ။

ဒီစစ်ရေးပဋိပက္ခတွေအတွင်း ရခိုင်ဒေသမှာတာဝန်ထမ်းဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရဲလုပ်ထုံးလုပ်နည်း၊ ရဲကျင့် ဝတ် ထက်ကျော်လွန်တဲ့လုပ်ရပ်တွေကို မပြုလုပ်ကြဖို့ AAရခိုင်တပ်တော် ကနေ မနေ့ကရက်စွဲနဲ့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေကို ရခိုင်လက်နက်ကိုင်အဖွဲ့AAပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အခုလိုပြောပါတယ်။

“သူတို့ရဲ့ ရဲလုပ်ငန်းကို ရဲမလုပ်ဘဲနဲ့ ဗမာစစ်တပ်တွေနဲ့အတူတူ စစ်ဆင်ရေးမှာ သူတို့ပါဝင်ပြီးတော့ တိုက်ခိုက်တာ နောက်ပြီးတော့ ဗမာစစ်တပ်တွေနဲ့ပူးပေါင်းပြီးတော့ပြည်သူတွေကို မတရားနှိပ်စက် ညှင်းပမ်း အနိုင်ကျင့်တာတွေ နောက် ဥပဒေမဲ့သတ်ဖြတ်တာတွေ လုပ်တာ။ အဲတာတွေ စစ်ရာဇ၀တ်မှုတွေ အများကြီးကျူးလွန်ခဲ့တာရှိတယ်။ ဒီမြောက်ဦးမြို့ နယ်ထဲမှာ ရဲစခန်းထဲကနေ လက်နက်ကြီး ပစ်တဲ့ဥစ္စာမျိုး ဆိုတော့ ဒီဟာတွေကို ရပ်တန်းကရပ်ဖို့ ကျွန်တော်တို့ကနေပြီး တော့ ဒုတိယအကြိမ်သတိပေးချက်ထုတ်ပြန်တာဖြစ်တယ်။”

ဖေဖေါ်ဝါရီလ ၈ ရက်နေ့ ကလည်း ရဲတပ်ဖွဲ့တွေကို AA ကနေ ပထမအကြိမ်အသိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီနှစ်ဆန်းပိုင်းကစပြီး ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ ဘူးသီးတောင် မြောက်ဦး ပုဏ္ဍားကျွန်းမြို့နယ်ဖက်မှာ ရှိတဲ့ ရဲတပ် ဖွဲ့စခန်းတွေကို (၄)ကြိမ်ထက်မနည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

ရသေ့တောင်မြို့နယ်၊ ရေကြောင်းလမ်းပိတ်ဆို့ပြီး ရိက္ခာကန့်သတ်ထားတဲ့ အခြေအနေနဲ့ AAအဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပက်သက်ပြီး တပ်မတော် ရဲ့သဘောထားကိုသိရှိဖို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်သွယ်မရရှိခဲ့ပါဘူး။

မြန်မာစစ်တပ်နဲ့AAအဖွဲ့တို့စစ်ရေးပဋိပက္ခအတွင်း ရခိုင်ဒေသခံရွာသား(၆၀၀၀၀)လောက် စစ်ဘေးတိမ်းရှောင်နေရပြီး တော့ စားသောက်နေထိုင်ရေးတွေမှာအခက်တွေ့နေဆဲအခြေအနေမှာရှိနေတယ်လို့ ဒုက္ခသည်ကူညီရေးအဖွဲ့ တွေ ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG