သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရန်ကုန်တိုင်း ဥပဒေချုပ်သစ် လွှတ်တော်ထံ အဆိုပြုတင်သွင်း


ရန်ကုန်တိုင်းလွှတ်တော် (MOI)

လာဘ်စားမှုနဲ့ ရာထူးက ဖယ်ရှားခံထာရတဲ့ ရန်ကုန်တိုင်း ဥပဒေချုပ် နေရာမှာ အစားထိုး ခန့်အပ်ဖို့ ဒီကနေ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းခဲ့ပါတယ်။ ခန့်အပ်ဖို့ တင်သွင်းခံရသူ အမျိုးသမီးဥပဒေချုပ် ဟာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အငြိမ်းစားညွှန်ကြားရေးမှုး ဖြစ်တယ်လို့ လွှတ်တော်မှာ တင် ပြခဲ့ပါတယ်။ သူကိုခန့် အပ်ဖို့အမည် စာရင်းသွင်းတာနဲ့ ပတ်သတ်လို့ ဥပဒေအသိုင်းအဝိုင်း မှာ အမြင်အမျိုးမျိုးရှိနေတာကို ဗွီအိုအေသတင်း ထောက်မေခက စုစည်းတင်ပြ ထားတာပါ။

လစ်လပ်နေတဲ့ ရန်ကုန်တိုင်း ဥပဒေချုပ် နေရာမှာ ခန့်အပ်ဖို့အတွက် ဒီကနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းထားတာကို တိုင်းလွှတ်တော်ဥက္ကဌ က အခုလို ဖတ်ကြားခဲ့တာပါ။

"ရန်ကုန်တိုင်း ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ်ဟာ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၁၆၆ ၊ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်ဆိုင်ရာပုဒ်မ ၅၂ နဲ့ တိုင်းဒေသကြီး ( သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာပုဒ်မ ၅၀ တို့အရ တိုင်းဒေသကြီး လွှတ်တော်၏ သဘောတူညီချက်ရယူရန်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ထံသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၈ ရက် ၉ လ ၂၀၁၈ ရက်စွဲပါ စာအမှတ် ၃/၅ အစီအမံနဲ့ ပေးပို့လာပါတယ်။ အမည်က ဒေါ်ခင်မျိုးကြည်၊ အဘအမည် ဦးအောင်သိုက် ၊ နိုင်ငံသားစစ်ဆေးရေးအမှတ်ကတော့ ၉/မရန(နိုင်) ၀၂၂၅၁၁ အဆိုပါ ပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးမှတ်တမ်းကို လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပြီးဖြစ်ပါတယ်။"

အမည်ကစာရင်းတင်သွင်းထားသူနဲ့ပတ်သတ်လို့ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကန့်ကွက်လိုတဲ့ အကြောင်း လွှတ်တော်ရုံးကိုတင်ပြလို့ရတယ်လို့ လွှတ်တော်ဥက္ကဌက ကြေညာထားပါတယ်။

ရန်ကုန်တိုင်းဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဟန်ထူးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အဂတိပုဒ်မ နဲ့အရေးယူခံခဲ့ရတာကြောင့် လက်ရှိမှာတာဝန်ကရုပ်သိမ်းခံရပြီး အမှုရင်ဆိုင်နေရပါတယ်။ ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှာ သံသယရှိသူတွေကို ပြန်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးနဲ့အတူ တိုင်းဒေသကြီး ဥပဒေအရာရှိနဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိတွေ စုစုပေါင်း ၆ ဦးကို လဘ်စားမှုနဲ့ အရေးယူခဲ့တာဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ကတော့ တိုင်းဥပဒေချုပ်အသစ်အနေနဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

"ရှေ့နေတွေထဲက ရှေ့နေတွေဆိုတာကလည်း NLD ထဲက တကယ့်ကို ကျွမ်းကျင်တဲ့ ရှေ့နေတွေဖြစ်စေ၊ အပြင်လောကကဖြစ်စေ တကယ့်ကို နိုင်ငံရေး အမြင်ရှိတဲ့ ရှေ့နေကို ခန့်တာပဲ ဆရာတို့က မူအားဖြင့်ကြိုက်တယ်။ အမျိုးသမီး၊ အမျိုးသားဆိုတာကတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့မကြိုက်သလဲဆိုတော့ စစ်အာဏာရှင်အောက်မှာ အပိုးကျိုးလာတဲ့ အမြင်ဟောင်းရှိတဲ့လူကိုတော့ မကြိုက်ဘူးပေါ့နော်"

ဥပဒေချုပ်အနေနဲ့ ဝေဖန်ခံနေရတဲ့ လက်ရှိတရားရေးကို ဘယ်လိုတည့်မတ်အောင် ထိန်းမလဲဆိုတာနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က အခုလို သုံးသပ်ပါတယ်။

"သူနဲ့ ပတ်သက်လို့ ပြောစမတ်ပြုရလောက်အောင် စံနမူနာထားရလောက်အောင် သူ့ဆောင်ရွက်ချက်က ဥပဒေ၀န်ထမ်းအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့တာကလွဲရင် ကျန်တာ ဘာမှ ကျနော်တို့ မကြားသိရဘူး။ အဲဒီတော့ ကျနော်တို့ကတော့ အားမရဘူးပေါ့နော်။ သူ့ကို ၁ နှစ်လောက်ကတော့ စောင့်ကြည့်ရမှာပေါ့နော်။ ခန့်ပြီးမှတော့ ဘာတတ်နိုင်မလဲ ဥပဒေနယ်ပယ်ကို ထိန်းနိုင်မလား ၊မထိန်းနိုင်ဘူးလား ဆိုတာကတော့ အတော်စဉ်းစားရခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းပြတ်တဲ့ ၀န်ထမ်းဖြစ်စေချင်ပါတယ်။"

ဥပဒေချုပ်ဟောင်းနဲ့ ဥပဒေအရာရှိတချို့ကို လာဘ်စားမူနဲ့ အရေးယူလိုက်တာကြောင့် တရားစီရင်ရေးအပေါ် လူထုရဲ့ယုံကြည်မှု ပြန်ရလာနိုင်စေတဲ့ အစပျိုးလုပ်ဆောင်မှု တခုအဖြစ် ဥပဒေပညာရှင်တွေက ကြိုဆိုကြပါတယ်။ ဒါပေမဲ့လည်း အသစ်တာဝန်ယူမယ့် ယိုယွင်းနေတဲ့တရားရေး၊ ယုံကြည်မှုအားနည်းနေတဲ့ တရားစီရင်ရေး၊ မှုခင်းတွေမကြာခဏဖြစ်လာတဲ့ လူပေါင်းစုံနေတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ တရားရေးကိုတည့်မတ်အောင် ထိန်းသိမ်းဖို့ အခက်အခဲတွေ ရှိနေတယ်ဆိုပြီး သုံးသပ်ပြောဆိုကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG