သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲတပ်ဖွဲ့ကို စောင့်ကြည်ရေး


ရဲတပ်ဖွဲ့ကို စောင့်ကြည်ရေး
please wait

No media source currently available

0:00 0:05:17 0:00
တိုက်ရိုက် လင့်ခ်


NLD အစိုးရသစ်လက်ထက်မှာ ခေတ်စားနေတဲ့ ရက် (၁၀၀) စီမံချက်ကို မေလ (၁) ရက်နေ့ကစပြီး တနိုင်ငံလုံးမှာ အကောင်အထည်ဖော်နေတယ်လို့ ရဲတပ်ဖွဲ့က ကြေညာပါတယ်။ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ မှုခင်းကျဆင်းရေးကို အထူးစီမံချက်အဖြစ် ရက် (၁၀၀) အတွင်း ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဖိနှိပ်မှု၊ လာဘ်စားမှု နဲ့ အခြားဖောက်ပြန်မှုတွေကြောင့် ရဲတပ်ဖွဲ့ကို ပြည်သူက အယုံအကြည်မရှိတာ များပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဟာ အနောက်တိုင်း အကူအညီနဲ့ နာမည်ကောင်းရအောင် ကြိုးပမ်းနေပုံ ရပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့ ဖြစ်လာရေးအတွက် EU ဥရောပအဖွဲ့က ၂၀၁၄ ကစပြီး သင်တန်းတွေပေးနေပါတယ်။

ဒီနှစ်သင်္ကြန်မှာ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို ချီးကျူးကြတာ တွေ့ရပါတယ်။ ပြည်သူတွေ ပျော်ရွှင်အောင် ရေကစားနိုင်အောင် ရဲတပ်ဖွဲ့က စောင့်ရှောက်ပေးနိုင်ပါတယ်။ NLD အစိုးရရဲ့ ပထမအကြိမ် သင်္ကြန်မှာ ရဲတပ်ဖွဲ့ရဲ့ ကူညီစောင့်ရှောက်မှုကို ပြည်သူတွေ အံ့သြကြရပါတယ်။ ပြည်သူ့ဆက်ဆံရေး အတတ်ပညာကျွမ်းကျင်မှုကို ပြသသလို ဖြစ်နေပါတယ်။ ရဲတပ်ဖွဲ့ကို ကျေးဇူးတင်ကြောင်း နိုင်ငံ့ခေါင်းဆောင် ဒေါ်စုကလည်း ထုတ်ဖော်ပြောဆိုပါတယ်။ ဒါပေမဲ့ စစ်အစိုးရခေတ်မှာ အကျင့်ပျက်ပြီး အကြီးအကျယ် ဖောက်ပြန်ခဲ့တဲ့ ရဲတပ်ဖွဲ့ကို ပြည်သူလူထုက အမြဲစောင့်ကြည့်ဖို့ လိုပါတယ်။

ရဲတပ်ဖွဲ့ဟာ အစိုးရစစ်တပ်ရဲ့ လက်အောက်ခံတပ်ဖွဲ့ သဘောမျိုးနဲ့ ရပ်တည်ခဲ့ရာက ဦးသိန်းစိန်အစိုးရ တက်လာတဲ့အခါ သီးခြားရပ်တည်တဲ့ အဖွဲ့အစည်းသဘောနဲ့ လုပ်ကိုင်ဆောင်ရွက်မယ့် ပုံပေါ်နေပါတယ်။ လာမယ့် (၄) နှစ်အတွင်း အင်အား ရှစ်သောင်းကနေ တသိန်းခွဲအထိ တိုးချဲ့ဖို့ ရည်ရွယ်တာမို့ နေ့စဉ်ဘဝမှာ ပြည်သူနဲ့ ရဲအထိအတွေ့ များလာဖွယ် ရှိပါတယ်။ လူ့အခွင့်အရေး၊ ရပ်ကွက်စောင့်ရှောက်ရေး၊ အဓိကရုဏ်း ထိန်းသိမ်းရေး စတာတွေကို အနောက်တိုင်း အကူအညီနဲ့ လေ့လာပါတယ်။ ဒါပေမဲ့ နယ်စပ်ဒေသတွေမှာ ရဲတပ်ဖွဲ့ဟာ အစိုးရတပ်ရဲ့ ညီနောင်တပ်ဖွဲ့အဖြစ် လက်တွဲဆောင်ရွက်တာမို့ စစ်တပ်နာမည်ပျက်သလို ရဲတပ်ဖွဲ့လည်း နာမည်ဆိုး ထွက်ပါတယ်။ ထိပ်ပိုင်းရဲအရာရှိထဲမှာ (၁၀) ရာခိုင်နှုန်းဟာ စစ်ဗိုလ်ဟောင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဖြစ်သူ စစ်ဗိုလ်ရဲ့ လက်အောက်ခံဌာန ဖြစ်ပါတယ်။

မဆလခေတ် ပြည်သူ့ရဲတပ်ဖွဲ့ကို နာမည်ဖျက်သူဟာ လုံထိန်းတပ်ဖွဲ့ ဖြစ်ပါတယ်။ ကျောင်းသားနဲ့ ပြည်သူ့အုံကြွမှုတွေကို လုံထိန်းတပ်ဖွဲ့က အရင်ဆုံး နှိမ်နင်းလေ့ ရှိပါတယ်။ လုံထိန်းမနိုင်တဲ့အခါမှာ စစ်တပ် ပါဝင်လာတာဖြစ်လို့ လုံထိန်းနဲ့ စစ်တပ်ဟာ အကြမ်းဖက်ပြီး ဖိနှိပ်ညှဉ်းပမ်းတဲ့ တပ်ဖွဲ့တွေ ဖြစ်လာပါတယ်။ ၁၉၈၈ မှာ စစ်အစိုးရတက်လာတဲ့အခါ နာမည်ပျက်တဲ့ ပြည်သူ့ရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့လို့ နာမည်ပြောင်းလိုက်ပြန်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရရဲ့ ဖိနှိပ်ရေးတပ်ဖွဲ့အဖြစ် အသုံးခံနေရပြီး အဂတိလိုက်စားမှု များလွန်းတာမို့ ပြည်သူ့ယုံကြည်လေးစားမှုမရတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ ရဲတပ်ဖွဲ့နဲ့ တရားစီရင်ရေးဌာန ဝေစားမျှစားလုပ်ပြီး ကိုယ်ကျိုးစီးပွားအတွက် လုပ်ကိုင်ကြပါတယ်။ အဂတိလိုက်စားမှုမှာ နာမည်ဆိုးထွက်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းကို လက်ကိုင်ထားရမယ်၊ တာဝန်ခံမှု အပြည့်အဝ ရှိရမယ်၊ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရယူရမယ်လို့ လက်ခံထားကြောင်း Police Reform in Burma ဆိုတဲ့ စာတမ်းမှာ သုတေသီ Andrew Selth က တင်ပြပါတယ်။ ဒီရည်ရွယ်ချက်တွေကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ဖို့အတွက် ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ရိုသေလေးစားမှုကို ရရှိဖို့ လိုပါတယ်။ ပြည်သူလူထုပေးတဲ့ သတင်းအချက်အလက်ကို အားကိုးပြီး ဆောင်ရွက်ရတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် အရင်လို အစိုးရအမိန့်ကို အကောင်အထည်ဖော်တဲ့အဖွဲ့ဆိုတဲ့ အမြင်ကို ပြောင်းလဲရလိမ့်မယ်လို့ ဆိုပါတယ်။ အကျင့်ဟောင်းကို ပြောင်းလဲရမှာမို့ အချိန်ကြာလာမှာသာ အကျိုးခံစားရမယ့် ပုံပေါ်နေပါတယ်။

လုပ်ပိုင်ခွင့်အာဏာရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက် ရဲအဖွဲ့ရဲ့ ဖောက်ပြန်မှုကို ဒီမိုကရေစီ နိုင်ငံတိုင်းမှာ အနည်းနဲ့အများ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းပဋိပက္ခ ပြင်းထန်တဲ့နေရာတွေမှာ ရဲအဖွဲ့ရဲ့ အဆိုးဝါးဆုံးသော ဖောက်ပြန်မှုတွေကို တွေ့နိုင်ပါတယ်။ Afghanistan နိုင်ငံမှာ ရဲအဖွဲ့ ဖောက်ပြန်မှု လွန်ကဲတဲ့အတွက် အမေရိကန် ဦးဆောင်တဲ့ NATO နိုင်ငံများအဖွဲ့က ရဲသင်တန်း ပေးနေရပါတယ်။ အမှုဖြစ်ရင် ရဲအဖွဲ့ကို အကြောင်းမကြားဘဲ Taliban သူပုန်အဖွဲ့ကို အကူအညီတောင်းတဲ့အထိ Afghan ပြည်သူတွေဟာ ရဲအဖွဲ့ကို ကြောက်လန့်ပြီး စက်ဆုပ်ရွံရှာနေကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း ရဲအဖွဲ့ရဲ့လက်လွန်မှုနဲ့ ဖောက်ပြန်မှုဟာ သတင်းခေါင်းစီးတွေ ဖြစ်နေပါတယ်။ ရဲဌာနပေါင်း (၁၇၀၀၀) ကျော်ရှိတဲ့အနက် မိမိရဲ့ ဖောက်ပြန်မှုကို စီစစ်လေ့လာတဲ့ဌာန အနည်းငယ်သာ ရှိပါတယ်။ ဒါကြောင့် ရဲဖောက်ပြန်မှု စောင့်ကြည့်သတင်းပို့ရေး စီမံကိန်း National Police Misconduct Reporting Project ကို ဝါရှင်တန်ဒီစီ အခြေစိုက် Cato Institute က ၂၀၀၉ ကစပြီး အကောင်အထည် ဖော်နေပါတယ်။ ပြည်သူလူထု ပေးပို့တဲ့ ရဲဖောက်ပြန်မှုတွေကို သီးသန့်စာစောင်မှာ ဖော်ပြပါတယ်။ မြန်မာပြည်မှာလည်း လူမှုကွန်ရက်ခေတ်စားတာမို့ အလာတူ ရဲအဖွဲ့ စောင့်ကြည့်ရေးစီမံချက် ပေါ်ထွက်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

XS
SM
MD
LG