သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မြန်မာဆောင်ရွက်မည်


ကုလလုံခြုံရေးကောင်စီ
ကုလလုံခြုံရေးကောင်စီ

မြောက်ကိုရီးယားက မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားပေမယ့် မြန်မာနိုင်ငံက မြောက်ကိုရီးယားမှာ သံရုံးဖွင့်မထားတာဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်းက ဗွီအိုအေကို ပြောပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားရဲ့ စစ်ရေး ခြိမ်းခြောက်မှုကို ဒေသတွင်းသာမက တကမ္ဘာလုံးက စိုးရိမ်မကင်း ဖြစ်နေတဲ့အပေါ်မှာ မြောက်ကိုရီးယား အနေနဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ မြောက်ကိုရီးယားအပေါ် သံတမန်ရေးနည်းလမ်းအပြင် ကုန်သွယ်ရေးအရပါ ဖိအားပေး လုပ်ဆောင်ကြဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို အမေရိကန်အစိုးရက တိုက်တွန်း ပြောဆိုလိုက်ပြီး ရက်ပိုင်းအကြာမှာပဲ သံအမတ်ကြီး ဦးအောင်လင်းက အခုလို ပြောကြားလိုက်တာပါ။

မြောက်ကိုရီးယားနဲ့ မြန်မာဆက်ဆံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သံအမတ်ကြီး ဦးအောင်လင်းကို မအင်ကြင်းနိုင်က စတင် မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

သံအမတ်ကြီး။ ။ ကျနော်တို့ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားလို့ခေါ်တဲ့ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတ နိုင်ငံဟာ သံတမန် အဆက်အသွယ်ရှိပါတယ်။ သို့ရာတွင် မြောက်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ပြုံယမ်းမှာတော့ မြန်မာသံရုံး ဖွင့်လှစ်ထားခြင်းမရှိပါဘူး။ မြောက်ကိုရီးယားဆိုင်ရာ မြန်မာသံအမတ်ကြီးကိုတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး ကနေ တွဲပြီးတော့ တာဝန်ထမ်းဆောင်ပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားနိုင်ငံမှာ ကျနော်တို့ မြန်မာသံရုံးမရှိပါဘူး ခင်ဗျ။

အင်ကြင်းနိုင်။ ။ မြောက်ကိုရီးယားနဲ့ မြန်မာ သံတမန်ရေး ဆက်ဆံရေးကရော အခု ဘယ်လိုရှိပါသလဲရှင့်။

သံအမတ်ကြီး။ ။ နိုင်ငံတကာ ဆက်ဆံရေးမှာ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝါဒကို အကောင်အထည်ဖေါ်တဲ့နေရာမှာ နိုင်ငံအားလုံးနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ထောင်မယ်ဆိုတဲ့ နိုင်ငံခြားရေးဝါဒကို အကောင်အထည်ဖေါ်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ မြောက်ကိုရီးယားနိုင်ငံကနေပြီးတော့ မြန်မာနိုင်ငံနဲ့ သူတို့ သံတမန်ဆက်သွယ်ရေး ပြုလုပ်ချင်ပါတယ်ဆိုပြီးတော့ သူတို့ ကမ်းလှမ်းတဲ့ဟာကို ကျနော်တို့ တုန့်ပြန်တဲ့ အနေနဲ့ သံတမန်အဆက်အသွယ်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီလို ပြန်ပြီးတည်ထောင်တဲ့နေရာမှာ ပြောရမယ်ဆိုရင် ၁၉၈၃ခုနှစ်မှာ ကျနော်တို့ ဖြစ်ရပ် တခု ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ကျနော်တို့ဟာ မြောက်ကိုရီးယားနဲ့ သံတမန်အဆက်အသွယ် ဖြတ်ခဲ့ပါတယ်။ သို့ရာတွင် ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ သူတို့ဘက်ကနေပြီးတော့ သံတမန်အဆက်အသွယ်ပြန်လည် စတင်ဖို့ ကမ်းလှမ်းခဲ့တာကို ကျနော်တို့ တုန့်ပြန်တဲ့အနေနဲ့ သံတမန်အဆက်အသွယ် ကျနော်တို့ ပြန်လည် စတင်ခြင်းဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။အခုမြောက်ကိုရီးယားသံအမတ်အဆင့်ကတော့ မြန်မာနိုင်ငံမှာရှိနေတာပေါ့နော်။

သံအမတ်ကြီး။ ။ဟုတ်ပါတယ်။

အင်ကြင်းနိုင်။ ။အဓိက မြန်မာဘက်က mission က မြောက်ကိုရီးယားမှာ သွားပြီးမထားတဲ့အကြောင်းအရင်းကရော ဘာကြောင့်ပါလဲရှင့်။

သံအမတ်ကြီး။ ။ မထားတဲ့အကြောင်းအရင်းကတော့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးမှာဆိုရင် သံတမန်နဲ့ဆက်သွယ်ရေးမှာ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အခုဆက်ဆံရေးမှာ မရှိသလောက်ပါပဲ။ မရှိဘူးဆိုတာကလည်း အားလုံးသိကြတဲ့အတိုင်း ကုလသမဂ္ဂ လုံခြံရေးကောင်စီကနေပြီးတော့ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့ စီးပွားရေးပိတ်ဆို့မှုတွေရှိပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေမှာ နိုင်ငံအားလုံးကနေလိုက်နာဖို့ဆိုပြီးတော့ကုလသမဂ္ဂ လုံခြံရေးကောင်စီကဆုံးဖြတ်ချက်တွေနဲ့ ချမှတ်ထားတဲ့အတွက် ကျနေ်ာတို့အနေနဲ့ကလည်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့ ပြုလုပ်ထားတဲ့စီးပွားရေးအဆက်အသွယ်တွေကို ကုလသမဂ္ဂ လုံခြံရေးကောင်စီက ဆုံးဖြတ်ချက်တွေနဲ့အညီ ကျနေ်ာတို့ ဆောင်ရွက်ခြင်းမရှိပါဘူး။ အဲဒါကြောင့်မို့လို့ မြောက်ကိုရီးယားနိုင်ငံမှာ သံရုံးဖွင့်ထားခြင်းမရှိတာဖြစ်ပါတယ်။ ၂ နိုင်ငံက ပြည်သူတွေကလည်း ၂ နိုင်ငံအကြားမှာ သွားလာတာကလည်း ဒီလောက်မရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ပြီးခဲ့တဲ့အပတ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Tillerson နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး တွေ့တယ်။ နောက်မြန်မာဘက်ကလည်း အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းလည်း တတ်ရောက်တဲ့အခါကျတော့ အဲဒီမှာ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ဘက်က ဘယ်အချက်တွေကို အာဆီယံဘက်က လုပ်ပေးနိုင်မလဲဆိုတဲ့အပိုင်းဆွေးနွေးတဲ့အခါမှာ မြောက်ကိုရီးယားနဲ့ သံတမန်ရေးလျှော့ချဖို့ ကိစ္စတို့ နောက်ပြီးတော့ မြောက်ကိုရီးယားနဲ့စီးပွားရေးဆက်ဆံရေး၊ ကုန်သွယ်မှုတွေကို ပိတ်ဆို့ဖို့ သူတို့တိုက်တွန်းတာမျိုးလည်းရှိခဲ့တော့ ဒီအပေါ်မှာရော သံအမတ်ကြီးတို့ သဘောထားတွေရော ဘယ်လိုရှိပါသလဲရှင့်။

သံအမတ်ကြီး။ ။ကောင်းပါပြီ ဒီအစည်းအဝေးဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တို့တွေ့ဆုံတဲ့ အစည်းအဝေးပါ။ အမေရိကန်အစိုးရ အသစ်တက်ရောက်ပြီးတဲ့နောက်ပိုင်း ပထမဆုံးတွေ့တဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ ဒေသဆိုင်ရာ ကိစ္စတွေကိုဆွေးနွေးတဲ့အခါမှာ မြောက်ကိုရီးယားနိုင်ငံကိစ္စတွေလည်း ပါပါတယ်။ မြောက်ကိုရီးယားနိုင်ငံကိစ္စပါတဲ့နေရာမှာ အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး သူတို့ရင်ဆိုင်ရတဲ့ ကိစ္စတွေ ပြောတယ်။ ပြောတဲ့နေရာမှာ သူကနေပြီးတော့ဆက်လက်ပြီးဆောင်ရွက်သွားမယ့် ကိစ္စတွေကို အာဆီယံနိုင်ငံတွေကို မိတ်ဆွေနိုင်ငံအနေနဲ့ သတ်မှတ်ပြီးတော့ သူတို့ဘက်ကနေပြီးတော့ ထောက်ခံပေးပါဆိုပြီးပြောတာရှိပါတယ်။

မြောက်ကိုရီးယားနိုင်ငံအပေါ်ကို ကုလသမဂ္ဂ လုံခြံရေးကောင်စီမှာ လည်း သူတို့ဆုံးဖြတ်ချက်မူကြမ်းအသစ်ကိုလည်း တင်ဖို့ရှိပါတယ်။ တင်ပြီးတော့ သူတို့ဆုံးဖြတ်ချက်မူကြမ်းတွေကို အတည်ပြုပြီးတဲ့အခါကျရင် ဖြစ်ပေါ်လာမယ့်ဟာတွေကိုလည်း အာဆီယံနိုင်ငံ တွေကနေပြီးတော့ ထောက်ခံပေးပါလို့ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ အရင်ကဆုံးဖြတ်ထားတဲ့ ကုလသမဂ္ဂ လုံခြံရေးကောင်စီ ဆုံးဖြတ်ချက်တွေကိုလည်း လိုက်နာပါမယ်ဆိုပြီးတော့ ကတိကဝတ်ပေးပြီးသားဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ဆုံးဖြတ်ချက်အသစ်တွေကို ချမှတ်ပြီးတဲ့အခါဆိုရင်လည်း ဆုံးဖြတ်ချက်အသစ်တွေကိုမူတည်ပြီးတော့ ကုလသမဂ္ဂ လုံခြံရေးကောင်စီ ဆုံးဖြတ်ချက်တွေဖြစ်မယ်ဆိုရင်တော့ အဖွဲ့ဝင်တွေက လိုက်နာဖို့တာဝန်ရှိတာနဲ့အညီ ကျနေ်ာတို့လည်း လိုက်နာဖို့ရှိပါတယ်။

အင်ကြင်းနိုင်။ ။နောက်ဆုံးအချက်ကတော့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မူကိစ္စကို မြန်မာနိုင်ငံဘက်ကရော ဘယ်လိုသဘောထားရှိပါသလဲရှင့်။

သံအမတ်ကြီး။ ။မြန်မာနိုင်ငံရပ်တည်ချက်ကတော့ ရှင်းလင်းပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်တဲ့အညီ ကုလသမဂ္ဂ လုံခြံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ် ဆိုတာကို ယခင်ကလည်းပြောပါတယ်။ ယခုလည်းပြောပါတယ်၊ နောင်လည်းပြောဖို့ရှိပါတယ်။မြန်မာနိုင်ငံက ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်တဲ့အတွက်ကြောင့် လုံခြံရေးကောင်စီ ဆုံးဖြတ်ချက်တွေ ချမှတ်ထားတာကို လိုက်နာပါတယ်ဆိုတာကိုလည်း ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။ ကျန်တဲ့နိုင်ငံတွေကိုလည်း လိုက်နာဖို့မျှော်လင့်ပါတယ်ဆိုတာလည်း ပြောခဲ့ပါတယ်ခင်ဗျ။

အင်ကြင်းနိုင်။ ။ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်။အခုလိုဖြေပေးတာ။

သံအမတ်ကြီး။ ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG