ဆန်၊ စပါးဈေးနှုန်းတည်ငြိမ်ဖို့နဲ့ ပြည်တွင်းမှာ ဖူလုံဖို့ သိုလှောင်ရုံတရုံကို ဆန်တန်ချိန် ၂၅တန် - စပါးတင်းရေ ၂,၅၀၀ထက်ပိုပြီး မသိုလှောင်ရဘူးဆိုတဲ့ကန့်သတ်ချက်ကို စစ်ကောင်စီက ကြာသပတေးနေ့က ထုတ်ပြန်လိုက်ပါတယ်။ အခုနှစ်မှာ ရေဘေးသင့်လို့စိုက်ပျိုးမြေဧကတွေ အများကြီး ထိခိုက်ပျက်စီးခဲ့ပြီး စပါးအထွက်နှုန်း သိသိသာသာကျသွားနိုင်ခြေရှိတဲ့အတွက် အခုလို သိုလှောင်နိုင်တဲ့ပမာဏလျှော့ပြီး ကန့်သတ်လိုက်တာဖြစ်နိုင်တယ်လို့ ဆန်၊ စပါးလုပ်ငန်းရှင်တွေ သုံးသပ်ပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်းက တင်ပြပေးထားပါတယ်။
ဆန်၊ စပါး သိုလှောင်မဲ့သူတွေအနေနဲ့ အခုနှစ်မှာ သိုလှောင်ရုံတခုမှာ ဆန်တန်ချိန် ၂၅ တန်နဲ့အထက် ဒါမှမဟုတ် စပါးတင်းရေ ၂,၅၀၀ ထက်ပိုပြီး မသိုလှောင်ရဘူးလို့ စစ်ကောင်စီ စီးပွားကူးသန်းဌာနက နိုဝင်ဘာ ၂၁ ရက်ကထုတ်ပြန်ကြေညာထားပါတယ်။ ဒီပမာဏဟာ ၂၀၂၃ ခုနှစ်က သူတို့စပြီး သတ်မှတ်ခဲ့တဲ့ ကန့်သတ်ပမာဏထက်ထက်ဝက်လျော့သွားတာပါ။ ဒီလိုမျိုး သိုလှောင်တန်ချိန်ကို လျှော့ချလိုက်တာဟာ အခုနှစ် စပါးအထွက်နည်းမယ်ဆိုတာစစ်ကောင်စီဘက်က ခန့်မှန်းထားလို့ ဖြစ်ကြောင်း ပဲခူးတိုင်းက ဆန်စက်လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။
"အဓိကတော့ သူကတော့ အကြောင်းအချက်တွေကတော့ အများကြီးပေါ့၊ နံပါတ် ၁ ဆိုရင် အထွက်နှုန်း လျော့မယ်ဗျာ၊လျော့မှာဖြစ်လို့ ပြည်တွင်းစားသုံးမှုမှာ ဆန်လည်ပတ်မှုက အရင်ကထက် လျော့သွား မှာလည်း ကြောက်တာကိုး။နောက်တခု ဈေးကွက်ပေါ့။ လှောင်တဲ့သူကလည်း သူက ကိုက်မှပြန်ထုတ် မှာကိုး၊ မကိုက်ရင် မထုတ်ဘူး။ မထုတ်တဲ့အခါကျတော့ ပစ္စည်းတွေက စပါးတွေပဲဖြစ်နေပြီး ဆန် မထွက်လာရင်လည်း ဈေးကွက်က ထိန်းလို့မရဘူးလေ။ ဒါတွေလည်း ပါမှာပေါ့။"
စပါးစိုက်ဧကများတဲ့ ပဲခူးတိုင်းမှာ အရှေ့ဘက်ခြမ်းတခုလုံး ဩဂုတ်လထဲမှာ ရေကြီးနစ်မြုပ်ခဲ့ပြီး တချို့လယ်တွေကအခုအထိ ပြန်မစိုက်လို့ မရသေးဘူလို့ လယ်သမားတွေက ပြောပါတယ်။ ဧရာဝတီတိုင်းမှာလည်း စိုက်ပျိုးမြေဧကအများကြီး ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါကြောင့် အခုမိုးစပါး ပေါ်ပေါ်ခြင်းမှာ စပါးတင်း ၁၀၀ ကို ကျပ် ၂၁ သိန်းပေါက်နေတာ ဖြစ်ပါတယ်။ ဒီဈေးနှုန်းအတိုင်း ရမယ်ဆိုရင် ဆုံးရှုံးထားတဲ့ပမာဏကို ကာမိလိမ့်မယ်လို့ ဧရာဝတီတိုင်းကလယ်သမားတဦးက ဗွီအိုအေကို ပြောပါတယ်။
"ပျက်စီးခဲ့တော့ စပါးအထွက်နှုန်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး ပျမ်းမျှအားဖြင့်တောင်မှ ၃၅ ရာခိုင်နှုန်းလောက် လျော့သွားမယ်လို့ တွက်လို့ရတာပေါ့။ ဆန်ဈေးကွက်နဲ့ လက်ရှိစပါးဈေးနဲ့က တကယ်တမ်း ကိုက်ညီမှု မရှိဘူးလေ။ အခု ဒီဈေးတန်းတွေကတော့ အားလုံးအတွက် ဒါဟာ ပျမ်းမျှ အမှန်ပါပဲပေါ့။ လက်ရှိ ဆန်ဈေးနှုန်းနဲ့ စပါးက ဒီဈေးတန်းတွေသာ တကယ်ရောင်းရရင် ၂၁ သိန်းဆိုတဲ့ ဈေးတန်းကတော့ တကယ်တမ်းတော့ တောင်သူလည်း အဲလောက်နစ်နာတဲ့ ဈေးတန်းတော့ မဟုတ်ဘူးပေါ့။"
စီးပွားကူးသန်းဌာနကတော့ သူတို့ထုတ်ပြန်ထားတဲ့ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို ဒီဇင်ဘာလ၂၃ ရက်မှာ အပြီးဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါကို ချိုးဖောက်တယ်ဆိုရင် စပါးသိုလှောင်သူတွေကိုစပါးနဲ့သက်ဆိုင်တဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်တွေကို ယာယီပိတ်သိမ်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
တချို့သိုလှောင်သူတွေကတော့ သိုလှောင်ရုံတခုမှာ သတ်မှတ်ထားတဲ့ ပမာဏအတိုင်း သိုလှောင်ထား ပေမဲ့ နောက်ထပ်သိုလှောင်ရုံ အများအပြားခွဲထုတ်ပြီး ဒီအမိန့်ကို ရှောင်ရှား၊ ဈေးကစားကြတယ် လို့လည်း ဆန်လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပြခဲ့ပါတယ်။
Forum