သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနိမ့်ဆုံး စပါးဈေး တင်း ၁၀၀ ကျပ် ၅ သိန်းနှုန်း သတ်မှတ် 


မျှတတဲ့စပါးဈေးကွက် ဖြစ်လာဖို့အတွက် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့က အခြေခံရည်ညွှန်း စပါးဈေးကို တင်းတရာ ကျပ်ငါသိန်း သတ်မှတ်လိုက်ပြီး အဲဒီအတိုင်း ရောင်းဝယ်ဖောက်ကားအောင် စောင့်ကြည့်သွားမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ အခု အစိုးရကသတ်မှတ်တဲ့ဈေးဟာ ရည်ညွှန်းဈေးနှုန်းသာဖြစ်ပြီး မြေပြင်အခြေအနေမှာတော့ သတ်မှတ်အရည်အသွေးမီတဲ့ စပါးကိုတောင် ဈေးနှိမ်ဝယ်ယူတာ ရှိနေတဲ့အတွက် အရည်အသွေးမမီရင် ပိုအနှိမ်ခံရနိုင်တယ်လို့ တောင်သူလယ်သမား အဖွဲ့အစည်းတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က မေးမြန်းပေးပို့ထားပါတယ်။

၂၀၁၉ ထွက်မယ့်မိုးစပါးနဲ့ ၂၀၂၀ နွေစပါးဈေးကို လယ်သမားတွေဆီက ကုန်သည်တွေက ဝယ်ယူမယ်ဆိုရင် တင်း ၁၀၀ ကို ကျပ်ငါးသိန်းပေးပြီး ဝယ်ယူဖို့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ၁၅ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ စပါးအစိုဓာတ် ၁၄% ၊ ၄၆ပေါင်အလေးချိန်ရှိတဲ့ စပါးတင်း ၁၀၀ ကို ကျပ်ငါးသိန်းနဲ့ အရောင်းအဝယ် လုပ်ကြဖို့ ဆန်စက်လုပ်ငန်းရှင်တွေ၊ ဆန်ကုန်သည်တွေနဲ့ ကုမ္ပဏီတွေကို ဒီကြေညာချက်မှာ တိုက်တွန်းထားတာပါ။

အခုသတ်မှတ်ထားတဲ့ အခြေခံစပါးဈေးနှုန်းဟာ ရည်ညွှန်းဈေး ဖြစ်ပေမဲ့ လယ်သမားနဲ့ ကုန်သည် ဈေးကွက်အပြောင်းအလဲအပေါ် မူတည်ပြီး လွတ်လပ်စွာ ရောင်းဝယ်နိုင်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာနှင့်ဆည်မြောင်း ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့ ရည်ရွယ်ချက်ကတော့ တောင်သူတွေ သူတို့အခွင့်အရေး မနစ်နာအောင် သဘောမျိုးနဲ့ အခြေခံစပါးဈေးနှုန်းကို သတ်မှတ် ပေးတာပေါ့နော်။ တကယ်လို့ အဲဒီဈေးနဲ့ မညီသော်လည်းပဲ ဈေးကွက်မှာ ရောင်းသူကလည်းကျေနပ်၊ ဝယ်သူကလည်း ကျေနပ်ဆိုရင်တော့ ဒါ သူတို့သဘောနဲ့ ရောင်းဝယ်လို့ ရပါတယ်။ ကျနော်တု့ိကတော့ အဲဒီ အရည်အသွေးနဲ့ ညီတဲ့စပါးဈေးဟာ ၅သိန်းအောက် ရောက်တယ်ဆိုရင် ကျနော်တို့က သက်ဆိုင်ရာ ဆန်စပါးအသင်းချုပ်တို့ ဘာတို့နဲ့ ပူးပေါင်းပြီးတော့ ဒီဈေး( ၅သိန်းဈေး) နဲ့ဝယ်ဖို့ စီစဉ်ရမှာပေါ့။”

တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဥပဒေအတိုင်းဆိုရင် ကောက်ပဲသီးနှံ ဈေးနှုန်းတွေ ထုတ်လုပ်တဲ့ ကုန်ကျစရိတ်နဲ့ မကိုက်ရင် အစိုးရက ဝယ်ယူပေးရမှာဖြစ်ပြီး ဒီအတွက်ကျပ်ငွေ ၁၅ဘီလီယံကို အခုနှစ်အတွက် လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက သြဂုတ်လ ၂၇ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကတော့ ၁၇ ဘီလီယံ လျာထားခဲ့ပါတယ်။

ဒီလိုအရေးပေါ် ဆန်ဝယ်ယူရေးအပိုင်းကို စီးပွားကူးသန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးဦးဆောင်တဲ့ လယ်ယာထွက်ကုန်၊ ထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့က မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နဲ့ ပူးပေါင်းပြီး ဆန်ဝယ်ယူဖို့ အစီအစဉ်တွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

အစိုးရကတရားဝင် စပါးဈေးနှုန်းကို သတ်မှတ်လိုက်ပေမဲ့ လက်ရှိဈေးကွက်မှာ ငါးသိန်းဈေးအောက်ပဲ ပေါက်ဈေးရှိနေလို့ လယ်သမားတွေအတွက် အခက်အခဲ ရှိပါတယ်။ စပါးပေါ်ချိန် ငွေလိုအပ်နေတာကြောင့် ကုန်သည်၊ ပွဲစားတွေသတ်မှတ်တဲ့နှုန်းနဲ့ပဲ နှိမ်ရောင်းနေရပါတယ်။

စိုက်ပျိုးကုန်ကျစရိတ်ထက် နည်းတဲ့ဈေးနဲ့ ဈေးကွက်မှာ နှိမ်ပြီးဝယ်ယူလာရင်တော့ သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းတွေကို တိုင်ကြားသွားမှာဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး တောင်သူ၊ လယ်သမားအသင်း အတွင်းရေးမှူး ဦးအေးသောင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ အင်း တရားဝင် သတ်မှတ်တာတော့ ကောင်းတာပေါ့။ ဒါပေမဲ့ လက်ရှိက အမှန်တကယ်ကတော့ မိုးစပါး ငါးသိန်းဆိုတာ နည်းတော့ နည်းတာပေါ့။ နည်းပေမဲ့ လက်ရှိက ငါးသိန်းဈေးကို မဖြစ်ဘူးလေ။ လယ်သမားကလည်း စပါးက ကြာကြာ(လက်ထဲမှာ) မထားနိုင်ဘူးလေ။ ငါးသိန်းဈေး သတ်မှတ်ထားတော့ သူတို့ (ကုန်သည်တွေ) က ငါးသိန်းဈေး မပေးဘဲ ချိန်ကြည့်နေမယ်ဆိုရင် သူတို့ဘက်က ကြည့်လို့ရတာပေါ့။ ဒါပေမဲ့ အလျင်းမဝယ်ဘဲ ထိုင်နေမယ် ဆိုရင်တော့ ပြောတော့ ပြောရတော့မှာပေါ့။”

မိုးစပါး ၁ဧက စိုက်ပျိုး ကုန်ကျစရိတ်က သုံးသိန်းဝန်းကျင်ရှိပြီး အထွက်နှုန်းက ၁ဧက တင်း၆၀နဲ့ ၇၀ ကြားရှိပါတယ်။ ဒီအတွက် တင်း ၁၀၀ ကျပ်ငါးသိန်းနှုန်းက အဆင်ပြေနိုင်ပေမဲ့ ဒီထက်လျော့ပြီး ဝယ်မယ်ဆိုရင်တော့ အခက်အခဲကြုံနို်င်တယ်လို့ ဦးအေးသောင်းက ပြောပါတယ်။

အစိုးရသတ်မှတ်ထားတဲ့ အခြေခံစပါးဈေး တင်း ၁၀၀ကို ဈေးနှိမ်ပြီး ၄၂၀၀၀၀ကျပ်နဲ့ ကုန်သည်တွေက ဝယ်ယူခဲ့တာကြောင့် ပဲခူးတိုင်း သာယာဝတီခရိုင်က လယ်သမားတွေဟာ ၂၀၁၉ မတ်လ ၂၄ရက်မှာ လူအင်အား ၅၀၀ လောက်နဲ့ ပထမဆုံးအကြိမ် စုဝေးတောင်းဆိုခဲ့ဖူးပါတယ်။

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ၂၀၁၃ အောက်တိုဘာလမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တာပါ။ ဒီဥပဒေရဲ့အခန်း (၂) ရည်ရွယ်ချက်မှာ တောင်သူလယ်သမားတွေကို သင့်တင့်တဲ့ချေးငွေ အထောက်အကူပြုဖို့ အပါအဝင် လယ်ယာ ထုတ်ကုန်တွေ ရောင်းချတာမှာ သင့်တော်တဲ့ ဈေးနှုန်းနဲ့ ဈေးကွက် ရရှိဖို့ ကူညီဆောင်ရွက်ရန်ဆိုတဲ့ အချက် ၇ချက်ကို ထည့်သွင်း ဖော်ပြထားပါတယ်။

.........................

{Unicode}














တိုက်ရိုက် လင့်ခ်


XS
SM
MD
LG