သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတ်မှတ်ဈေးနဲ့ စပါးဝယ်ဖို့ လယ်သမားတွေ တောင်းဆိုဆန္ဒပြ


မြန်မာလယ်သူမတဦး (နိုဝင်ဘာ၊ ၀၉၊ ၂၀၁၈)
မြန်မာလယ်သူမတဦး (နိုဝင်ဘာ၊ ၀၉၊ ၂၀၁၈)

ဒီနှစ်နွေစပါးပေါ်ချိန်မှာ ဆန်ကုန်သည်တွေက အစိုးရသတ်မှတ်ထားတဲ့ စပါးဈေးထက် နှိမ်ပြီးဝယ်နေကြလို့ အရှုံးပေါ်နေတဲ့ ပဲခူးတိုင်းက လယ်သမားတွေဟာ မတ်လ ၂၄ ရက်မှာ လူအင်အား ၅၀၀ ကျော်နဲ့ ပထမဆုံးအကြိမ် စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ စပါးဈေးကျလို့ အစိုးရဘဏ်ချေးငွေ ပြန်မဆပ်နိုင်ကြတဲ့ လယ်သမားတွေဟာ ရပ်တည်ဖို့ခက်ခဲလာတာကြောင့် အစိုးရက ကြားဝင် ကူညီဖြေရှင်းပေးဖို့လည်း လယ်သမားအဖွဲ့အစည်းတွေက တောင်းဆိုကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုဇော်ထက်က ပြောပြပေးထားပါတယ်။

အစိုးရ သတ်မှတ်ထားတဲ့ အခြေခံစပါးဈေး တင်း ၁၀၀၊ ကျပ် ၅ သိန်းနဲ့ ကုန်သည်တွေ ဝယ်ယူပေးဖို့နဲ့ ဈေးနှိမ်ဝယ်ယူတဲ့ ကုန်သည်တွေကို အလိုမရှိကြောင်းကြွေးကြော်ပြီး ပဲခူးတိုင်း သာယာဝတီခရိုင်က လယ်သမားတွေဟာ ဒီနေ့မတ်လ ၂၄ ရက်မှာ အင်အား ၅၀၀ ကျော်နဲ့ ပထမဆုံးအကြိမ် စုဝေး တောင်းဆိုလိုက်တာပါ။

တဧကကုန်ကျစရိတ်က ကျပ် ၃ သိန်းခွဲရှိလို့ အခုလိုကုန်သည်တွေပေးတဲ့ ဈေးအတိုင်းဆိုရင် လယ်သမားတွေ အရှုံးပေါ်နေတဲ့အတွက် အခုလိုစုဝေးပြီး တောင်းဆိုလိုက်တာလို့ ပါဝင်တောင်းဆိုခဲ့တဲ့ ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် လယ်သမား ဒေါ်မာလာအောင်က ပြောပါတယ်။

“ဆန်စပါးအသင်းချုပ်နဲ့ အစိုးရက သတ်မှတ်ပေးထားတဲ့ဟာ ၅ သိန်းနှုန်းအောက်ကို မဝယ်ဖို့ပေါ့လေ။ ၄၂၀,၀၀၀ နဲ့ပဲ ဝယ်သွားတယ်။ အခုဆိုရင် ၄၁၀,၀၀၀ ပဲရှိတယ်။ အရင်ပြီးခဲ့တဲ့နှစ်က ၆ သိန်းလေ.... ၆ သိန်းကို ရေစက်လက်နဲ့ပဲ ဝယ်တာလေ။ အခုနှစ်က အရမ်းခြောက်နေတဲ့ဟာတောင် ပေါင် ၅၀ အစွန်းထွက် တပေါင်ဖိုးပေးပြီးတော့ ဝယ်သွားတာ။ ကုန်သည်ပွဲစားတွေရဲ့အောက်မှာ ဒုက္ခအကြီးအကျယ် ရောက်နေလို့လေ အရင်ရက်ကဆို ဝယ်မယ့်သူမရှိတော့ ဒီအတိုင်းချည်းတွေထားပြီး အလုပ်သမားတွေ နေလှမ်းခတွေ ပေးရတယ်ပေါ့ ဘယ်လိုမှလည်း တောင့်ခံနိုင်တဲ့ အင်အားလည်း မရှိတော့ အကုန်လုံးရောင်းရတာပေါ့ သူတို့ပေးတဲ့ ဈေးနဲ့ပဲ။ လယ်သမားတွေက အရှုံးတွေ အရမ်းပေါ်နေလို့ ဆန္ဒထုတ်ဖော်ပြတာပေါ့။”

စပါးဈေးတင်း ၁၀၀ ကို ကျပ် ၅ သိန်း အနိမ့်ဆုံးထားပေး ဝယ်ဖို့ ဆန်စပါးအသင်းချုပ်က ၂၀၁၈ မတ်လ ၆ ရက်က ထုတ်ပြန်ထားတာပါ။ ဈေးကွက်မှာ အခြေခံဈေးထက်ကျနေရင်တောင် အခြေခံဈေးအတိုင်းပဲ ဝယ်ရမယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဒီနှစ်အတွက် အခြေခံဈေးသတ်မှတ်ချက် မထုတ်ပြန်သေးပေမဲ့ အဲဒီဈေးအတိုင်းပဲ ပြင်ပမှာ သတ်မှတ်ချက်ရှိနေတာပါ။

လယ်သမားအားလုံးနီးပါးဟာ အစိုးရဘဏ်ချေးငွေနဲ့ မလွတ်ကင်းကြပါဘူး။ စပါးဈေးကျတဲ့အတွက် ဧရာဝတီတိုင်းမှာလည်း လယ်သမားတွေ အခက်အခဲရှိနေပြီး အစိုးရနွေစပါးချေးငွေကို ကျေအောင်မဆပ်နိုင်လို့ မိုးစပါးချေးငွေ ထပ်ထုတ်ဖို့လည်း မဖြစ်နိုင်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး တောင်သူလယ်သမားအသင်း အတွင်းရေးမှူး ဦးအေးသောင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျတယ်၊ ကျတယ် ဒီဧရာဝတီမှာလည်းကျတယ်။ အခုဆိုရင် ၄၅၀,၀၀၀၊ ၄၆၀,၀၀၀ ပဲရှိတယ်။ အကြွေးဆပ်ဖို့အတွက် အခက်အခဲတွေ ရှိနေတယ်။ နောက်ဒီမိုးစပါး ပြန်ချဖို့အတွက်လည်း ရင်းနှီးစရာငွေတွေ လိုအပ်နေတာပေါ့ အကြွေးမဆပ်တဲ့အတွက် ဘဏ်ငွေထုတ်ဖို့လည်း အခက်အခဲတွေ ရှိလာမယ်။ နောက်အပြင်က ချေးထားတာတွေလည်း လိုတာပေါ့ဗျာ။ လယ်သမားကတော့ ချေးရတာပေါ့ မလောက်တော့။”

ပဲခူးတိုင်းက လယ်သမား ၃ သိန်းကျော်ကို ၃ ရာသီစာ ချေးငွေကျပ် ၃၃၄ ဘီလီယံ ၃ ကြိမ်ခွဲပြီး ပဲခူတိုင်းလယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးထားပါတယ်။ ဒီလိုအခက်အခဲ အမျိုးမျိုးကြောင့် ချေထားတဲ့ငွေကို ထက်ဝက်လောက်ပဲ ပြန်ရသေးကြောင်း ပဲခူးတိုင်း လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးသိန်းထိုက်က ဗွီအိုအေကို ပြောပါတယ်။

“ထက်ဝက်လောက်ပဲ ဟုတ်တယ် အခုလောလောဆယ် ချေးထားတဲ့ ငွေရဲ့ထက်ဝက်လောက်ပဲပြန်ရသေးတယ် ၅၀ ရာခိုင်နှုန်းကျော်ပဲ ပြန်ရသေးတယ်။ အကြောင်းကတော့အကြောင်းအမျိုးမျိုးရှိတာပေါ့နော်။ ရာသီဥတုမမှန်လို့ သီးနှံအထွက် လျော့တာ ရှိတာပေါ့။ တချို့ကျတော့လည်း သီးနှံဈေးနှုန်းနဲ့ ပြန်ရောင်းရတဲ့ဟာနဲ့ သူတို့ရင်းရတဲ့ ဥစ္စာနဲ့ တွက်ခြေမကိုက်တာလေးတွေလည်း ရှိမှာပေါ့။”

လယ်သမားတွေက နိုင်ငံခြားဈေးကွက် အလားအလာရှိတဲ့ ပဲမျိုးစုံကို မနှစ်က စမ်းကြပေမဲ့လည်း ပဲဈေးကလည်း အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲတွေကြောင့် ဈေးကောင်း မရခဲ့ပါဘူး။ ဒါကြောင့် လယ်သမားတွေက ဒီနှစ်မှာ စပါးကိုပြန်စိုက်လာကြတဲ့အတွက် စပါးအထွက်များနေတာ ဖြစ်ပါတယ်။ မြန်မာအစိုးရက ပြည်ပဆန်တင်ပို့နိုင်ဖို့ ကြိုးပမ်းနေပေမဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံ တရုတ်ရဲ့ ဆန်ဝယ်ယူရေးမူဝါဒ အပြောင်းလဲတွေကြောင့် မြန်မာ့ဆန်တင်ပို့မှုဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ သိသိသာသာ ကျခဲ့ပါတယ်။ မြန်မာက တရုတ် ယူနန်ပြည်နယ်ထဲကို ဆန်တန်ချိန် ၂ သန်းကျော်လောက် နယ်စပ်ကနေ နှစ်စဉ် တင်ပို့နေတာပါ။ ဒါပေမဲ့လည်း ဒီလိုနယ်စပ်ကနေ တင်ပို့နေတဲ့ မြန်မာ့ဆန်တွေကို တရုတ်ကုန်သည်တွေက တရားမဝင်လမ်းကြောင်းကနေ အခွန်ရှောင် ဝယ်ယူနေတာကြောင့် ဒါကိုဟန့်တားတဲ့အနေနဲ့ တရုတ်အစိုးရက နယ်စပ်ကုန်သွယ်ရေးကို ပိတ်ပစ်လိုက်ပြီးနောက် မြန်မာ့ဆန်တွေ အဝယ်ကျဆင်းသွားခဲ့တာပါ။

နယ်စပ်အရောင်းအဝယ် နည်းတာ၊ ပို့ကုန်ကျဆင်းတာတွေကြောင့် ဆန်ဈေးကွက် သိသိသာသာ ထိခိုက်နေတဲ့အပေါ်မှာ အစိုးရက ပါဝင်ကူညီပေးဖို့ ကုန်သည်တွေက တောင်းဆိုထားပါတယ်။ နွေစပါးဈေး ကျဆင်းနေတာကို တားဆီးနိုင်ဖို့အတွက် အသင်းဝင်ကုမ္ပဏီတွေ ကြိုးစား ဝယ်ယူပေးနေတဲ့အကြောင်းလည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က မေလ ၁၈ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG