သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ - ယူနန် ကုန်ဖလှယ်ရေးသဘောတူညီမှု နောက်ဆုံးအဆင့်ဆွေးနွေးမည်


မြန်မာဆန် (မတ်၊ ၀၄ ၂၀၁၁)
မြန်မာဆန် (မတ်၊ ၀၄ ၂၀၁၁)

ယူနန်ပြည်နယ်က လယ်ယာ စိုက်ပျိုးရေးသုံးပစ္စည်းတွေနဲ့ မြန်မာ့လယ်ယာထွက်ကုန်တွေ တိုက်ရိုက်လဲလှယ်ဖို့အတွက် နောက်ဆုံးအဆင့် အသေးစိတ် ဆွေးနွေးညှိနှိုင်းတာကို အခုမေလ ၁၂ရက် တရုတ်ပြည်ကူမင်းမှာ ၂ နိုင်ငံအစိုးရ တာဝန်ရှိသူတွေ ဆွေးနွေးသွားဖို့ ရှိပါတယ်။ မြန်မာနယ်စပ်က ဝင်လာတဲ့ဆန်တွေကို တရုတ်က တရားမဝင် ကုန်စည်အဖြစ် သတ်မှတ်ပိတ်ဆို့ထားတာကြောင့် မြန်မာ့ဆန် တန်ချိန်သောင်းနဲ့ချီ နယ်စပ်မှာ ပိတ်မိနေသလို နှစ်ဘက် ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ဒီလိုအခက်အခဲတွေ လျော့သွားဖို့ ကုန်သည်တွေနဲ့ တာဝန်ရှိသူတွေက မျှော်လင့်နေကြတာပါ။ ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။

ယူနန်ပြည်နယ် ရွှေချိုက်ကုမ္ပဏီနဲ့ မြန်မာကြား လယ်ယာထွက်ကုန်နဲ့ လယ်ယာသုံးစက်ပစ္စည်း တိုက်ရိုက်လဲလှယ်ဖို့ ဧပြီလ ၂၁ရက်က နေပြည်တော်မှာ ပဏာမအဆင့် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ပြီး အခု မေလ ၁၂ရက် ယူနန်ပြည်နယ်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ နောက်ဆုံးအဆင့် အသေးစိတ်ထပ် ဆွေးနွေးကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်ကို နယ်စပ်ကနေ ဆန်တန်ချိန် ၁ သန်းလောက် နှစ်တိုင်း တင်ပို့နေပေမဲ့ ဒါဟာတရုတ်ပြည်အတွက်တော့ တရားမဝင် ကုန်သွယ်မှုအဖြစ်ပဲ အမြဲသဘောထားနေတာပါ။ အခုလို တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ပထမဆုံးနဲ့ တရားဝင် ကုန်စည်ဖလှယ်တဲ့စနစ် အကောင်အထည်ပေါ်လာရင်တော့ အခက်အခဲတွေ အထိုက်အလျောက် လျော့သွားနိုင်ကြောင်း စီးပွားကူးသန်း လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဗွီအိုအေကို ပြောပါတယ်။

“အဓိကတော့ နယ်စပ်ကုန်သွယ်ရေးအရပဲ တင်ပို့တာပေါ့ နယ်စပ်ကုန်သွယ်မှုနဲ့ တင်ပို့တဲ့နေရာမှာ ခုနကပြောတဲ့ အတားအဆီးတွေကြောင့် ဆန်တင်ပို့တဲ့အချိန်မှာ အခက်အခဲတွေဖြစ်တာပေါ့။ Barter System (ကုန်ပစ္စည်း တိုက်ရိုက်လဲလှယ်စနစ်) လုပ်မယ်ဆိုရင် ကိုယ့်ဘက်ကလည်းတရားဝင် တင်ပို့သွားနိုင်တဲ့အနေအထား ဖြစ်တယ်။ ဆိုတဲ့သဘောက တရုတ်နဲ့ မြန်မာကုန်သွယ်မှုမှာ ဖြစ်နေတဲ့ အခက်အခဲတွေကို အထိုက်အလျှောက် ဖြေရှင်းနိုင်တဲ့ အနေအထားဖြစ်တော့ ဒီကုန်သွယ်မှုဟာ smooth ဖြစ်လာနိုင်တဲ့ အနေအထား ဖြစ်တာပေါ့။”

ဖေဖော်ဝါရီ ၂၅ရက်မှာ တရုတ် ယူနန်ပြည်နယ် နယ်စပ်ကနေတရားမဝင် ဝင်လာတဲ့ ဆန်တွေကို သူ့နိုင်ငံအတွင်းမှာ စစ်ဆေး၊ ဖမ်းဆီးတာတွေ လုပ်လာတဲ့အတွက် မြန်မာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ဆန်တန်ချိန် ၆ သောင်းကျော်လောက် အခုထိ ပိတ်မိနေပါတယ်။ တရုတ်-မြန်မာကြား လယ်ယာထွက်ကုန်နဲ့ လယ်ယာသုံး စက်ပစ္စည်းတွေ တိုက်ရိုက်လဲလှယ်တဲ့စနစ် အကောင်အထည်ပေါ်မယ်ဆိုရင် ဒီဆန်တွေ တင်ပို့နိုင်ဖို့လည်း ကြိုးစားသွားမယ့်အကြောင်း မူဆယ်-နမ့်ခမ်းနယ်စပ် ကုန်သွယ်ရေး ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးသန်းဌေးဦးကပြောပါတယ်။

“အဲဒီအစီအစဉ်အရလည်း နယ်စပ်ကနေပြီးတော့ ကုန်ပစ္စည်းဖလှယ်တဲ့ စနစ်နဲ့သွားတဲ့အခါမှာ လယ်ယာထွက်ကုန်တွေ အဓိကပါတာပေါ့ ပါတော့ကျတော့ ဒီမူဆယ်မှာ ရောက်နေတဲ့ဟာတွေလည်း ပါတာပေါ့ အဲဒီဟာတွေ အဓိကထွက်အောင်ပေါ့ ပထမဆုံး အနေနဲ့ပေါ့။ အဲဒါကို တင်ပို့နိုင်အောင် ကြိုးစားတဲ့ အစီအစဉ်တခုတော့ ရှိတာပေါ့။ အဲဒါကလည်း ကူမင်းမှာ အသေးစိတ်ပြန်ပြီးတော့ လုပ်ပြီးတာနဲ့ ပို့လို့ရမယ်လို့ ကျနော်တို့ကြား သိရတယ်။”

တရားမဝင် ကုန်သွယ်ရေးမှာ ဆန်အရည်အသွေး သတ်မှတ်ချက် မရှိပေမဲ့လည်း ကုန်ပစ္စည်းချင်း တရားဝင် တိုက်ရိုက်လဲလှယ်မှု စနစ်မှာတော့ ယူနန်ပြည်နယ်အစိုးရနဲ့ မြန်မာနိုင်ငံကုန်သည်နှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI တွဲဖက် ဆောင်ရွက်တဲ့နေရာမှာ အရည်အသွေးကို ဦးစားပေး ဆောင်ရွက်သွားဖို့ရှိကြောင်း ဆန်စပါး အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က အခုလိုပြောပါတယ်။

“တရုတ်ကဝယ်မယ့် ဆန်တွေဟာ တရားဝင် ဝယ်မယ်ဆိုရင် အရည်အသွေး သတ်မှတ်ချက် ကွာလတီကောင်းတဲ့ဆန်၊ ကွာလတီ တသတ်မတ်တည်းဖြစ်တဲ့ ဆန် ဥပမာ ငါးမှတ်ဆိုငါးမတ်၊ ဆယ်မှတ်ဆိုဆယ်မှတ်၊ ၂၅မှတ်ဆို၂၅မှတ် ကွာလတီ တမျိုးတည်းကို အရည်အသွေး ကောင်းကောင်းနဲ့ ယူတယ်။ နယ်စပ်မှာ ပိတ်နေတဲ့ ဆန်တွေဟာ ဘယ်လောက်ကြာပြီလဲ ဆိုလိုချင်တာကဗျာ အထိန်းအသိမ်း အထားအသိုမကောင်းရင် ဒါတွေကို သူတို့ဟိုဘက်က ယူနိုင်တယ်ဆိုလည်း ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့ အဲဒါညှိရမှာပေါ့နော် သူတို့ ယူနိုင်တယ်ဆိုရင် ဘယ်လိုယူနိုင်လဲ၊ မယူနိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲပေါ့။ သူတို့မယူနိုင်တာ မကောင်းတာကြီး အတင်းထိုးပေးရင် တရုတ်နဲ့ မြန်မာ ပထမဆုံးစပြီးတော့ ညှိနှိုင်းတဲ့အခါမှာ ဒီဘက်က အရည်အသွေး မကောင်းတဲ့ဆန်တွေ စပို့ပါတယ်ဆိုခဲ့ရင် ကျနော်တို့ ဆန် နာမည်ပျက်ဦးမယ်။ ဒါကိုလည်းကျနော်တို့ သတိထားရမှာပေါ့။”

ယူနန်ပြည်နယ်နဲ့ တိုက်ရိုက်ကုန်စည် လဲလှယ်ရေးစနစ်မှာ မြန်မာဘက်က ဆန်၊ သကြား၊ ပြောင်းနဲ့ တခြား လယ်ယာထွက်ကုန်တွေနဲ့ တရုတ်ဘက်က လယ်ယာသုံး စက်ပစ္စည်းတွေအပြင် ဓာတ်မြေသြဇာ၊ သံနဲ့သံမဏိတွေ တန်ဖိုးတူချင်း လဲလှယ်ကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG