သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ထားတဲ့ မြန်မာဆန် တရုတ်ပြန်ဝယ်ပြီ


ကုန်တင်ကားထဲ ပို့မယ့်ဆန်များကို သွင်းနေစဉ်
ကုန်တင်ကားထဲ ပို့မယ့်ဆန်များကို သွင်းနေစဉ်

တရုတ်ယူနန်ပြည်နယ် အစိုးရနောက်ခံ ကုမ္ပဏီတခုဖြစ်တဲ့ ရွှေချိုက်ကုမ္ပဏီက မူဆယ်ကုန်စည်ဒိုင် အများပိုင်ကုမ္ပဏီဆီကနေ ဆန်တန်ချိန် ၁၀,၀၀၀ စပြီးဝယ်ယူဖို့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ ဒါဟာ ဖေဖော်ဝါရီလကတည်းက တရုတ်ဘက်က ဆန်ဝယ်ယူတာ ရပ်တန့်ထားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်ဝယ်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

ဖေဖော်ဝါရီလကတည်းက တရုတ်နိုင်ငံဆီ တင်ပို့ခွင့်မရတဲ့ ဆန်တွေထဲက တန်ချိန် ၁ သောင်းကို ပြန်ဝယ်ယူဖို့ တရုတ်ယူနန် ပြည်နယ် ရွှေချိုက်ကုမ္ပဏီဟာ မူဆယ်ကုန်စည်ဒိုင် အများပိုင်ကုမ္ပဏီနဲ့ မေလ ၃၀ ရက်က အပြီးသတ်စာချုပ် ရေးထိုးထားပြီဖြစ်ပါတယ်။ လောလောဆယ်တော့ ဆန်တန်ချိန် တ သောင်း၊ ဆန်အိတ် နှစ် သိန်း ကို ဝယ်ယူမှာဖြစ်ပြီး တလအတွင်း တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။

“အရောင်းအဝယ်စာချုပ်ချုပ်တယ် တန်ချိန် တသောင်းပေါ့နော် ဒါကိုအမြန်ဆုံး ဟိုဘက်ကို တင်နိုင်အောင်လုပ်မယ်။ ဒီနေရာမှာ ကျနော်တို့က ကွာလတီပိုင်းဆိုင်ရာ စစ်ဆေးတဲ့အပိုင်းတွေ၊ နောက်တခါ ဟိုဘက်ကို လွှဲပြောင်းဖို့အတွက် စာရွက်စာတမ်း ပြင်ဆင်ရမယ့်အပိုင်းတွေ၊ တရုတ်နိုင်ငံရဲ့ လိုင်စင်ခွင့်ပြုချက် ရရှိဖို့ကိစ္စလေးတွေ ကျနော်တို့အချိန်ယူရဦးမှာပေါ့။ အကြမ်းဖျင်းတော့ ကျနော်တို့ မှန်းတာတော့ တလလောက်တော့ ကြာမှာပေါ့နော်။ ကိုယ်တို့ကလည်း ဒီဘက်က မူဆယ်နယ်စပ် လမ်းကြောင်းကို ပြန်ပြီးတော့ ပွင့်စေချင်တယ်။ တောင်သူလယ်သမားတွေ အကျိူးစီးပွားအတွက်ရော ဆန်စပါး ဈေးကွက်တည်ငြိမ်ဖို့အတွက်ရောပေါ့နော်။”

တရုတ်ယူနန်ပြည်နယ် ရွှေချိုက်ကုမ္ပဏီနဲ့ မြန်မာကြား ကုန်ပစ္စည်းချင်း တိုက်ရိုက် ဖလှယ်အရောင်းအဝယ် လုပ်ဖို့ ဧပြီလ ၂၁ ရက်က နေပြည်တော်မှာ ပဏာမအဆင့် နားလည်မှု စာချွန်လွှာရေးထိုးခဲ့ပြီး အဲဒီနောက်ပိုင်း အသေးစိတ်ကိုလည်း ထပ်မံဆွေးနွေးခဲ့ကြပါတယ်။ မြန်မာမူဆယ်ဘက်က ဆန်၊ သကြား၊ ပြောင်းနဲ့ တခြားလယ်ယာထွက် ကုန်တွေနဲ့ တရုတ်ယူနန်ဘက်က လယ်ယာသုံးစက်ပစ္စည်းတွေ၊ ဓာတ်မြေသြဇာနဲ့ သံ၊ သံမဏိတွေ တန်ဖိုးတူ ကုန်ပစ္စည်းချင်းလဲလှယ်ဖို့ ဆွေးနွေးခဲ့ကြတာပါ။ မူဆယ် ဆန်ကုန်သည်တွေကတော့ ဆန်ရောင်းဝယ်တဲ့နေရာမှာ ငွေသားနဲ့ပဲ အရောင်းအဝယ်လုပ်ဖို့ တောင်းဆိုခဲ့တဲ့အတွက် အခု ဆန်ဝယ်ယူတဲ့အခါမှာ ယွမ်ငွေနဲ့ပဲဝယ်ဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ မူဆယ်ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက အခုလိုပြောပါတယ်။

“ပထမတုန်းက ဘာတာစနစ်လို့ခေါ်တဲ့ ကုန်စည်ချင်း တိုက်ရိုက် ဖလှယ်တဲ့စနစ်ကို ဒီကလက်မခံဘူး။ မူဆယ်မှာရှိတဲ့ မြန်မာကုန်သည်တွေက လက်မခံဘူး။ ငွေသားပဲလိုချင်တယ်။ ငွေသားပဲ လိုချင်တော့ ဘာတာစနစ်က ကျနော်တို့ မဖြစ်ဘူး ငွေသားစနစ်နဲ့ပဲ လုပ်ပါဆိုတော့ အဲဒါဆိုရင် ဆန်တန်ချိန် တသိန်းကို စာချုပ်မချုပ်သေးဘူး ပထမအဆင့် ဆန်တန်ချိန် တသောင်းကို စာချုပ်ချုပ်မယ်ဆိုပြီး အပြီးသတ်ချုပ်လိုက်တာ။”

အခုနှစ်ထဲမှာ တရုတ်နိုင်ငံရဲ့ ဆန်ပိုလျှံမှုကလည်း ခါတိုင်းထက်များနေတဲ့ အတွက် ဆန်တန်ချိန် သန်း ၁၀၀ ကျော်ကို ပြည်ပတင်ပို့ဖို့၊ အထူးသဖြင့် ရုရှနိုင်ငံကို တင်ပို့သွားဖို့ ရှိနေပါတယ်။ မြန်မာမူဆယ်ဘက်ကနေ ကုန်းတွင်းပိတ်ယူနန်ပြည်နယ်ကို တင်ပို့မယ့် ဆန်တွေဟာ အဓိကအားဖြင့် စက်မှုကုန်ကြမ်းအတွက် ဝယ်ယူတာဖြစ်လို့ တရုတ်ရဲ့ ဆန်ပိုလျှံမှုအပေါ်မှာ စိုးရိမ်စရာ မရှိနိုင်ကြောင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း ဒုဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောပါတယ်။

“ကျနော်တို့က အဓိကအားသာချက်က ယူနန်ပြည်နယ်က ကုန်တွင်းပိတ်ဒေသ ဖြစ်နေတာလေ စိုက်ပျိုးရေးက ဒီလောက်မစိုက်တဲ့အတွက်ကို ကျနော်တို့ ဘက်ကပဲ ဝယ်ယူ သုံးစွဲနေရတာပေါ့။ ကုန်ကြမ်းသဘောမျိုး သုံးစွဲတာများတာပေါ့။ impact (အကျိုးသက်ရောက်မှု) ကတော့ နောက်ပိုင်းတော့ ရှိကောင်းရှိလာနိုင်တယ်ပေါ့နော်။ ဒါပေမဲ့ အခုအချိန်အထိကတော့ ကျနော်တို့ဘက်ကသုံးတဲ့ ဆန်တွေက သူတို့ဆီမှာ ဆန်ခေါက်ဆွဲတို့၊ အရက်ချက်တာတို့ ဘာတို့သုံးတဲ့ အနေအထားမျိုးပေါ့။”

ကီလို ၅၀ ပါတဲ့ ဆန်တအိတ်ကို မူဆယ်အထိုင်ဈေး ယွမ်ငွေ ၁၀၁ ယွမ်နဲ့ သဘောတူညီမှု ရထားတယ်လို့ မူဆယ်ဆန် ကုန်သည်တချို့က ပြောနေကြပေမဲ့လည်း ဒီဈေးနှုန်းဟာ အမှန်မဟုတ်ဘဲ တကယ့်သဘောတူညီထားတဲ့ ဈေးထက်နည်းနေကြောင်း ဆန်စပါး အသင်းချုပ်တာဝန်ရှိသူ တဦးကပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ နောက်ပိုင်းကလို့ ယူနန်အစိုးရက တရားမဝင် မှောင်ခို တားဆီးရေး စီမံချက်တွေကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှာပိတ်မိနေတဲ့ ဆန်တွေဟာ တန်ချိန် ၆၀,၀၀၀ လောက် ရှိပါတယ်။ မြန်မာနယ်စပ် ကုန်သွယ်ရေး စခန်းကနေ တနှစ်ကို ဆန်တန်ချိန် နှစ်သန်းလောက် တရုတ်ကို တင်ပို့နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံက ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၃ သန်း ကျော်လောက် တင်ပို့ခဲ့ပေမဲ့ အခု ၂၀၁၉ မှာတော့ တန်ချိန် ၁.၇ သန်းလောက်ပဲ တင်ပို့နိုင်လိမ့်မယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG