သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တိုင်းရင်းသားဒေသ တည်ငြိမ်မှုမရနိုင်တဲ့ အကြောင်းရင်းတချို့


အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ NCA အပစ်ရပ်စာချုပ် ချုပ်မထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ တွေ့ဆုံစဉ်

မြန်မာစစ်တပ်ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်ကြောင်းကြေညာတာ၊ အစိုးရရဲ့စီစဉ်မှုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာတွေလုပ်နေတဲ့ တချိန်ထဲမှာ တိုင်းရင်းသား ဒေသတွေအတွင်း အစိုးရတပ်နဲ့တိုက်ပွဲတွေက မရပ်မနားတောက်လျှောက်ဖြစ်နေရတာ ဘာကြောင့်ပါလဲ။ စစ်အုပ်ချုပ်မှု ကာလမှာရော အရပ်သားအစိုးရ လက်ထက်မှာပါ ငြိမ်းချမ်းရေး အတွက် မျှော်လင့်ဖို့ခက်နေတာကြောင့် မြန်မာ့ငြိမ်းချမ်းရေးအကျပ်အတည်းကိုဖြေရှင်းရေး လမ်းစ မပေါ်နိုင် ပဲဖြစ်နေပါတယ်။ အခုလိုဖြစ်နေရတာဟာ ဖွဲ့စည်းပုံရဲ့ အားနည်းချက်လို့ ထောက်ပြသူတွေရှိသလို၊ ငြိမ်းချမ်းရေးကို တကယ်မလိုချင်သေး တာကြောင့် လို့လည်းထောက်ပြကြပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင် ဆက်ပြောပါလိမ့် မယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ နေပြည်တော်မှာ မြန်မာစစ်တပ်နဲ့အပစ်အခတ်ရပ်ဆဲရေး လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။ ရှေ့ဆက်ပြီးလည်းလုပ်ကြဦးမယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီအဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေက ငြိမ်းချမ်းရေးအကြောင်းပြောနေတဲ့အချိန်မှာကိုပဲ မရပ်တန်းဖြစ်နေတာပါ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အဓိကထားပြီးဆောင်ရွက်မယ်လို့ ကြွေးကြော်ခဲ့တဲ့ NLD အစိုး ရ လက်ထက်မှာ ဘာကြောင့်တိုက်ပွဲတွေပြင်းထန်နေရတာပါလဲ။ ငြိမ်းချမ်းရေးကိုမျှော်လင့်ဖို့ ဘာကြောင့်ခက်ခဲ နေရတာ ပါလဲ။

အမေရိကန်ပြည်ထောင်စုအနောက်ဘက်ခြမ်း ကလ်လီဖိုးနီးယားပြည်နယ်က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ရဲ့ ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်ကတော့ ရိုးသားမှု မရှိတာက ငြိမ်းချမ်းရေးအတွက် အခက်အခဲတခုပဲလို့ဆိုပါတယ်။

“ရိုးသားမှု ရှိရင်တော့ သူတို့ ပြောတဲ့အတိုင်း တွေ့ဆုံဆွေးနွေးတဲ့အတိုင်းလိုက်မှာပဲ ၊ ရိုးသားမှု မရှိတဲ့အခါကျတော့ တွေ့ဆုံဆွေးနွေးတာလည်း ဟန်ဆောင်တဲ့ သဘောပဲ ဖြစ်လိမ့်မယ်။

မေး။ ။ ဆရာပြောတဲ့ ရိုးသားမှု မရှိဘူးဆိုတာက ဘယ်ဘက်ကို ပြောတာပါလဲ။ နှစ်ဖက်စလုံး ရိုးသားမှု မရှိတာလား တဖက်ကပဲ ရိုးသားမှု မရှိတာလား။

ဖြေ။ ။ ကျနော်တို့တိုင်းရင်းသားတွေအနေနဲ့က တကယ်တမ်း ငြိမ်းချမ်းရေးလိုချင်တယ်။ ဖြစ်နေတာလည်း ကျနော်တို့ တိုင်းရင်းသားပြည်နယ်မှာဖြစ်တယ်။ ခံစားနေရတာ၊ ဒုက္ခရောက်တာလည်း ကျနော်တို့ တိုင်းရင်းသားတွေဖြစ်တယ်။ ဆိုတော့ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုတာ ကျနော်တို့တိုင်းရင်းသားတွေအနေနဲ့ကတော့ တကယ်ရိုးသားတယ် စစ်မှန်တယ်။ ဒါပေမယ့် အခု အစိုးရအနေနဲ့ ခေါ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးနေတာ ငြိမ်းချမ်းရေးလုပ်မယ်လို့ ပြောပြောပြီးတော့မှ ကျနော်တို့ တိုင်းရင်းသားပြည်နယ်မှာ လာပြီး စစ်တိုက်နေတာ ပိုပြီးဆိုးလာတယ်ဆိုတော့ ကျနော်တို့အနေနဲ့ သံသယဖြစ်တာက အစိုးရ မြန်မာ့တပ်မတော် ပြောနေတဲ့ ငြိမ်းချမ်းရေးလိုလားတယ်ဆိုတာ ကျနော်တို့အနေနဲ့ သံသယဖြစ်တယ်။

မြန်မာ့အရေးစောင့်ကြည့်လေ့လာနေသူ ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ် ဒေါက်တာတင့်ဆွေ ကတော့ မြန်မာနိုင်ငံကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ၀ါဒဖြန့်ဖို့ အသုံးချတဲ့ သဘောလို့မြင်ပါတယ်။

“အထင်ကရ အဖြစ်အပျက်တွေပေါ့နော် ဆိုဗီယက်နဲ့ အမေရိကန်တွေ ပြေလည်သွားတဲ့ ကိစ္စ ၊ အာရတ် -အစ္စရေး ပြေလည်သွားတဲ့ ကိစ္စ ၊ အခုနောက်ဆုံးဆိုရင် Trump နဲ့ မြောက်ကိုရီးယား လည်းအဆင့်တခုကို ရောက်နေပြီ ။ အဲလိုအောင်မြင်တယ်လို့ ပြောနိုင်တဲ့ ဆွေးနွေးပွဲကြီးတွေဟာ မတိုင်ခင်မှာ ဘယ်သူမှ မသိရအောင် လျှို့ဝှက် ဆွေးနွေးတာကနေပြီးတော့ အဆင်ပြေအောင်မြင်ကြတယ်။ မြန်မာပြည်မှာကတော့ ဆွေးနွေးပွဲတွေကို ၀ါဒဖြန့်ဖို့ အရာတခုလိုသုံးပြီးတော့ လုပ်ခဲ့ကြတယ်လို့ ကျနော်မြင်တယ်။ ဆိုတော့ ဒါက နှစ်ဖက်လုံးနော် တဖက်တည်းကိုတော့ အပြစ်မပြောလိုဘူး။ သူတို့ကတကယ်ပဲ ငြိမ်းချမ်းရေးတို့ အပစ်ခတ်ရပ်စဲရေးတို့ တိုင်းပြည်တည်ငြိမ်ရေးကို မလိုချင်လို့လားဆိုတဲ့ သံသယတခုကျနော်ရှိပါတယ်။

ဒေါက်တာစိုင်းထွေးမောင်ကတော့ အစိုးရက စစ်တပ်အပေါ်သြဇာမညောင်းလို့ ငြိမ်းချမ်းရေးနဲ့ဝေးနေရတယ်လို့ ယူဆပါတယ်။

“တိုက်ပွဲတွေက ပိုပြီးတော့ များလာတယ် ပိုပြီးတော့ ဆိုးလာတယ် ပိုပြီးတော့ ပြင်းလာတာတွေ့တယ်။ တိုက်လေယာဉ်ပျံတွေလည်း သုံးပြီးတော့ ဗုံးကျဲတာတွေလည်းရှိနေတယ်။ ဆိုတော့ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် တိုက်ပွဲတွေအားလုံး ရပ်လိုက်ဖို့လိုတယ်။ ဒါပေမယ့်အခုက တိုက်ပွဲတွေကြီးလာတယ် ပိုများလာတယ် ၊ ပိုပြီး စစ်ဆင်ရေးတွေလုပ်လာတယ်ဆိုတာက ကျနော်တို့ အများကြီး သံသယရှိတယ်။ အစိုးရအနေနဲ့ကလည်း တပ်မတော်ကို မထိန်းဘူး မပြောဘူး ။ ကြည့်ရတာက အစိုးရအနေနဲ့ကလည်း တပ်မတော်အပေါ်မှာ အာဏာမရှိဘူးဖြစ်နေတယ်။ ဆိုတော့ တပ်မတော်ကလည်း သူလုပ်ချင်တာ လုပ်တယ်။”

မြန်မာနိုင်ငံရဲ့လက်ရှိအခြေခံ ဥပဒေအရ ဘယ်အစိုးရတက်တက် စစ်တပ်ကိုလွှမ်းမိုးနိုင်မှာမဟုတ်လို့ ငြိမ်းချမ်းရေးနဲ့ ဝေးနေလိမ့်ဦးမယ်လို့ ဒေါက်တာတင့်ဆွေကသုံးသပ်ပါတယ်။

“လက်ရှိဖွဲ့စည်းပုံအရ ဘယ်အစိုးရက တက်တက် ဒေါ်စုဖြစ်ဖြစ်၊ ဒီဖွဲ့စည်းပုံအအောက်မှာ တက်တဲ့အစိုးရဟာ တပ်မတော်အပေါ်မှာ လွှမ်းမိုးနိုင်စွမ်းမရှိပါဘူး။ အဲဒီတော့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ အပစ်အခတ်ရပ်ရေး ဖြစ်စဉ်တွေဟာ စစ်တိုက်နေတဲ့ လူတွေက မတိုက်တော့ဘူးဆိုတာနဲ့တင်မရပဲနဲ့ နိုင်ငံရေးအဆုံးအဖြတ်ကလိုတယ်။ သို့သော်ဖွဲ့စည်းပုံက အဲဒီ နိုင်ငံရေးဆုံးဖြတ်ချက်ကို နေရာပေးမထားတဲ့ အားနည်းချက်အကြီးကြီးရှိနေတဲ့အတွက် ကျနော်ကတော့ အဲဒါကို ပိုမြင်ပါတယ်။ NLD လည်း တတ်နိုင်သလောက်တော့ ကြိုးစားနေတယ် သို့သော်ကျနော်အပြစ်ပြောလိုတာက လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေမှာ ပိုပြီးတော့ အဓိက ပိုပြီးတော့ လက်ညှိုး ထိုးရမယ့် အဖွဲ့အစည်းတွေလို့ ကျနော်အဲလို ခွဲခြားပြီးမြင်ပါတယ်။

မေး။ ။ ဆရာပြောချင်တဲ့ အချက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အားနည်းချက်ကြောင့် ဒီပြဿနာတွေက မရှင်းနိုင်ပဲ ဖြစ်နေတာပေါ့။

ဖြေ။ ။ ဟုတ်တယ် ဒါက အတော်ကြီးမားတဲ့ အချက်တချက်အနေနဲ့ ဖွဲ့စည်းပုံရဲ့ အားနည်းချက်လို့မြင်ပါတယ်။

မေး။ ။ ဖွဲ့စည်းပုံရဲ့ ဘယ်အချက်မှာ အားနည်းနေတာလဲခင်ဗျ

ဖြေ။ ။ တပ်မတော်အပေါ်မှာ တက်နေတဲ့ ဒီမိုကရက်တစ်အစိုးရဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေရော နောက်ဆုံး ဘတ်ဂျက် ငွေကြေးကအစ ဘာမှ စွက်ဖက်နိုင်ခွင့် ထောက်ပြနိုင်ခွင့်၊ လွှမ်းမိုးနိုင်ခွင့် မရှိပဲနဲ့ လက်နက်တိုက်နေတဲ့ ကိစ္စတွေဟာ အစိုးရနဲ့ မဆိုင်ဘူးလို့ ဖွဲ့စည်းပုံက ဒီလိုဆိုထားတဲ့အချက်က အဆိုးဆုံး၊ အမှားဆုံးလို့ ကျနော်အဲလိုမြင်ပါတယ်။”

ရခိုင်ပြည်နယ်တခုထဲမှာကိုပဲ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီနဲ့ အခုမတ် လအတွင်း အစိုးရတပ်နဲ့ ရခိုင်AA တပ်ဖွဲ့အကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲပေါင်းက ၁၀၀ လောက်ရှိခဲ့ပြီး စစ်ဘေးရှောင်ဒုက္ခသည် တွေ နှစ်သောင်းကျော်ရှိနေပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာလည်း အခုရက်ပိုင်းတွေ အတွင်းတိုက်ပွဲတွေက တော်တော်ပြင်းထန်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG