သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုင်းငံ့ထားတဲ့ KNU အရေးပေါ် အစည်းအဝေးခေါ်


မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဆိုင်းငံ့ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဟာ အဖွဲ့ရဲ့ သဘောထား ရပ်တည်ချက်တွေကိ ညှိနှိုင်းဖို့ ဒီနေ့ကစလို့ ၅ ရက်ကြာ အရေးပေါ် အစည်းအဝေးတရပ် စတင်ကျင်းပနေပါပြီ။ ပြီးခဲ့တဲ့လထဲ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ထိပ်သီးညီလာခံမှာ အချေအတင်ဖြစ်စရာ ကိစ္စတွေကြောင့် ဆွေးနွေးမှုတွေ ဆိုင်းထားဖို့ ကြေညာခဲ့ပြီးနောက် KNU အဖွဲ့တွင်း ကျင်းပနေတဲ့ အစည်းအဝေးကနေ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့လည်း မျှော်လင့်နေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် ကပြောပြပေးမှာပါ။

အခုစတင် ကျင်းပနေတဲ့ ညီလာခံမှာတော့ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရပ်ဆိုင်းဖို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က နိုင်ငံတော်အတိုင်ပင်ခံကို အောက်တိုဘာ၂၇ရက်က အကြောင်းကြားခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးကြမှာဖြစ်သလို၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဆက်လက် ပါဝင်နိုင်ရေး ကိစ္စတွေအတွက် နည်းလမ်းရှာဖွေဖို့ ၅ ရက်ကြာ အရေးပေါ် အစည်းအဝေး ကျင်းပနေတာ ဖြစ်ပါတယ်။ ဘားအံခရိုင်၊ လေးဝါးမှာ ကျင်းပတဲ့ အစည်းအဝေးမှာတော့ KNU က လက်မှတ်ရေးထိုးထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) အပေါ် သဘောထားအမြင် မတူညီမှုတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ကြောင်း အဖွဲ့ရဲ့ ဗဟိုအထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက အခုလိုပြောပါတယ်။

“NCA အဓိပ္ပာယ်ဖော်ဆောင်ခြင်းဆိုင်ရာတွေမှာ ဘယ်လိုတူအောင်လုပ်ကြမလဲပေါ့ တချို့ကလည်းနားလည်မှုတူတယ် တချို့ကလည်း NCA ပေါ်မှာခုနကရှိထားတဲ့ အကောင်အထည်ဖော်ရမယ့်ကိစ္စတွေပေါ်မှာလည်း ပုံစံတစ်မျိုးနဲ့နားလည်ကြတယ်ပေါ့။ ဟို NCAကနေ တစ်ဆင့်လုပ်ရမယ့် အကောင်အထည်ဖော်မှုဆိုင်ရာအဆင့်ဆင့်မှာ ကျွန်တော်တို့အားလုံး သုံးသပ်ဖို့ဆိုတာကို သုံးနှစ်တာကာလ အတွင်းမှာရှိတဲ့ ဒီအားနည်းချက်တွေ အားသာချက်တွေလုပ်သွားမယ့်အဆင့်ဆင့်မှာလည်းခုနက တစ်နိုင်ငံလုံးအတိုင်းအတာ ဆောင်ရွက်တဲ့ပုံစံမျိုးရော နောက်ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်မယ့်ခုနကဒီ နိုင်ငံရေးစိတ်ဆန္ဒတွေရော အားလုံးရှိကြဖို့လိုတာပေါ့ နော်။”

ပြီးခဲ့တဲ့လထဲ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ထိပ်သီးညီလာခံမှာတော့ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုက ခွဲမထွက်ရေး၊ တခုတည်းသော တပ်မတော် ဖွဲ့စည်းရေး ကိစ္စတွေကို အဆိုပြုခဲ့ရာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ကြတာပါ။ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO နာယကလည်းဖြစ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ဆွေးနွေးညှိနှိုင်းမှုတွေကနေ ပြေလည်မှုရဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ဒီ NCA စာချုပ်အတိုင်းပဲ သွားဖို့ပြင်ဆင်ထားတာပေါ့။ NCA စာချုပ်ရဲ့နိဒါန်းမှာ ဘာပြောထားလဲဆိုတော့ စာချုပ်ကို အောင်မြင်သည်အထိ နော် အကောင်အထည်ဖော်သွားကြရန်ပေါ့နော် တစ်ညီတစ်ညွတ်တည်း သန္နိဋ္ဌာန်ချတယ်လို့ ကျွန်တော်တို့ လက်မှတ်ထိုးကြတယ်လေ စာချုပ်မှာ။ အဲဒီလက်မှတ်ထိုးထားတဲ့အတိုင်းပဲ ကျွန်တော့အနေနဲ့ကတော့ တစ်ဦးတည်းအမြင်ပေါ့ ကျွန်တော့် အဖွဲ့အစည်းရဲ့ အမြင်ကတော့ NCA စာချုပ်အကောင်အထည်ဖော်တဲ့နေရာမှာ ကျွန်တော်အောင်မြင်သည်အထိ လုပ်သွားဖို့ အခက်အခဲ ရှိရင်လည်းပဲ ဖြေရှင်းသွားဖို့ပေါ့ဗျာ ကျွန်တော့်မျှော်လင့်ချက်ကတော့ အဲဒါပါပဲ။”

KNU အနေနဲ့ ဒီလိုမျိုး ငြိမ်းချမ်းရေးဆွေးနွေးမှုအခြေအနေတွေကို သူတို့အဖွဲ့အတွင်းမှာ ပြန်ပြီးဆွေးနွေးဖို့လုပ်လိုက်တဲ့အတွက် KNUက ဥက္ကဋ္ဌနေရာမှာတာဝန်ယူထားတဲ့ အပစ်ရပ်လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကိုလည်း ရက်ရွှေ့ဆိုင်းထားပြီး KNU ရဲ့ အခုအရေးပေါ်အစည်းအဝေးပြီးမှပဲ ပြန်ကျင်းပသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG