သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းအစည်းအဝေးများတက်ရောက်မှု KNU ယာယီရပ်ဆိုင်း


KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး မူတူးစေးဖိုး NCA-S EAO ထိပ်သီး အစည်းအဝေးတက်ရောက်လာစဉ် (NCA-S EAO)
KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး မူတူးစေးဖိုး NCA-S EAO ထိပ်သီး အစည်းအဝေးတက်ရောက်လာစဉ် (NCA-S EAO)

အပစ်ရပ်လက်မှတ်ထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ လတ်တလောကျင်းပမယ့် အစည်းအဝေးတွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းမယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မှုပြီး KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ စာပေးပို့လိုက်ပါတယ်။ အဓိကကတော့ အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှု အားလုံးတညီတညွတ်တည်းပါဝင်ရေး လုံလောက်တဲ့ အချိန်ကာလလိုအပ်တဲ့အတွက်လို့ အကြောင်းပြထားပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်လို့ KNU ဗဟိုဌာနချုပ်ကတော့ ဒါဟာ သူတို့ဘက်က ပေးပို့တဲ့စာ ဖြစ်တယ်ဆိုတာကို အတည်ပြုပြောကြားပေမဲ့ တစုံတရာ မှတ်ချက်ပေး ပြောဆိုခြင်း မရှိပါဘူး။ အခုလို KNU ရဲ့ ထုတ်ပြန်ချက်ဟာ လက်ရှိအစိုးရ-တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကြား အပစ်ရပ်လက်မှတ်ထိုးပြီးနောက် ယုံကြည်မှုတည်ဆောက်နေဆဲအခြေအနေ၊ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိုးရိမ်စရာကောင်းတဲ့ အနေအထားအတခုအဖြစ် နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူတပ်ပြီး KNU ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ လတ်တလော ကျင်းပမယ့် အစည်းအဝေးများ တက်ရောက်ပါဝင်မှုကို ယာယီဆိုင်းငံ့ကြောင်း KNU ကရင်အမျိုးသား အစည်းအရုံး(ဗဟို)ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ၂၀၁၈ခုနှစ် အောက်တိုဘာလ ၂၇ရက်နေ့ရက်စွဲနဲ့ ပေးပို့လိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅-၁၆ က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သီးသန့်အစည်းအဝေးက သဘောတူညီချက်တွေကို အဖွဲ့အစည်းတွင်း ပြန်လည်ချပြ ဆွေးနွေး ဆုံးဖြတ်ရမှာဖြစ်လို့ အားလုံးရဲ့ နားလည်သဘောတူညီမှုကို ရယူဖို့လိုတယ်လို့ စာမှာဖော်ပြထားပါတယ်။ ဒီလိုငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖော်ဆောင်မှုမှာ အဖွဲ့တခုလုံး တညီတညွတ်တည်းပါဝင်ဖို့ လုံလောက်တဲ့ အချိန်ကာလတခု ယူဖို့လိုအပ်တဲ့အတွက် လတ်တလောကျင်းပမယ့် အစည်းအဝေးတွေမှာ KNU အဖွဲ့အစည်းရဲ့ပါဝင်မှုကို ယာယီရပ်ဆိုင်းထားမယ့်အကြောင်း အသိပေးပါတယ်ဆိုပြီး KNU ကရင်အမျိုးသားအစည်းအရုံးဗဟို ဥက္ကဋ္ဌက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အခုလိုဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်ပြီး ပေးပို့လိုက်တဲ့ KNU ရဲ့ ထုတ်ပြန်လိုက်တဲ့စာနဲ့ပတ်သက်ပြီး အခြေအတင်ဖြစ်စရာ ငြင်းခုန်ဆွေးနွေးမှုတွေနဲ့ ယုံကြည်မှုတည်ဆောက်နေကြရဆဲ တပ်မတော်-လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ လျှောက်လမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ စိုးရိမ်စရာကောင်းတဲ့ အချိုးအကွေ့တခုအဖြစ် နိုင်ငံရေးလေ့လာအကဲခတ်သူဒေါက်တာရန်မျိုးသိမ်းက ရှု့မြင်ပါတယ်။

"အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အင်မတန်မှ အရေးကြီးတဲ့ အချိုးအကွေ့တခုလို့ မြင်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက RCSS ကထုတ်ပြန်တဲ့ ကြေညာချက်အရရော ဒီနေ့ထုတ်ပြန်တဲ့ KNU ဥက္ကဋ္ဌကနေပြီးတော့ NRVC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပေးပို့တဲ့စာအရကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ စိုးရိမ်ရတဲ့ အနေအထားမျိုး ယုံကြည်မှုအင်မတန်မှ နိမ့်ပါးတဲ့ အခြေအနေမျိုးမှာ ရှိနေတယ်လို့ မြင်ပါတယ်။ အဲဒီအတွက်ကြောင့် အစိုးရနဲ့ တပ်မတော်အနေနဲ့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်တင်နိုင်ဖို့ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးကို ဒီထက် အရှိန်အဟုန်မြှင့်ပြီးတော့ ဆောင်ရွက်နိုင်ဖို့အရေးကြီးတယ်လို့ သုံးသပ်ပါတယ်။

သတင်းစာဆရာဦးစည်သူအောင်မြင့်ကတော့ ဒါဟာ ပြီးခဲ့တဲ့ နေပြည်တော်မှာကျင်းပခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့အစိုးရ-တပ်မတော်တို့ကြား ထိပ်သီးဆွေးနွေးပွဲအတွင်း မကြေမလည်ဖြစ်ခဲ့ရမှုရဲ့ နောက်ဆက်တွဲ ဂယက်အဖြစ် ရှု့မြင်ပါတယ်။

"အဓိကတော့ ထပ်သီးအစည်းအဝေးပွဲ အဖွင့်မိန့်ခွန်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းနောက်ဆက်တွဲ ဂယက်လို့ထင်တယ်။ နောက်သူတို့ ပြန်သွားပြီးတဲ့အခါကျတော့ KNU က statement တခုထုတ်တယ်။ တခုတည်းသောတပ်မတော်ကိစ္စကို တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ တပ်မတော်တည်ဆောက်မယ်ဆိုတာတွေ အားလုံးဆွေးနွေးပြီးတော့မှ တပါတည်းထည့်မယ်ဆိုတာ ကြေညာချက်အရင်ဆုံးထုတ်ပြန်တယ်။ ထူးထူးခြားခြား ထွက်ပေါ်လာတာကတော့ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီရယ် ၊ နောက် ဒု-စစ်ဦးစီးချုပ် တို့ သူတို့ ၂ ယောက်ကနေ အင်တာဗျူးလုပ်ပြီးမှ သဘောထားထုတ်ပြန်တာရှိတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောထားတာကို ချေပတာ ပြောဆိုတာတွေအပါအဝင် KNU အနေနဲ့ အခုနောက်ပိုင်းဆွေးနွေးပွဲတွေကို တက်ဖို့ ကိုယ့်အဖွဲ့ထဲမှာ သေသေချာချာ ညီညီညွတ်ညွတ်တိုင်ပင်ဆွေးနွေးဖို့ လိုတယ်ဆိုတာကိုလည်း ထည့်ပြောထားတယ်။ အဲဒါရဲ့ နောက်ဆက်တွဲအနေနဲ့ သူတို့အဖွဲ့ထဲမှာ ဆွေးနွေးဖို့လိုလို့ အခုလို ယာယီရပ်ဆိုင်းတယ်လို့ ထင်ပါတယ်။

မေး။ ။ အခုက ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူပြီးတော့ ဒီဥက္ကဋ္ဌကိုယ်တိုင်လက်မှတ်ထိုးတာဆိုတော့ ဒီငြိမ်းချမ်းရေးရဲ့ နောက်ဆက်တွဲ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာမလဲ ဦးစည်သူအောင်မြင့်။

ဖြေ။ ။ သက်ရောက်မှုကတော့ ရှိတယ် ၊ ရှိတယ်ဆိုတာက အခုထိပ်သီးအစည်းအဝေးပြီးသွားတဲ့အခါကျတော့ KNU တခုတည်းမဟုတ်ဘူး တဖက်က RCSS ဘက်ကလည်း ကြေညာချက်တွေထုတ်တာရှိတယ်။ အဲဒီအထဲမှာလည်း ဒီလို KNU နဲ့ အလားတူသဘောတွေပါတယ် ။ ပြီးတော့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ဆိုရင်လည်း အင်တာဗျူးတွေလုပ်ပြီးတော့ သဘောထားအမြင်တွေကို ဖော်ပြတာတွေရှိတယ်။ အဲဒီမှာလည်း KNU က ဗိုလ်ချုပ်ကြီးတွေ ပြောတဲ့ပုံစံနဲ့ နည်းနည်းလေးဆငင်တူတယ်။ ဆိုတဲ့အခါကျတော့ ငြိမ်းချမ်းရေးုလုပ်ငန်းစဉ်မှာတော့ တဖက်က သဘောထားတခုကို ဆုပ်ကိုင်ထားတယ် ၊ တဖက်ကလည်း ဒီလို ဆုပ်ကိုင်ထားတယ်ဆိုတော့ နီးစပ်မူက သိပ်မတွေ့ရဘူးပေါ့နော် အဲဒီသဘော မြင်ရပါတယ်။

အခုလို KNU အပါအဝင် အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့အစည်းတချို့ရဲ့ ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာချက်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ လက်ရှိငြိမ်းချမ်းရေးအပေါ် ရှု့မြင်သုံးသပ်ချက်မိန့်ခွန်းတွေအရကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အစိုးရတို့ကြား ဖော်ဆောင်နေဆဲငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သက်ရောက်မှုရှိတဲ့ စိုးရိမ်စရာ အနေအထားတခုအဖြစ် နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြတာဖြစ်ပြီး သုံးဦးသုံးဘက်ကြား ခိုင်မာတဲ့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ အရေးတကြီးလိုအပ်နေပြီလို့လည်း ရှု့မြင်ကြပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်လို့ KNU ဗဟိုဌာနချုပ်ကတော့ ဒါဟာ သူတို့ဘက်က ပေးပို့တဲ့စာ ဖြစ်တယ်ဆိုတာကို အတည်ပြုပြောကြားပေမဲ့ တစုံတရာ မှတ်ချက်ပေးဆိုခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG