သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ လူငယ်တွေရဲ့ ငြိမ်းချမ်းရေး စကားဝိုင်း


၂၀၁ရ နှစ်သစ်ကူး ဇန်နဝါရီလ ၁ရက်နေ့မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ပြီး ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့လူငယ်များရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ငြိမ်းချမ်းရေး လမ်းစတွေရှာ စစ်မီးတွေငြိမ်းစေရေး ငြိမ်းချမ်းရေး စကားပြောခဲ့ကြသလို ပြည်တွင်းစစ်မီး မငြိမ်းနိုင်သေးတဲ့ အကြောင်းရင်းတွေမှာ အဓိကတာဝန်ရှိသူတွေဖြစ်တဲ့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ပါ ပြည်သူတွေရဲ့အသံ လူငယ်တွေရဲ့အသံကို နားထောင်ကြစေလိုတယ်လို့ ပါဝင်ဆွေးနွေးသူတွေက ထောက်ပြပြောဆိုခဲ့ကြပါတယ်။ ဒါ့အပြင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာပါ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ကျင်းပပေးဖို့ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို လူငယ်တွေက တောင်းဆိုကြပါတယ်။ အသေးစိတ် မဆုမွန်က စုစည်းတင်ပြထားပါတယ်။

နှစ်တနှစ်ရဲ့ ပထမဆုံး နှစ်သစ်ကူးတဲ့အချိန်မှာပဲ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ဆွေးနွေးတဲ့ လူငယ်များနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ နေ့လည်ပိုင်းမှာ နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ နိုင်ငံတဝှမ်းလုံးက လူငယ်တွေရဲ့အသံကို ငြိမ်းချမ်းရေးစကားဝိုင်းကိုတက်ရောက်လာတဲ့ လူငယ်တွေကနေတဆင့် နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင့် နားထောင်ပြီး မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဝပြောစေရေး မေးခွန်းတွေ၊ အကြံပြုချက်တွေ၊ သုံးသပ်ချက်တွေနဲ့ အပြန်အလှန်ဆွေးနွေးခဲ့ကြတာပါ။

လူငယ်တွေအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ခွင့်၊ လုပ်ပိုင်ခွင့်တွေ တောင်းနေတာထက်စာရင် ကိုယ့်ဘက်က ဘယ်လိုတာဝန်ကျေအောင် လုပ်နိုင်တယ်ဆိုတဲ့တာဝန်ယူမှုကို ပိုဖြစ်စေချင်ပါတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆိုခဲ့ပါတယ်။

“လက်ရှိလုပ်ငန်းစဉ် အဆင့်ဆင့်တိုင်းတွင် လူငယ်များ၏ပါဝင်မှု အခန်းကဏ္ဍကို ပါဝင်ခွင့်ပေးဖို့ိုတဲ့ ။ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ အားလုံးနဲ့ ဆိုင်တဲ့ကိစ္စပဲ၊ အားလုံးကနေပြီးတော့ တကယ်ပါဝင်ချင်တဲ့ စိတ်ရှိရင် ပါဝင်လို့ရပါတယ်။ ပါဝင်ပိုင်ခွင့် တခါတလေ အန်တီက အဲလိုအသုံးအနှုန်းတွေသုံးရင် စိတ်ထဲမှာ စိတ်ပူလေ့ရှိတယ်၊ ဥပမာ - လုပ်ပိုင်ခွင့်ပေါ့နော် ၊ ရပိုင်ခွင့် .. အဲလို “ ခွင့်” မဟုတ်ပဲနဲ့ တာဝန်ကို အဓိကထားစေချင်ပါတယ်။ ဘာလုပ်ပေးနိုင်မလဲ၊ ဘာရနိုင်မလဲဆိုတာထက် ဘာပေးနိုင်မလဲဆိုတာကို စဉ်းစားပေးစေချင်တယ်။ အဲဒီတော့ အန်တီက ပြန်မေးချင်တာက လက်ရှိလုပ်ငန်းစဉ် အဆင့်ဆင့်တိုင်းမှာ လူငယ်တွေအနေနဲ့ ဘယ်လိုများ ဝန်းရံပြီး ပံ့ပိုးပေးနိုင်ကြမလဲ ဆိုတဲ့အဖြေကို လူငယ်တွေဆီက ပြန်တောင်းပါရစေလို့။”

အခုလို လူငယ်တွေရဲ့အသံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ဆွေးနွေးရုံတင်မကပဲ ပြည်တွင်းစစ်ရေးပဋိပက္ခတွေမှာ အဓိက တာဝန်ရှိသူတွေဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပူးပေါင်းပါဝင်မှုကိုလည်း လူငယ်တွေက လိုလားနေကြတဲ့အကြောင်း ဆွေးနွေးပွဲမှာ ဦးဆောင်ပါဝင်သူလူငယ်တဦးက အခုလိုအကြံပြုပါတယ်။

“ဒီနေ့ ၁ ရက် ၁ လ ၂၀၁၇ မှာ ဒီလိုငြိမ်းချမ်းရေးစကားပြောပွဲ မှာ လူငယ်အနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ အဲလိုပွဲမျိုးတွေကို နေပြည်တော်မှာလုပ်တာထက် ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ လူငယ်တွေပိုမိုပါဝင်တဲ့ စကားဝိုင်းတွေကို ပိုလုပ်စေချင်ပါတယ်။ အဲဒီအပြင်ကို အမေကိုယ်တိုင်မကပဲနဲ့ ကာချုပ်ကိုယ်တိုင်ပါ အဲလိုပုံစံနဲ့ အမေးအဖြေကျနော်တို့နဲ့ လုပ်နိုင်ရင် ပိုမိုအဓိပ္ပါယ် ပြည့်ဝတဲ့ ဆွေးနွေးမူတွေ ဖြစ်လာမယ် လို့ ကျနော်ယုံကြည်ပါတယ်။”

ပြည်တွင်းစစ်မီးငြိမ်းနိုင်အောင် ပြည်သူတွေ အားလုံးက စစ်ပွဲတွေ ချက်ခြင်းရပ်ပေးပါလို့ တောင်းဆိုလိုပါတယ်လို့ ပါဝင်ဆွေးနွေးခဲ့တဲ့ လူငယ်တဦးကလည်း အခုလို ပြောပါတယ်။

“အဖွားပြောခဲ့တဲ့ သားတို့ဘက်ကနေ ဘာပြန်ပေးနိုင်မလဲပေါ့နော် ငြိမ်းချမ်းရေးအတွက်ပေါ့နော်၊ သားတို့ဘက်ကနေဘာပြန်ပေးနိုင်မလဲဆိုရင် စစ်ပွဲတွေ ချက်ခြင်းရပ်ဖို့ဆိုပြီးတော့ သားတို့ တောင်းပေးနိုင်လိမ့်မယ်။ ဒါပြည်သူတွေရဲ့ Ownership ပြည်သူတွေပိုင်ထားတာလို့ အဖွားကိုယ်တိုင် ပြောထားတာ ငြိမ်းချမ်းရေးက ပြည်သူတွေပိုင်တာ။ ဆိုတော့ ပြည်သူတွေတောင်းတာကို ဘာလို့မပေးတာလဲ ။ စစ်ပွဲရပ်လို့ ပြောလိုက်တာနဲ့ သေနတ်နဲ့ပဲဖြေရှင်းတယ်။ ကျနော်တို့ ပြည်သူတွေ ကျနော်တို့ဘ၀ ပြည်ထောင်စုစိတ်ဓါတ်မွေးမယ်ပေါ့နော်။ မွေးမယ်ဆိုရင် စစ်ပွဲမရပ်ပဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးခင်ဗျ။ ကျနော်တို့ ပြည်သူဘက်က ပေးနိုင်တာဆိုလို့ စစ်ပွဲရပ် ဆိုတဲ့ စကားပါ။”

မြန်မာနိုင်ငံတဝှမ်းတိုင်းရင်းဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့အတွက် အပြစ်မဲ့ဒေသခံပြည်သူတွေမှာ ထိခိုက်ဒဏ်ရာရတာ၊ မသန်စွမ်းဖြစ်ခဲ့ရတဲ့ဒုက္ခိတပြည်သူတွေအတွက် နိုင်ငံတော် အနေနဲ့ တာဝန်ယူ စောင့်ရှောက်ပေးစေလိုပါတယ် လို့လည်း ဆွေးနွေးသူ လူငယ်တဦးရဲ့အခုလို တောင်းဆိုမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း လက်ခံပါတယ်။

“အခုအရင်တုန်းကလည်း စစ်ပွဲတွေဖြစ်နေတယ်။ လက်ရှိအတိုင်းအတာမှာလည်း စစ်ပွဲတွေဖြစ်နေတုန်းပဲ။ အဲလိုစစ်ပွဲတွေဖြစ်လိုက်တိုင်းမှာ ကျနော်တို့လို မသန်စွမ်းတွေ အများကြီးဖြစ်လာတယ်။ ကိုယ်လက်အင်္ဂါကို စွန့်လိုက်ရလို့ မသန်စွမ်းသူတွေ ဖြစ်လာတာအများကြီးရှိတယ် အဲဒီလူတွေအတွက်ကိုလည်း ဒီဘက်အစိုးရက တာဝန်ယူ ပေးတာမရှိဘူး။ ဒီဘက် လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း တာဝန်ယူပေးတာ ၊ သူတို့ဘဝကို ဒီထက်ပိုပြီးတော့ ကောင်းလာအောင် စောင့်ရှောက်ပေးတာလည်း မရှိဘူး။”

၂၀၁၇နှစ်သစ်ကူးမှာ ကျင်းပနိုင်ခဲ့တဲ့ လူငယ်တွေရဲ့ စကားဝိုင်းကနေ နောင်နှစ်တွေမှာပါ ငြိမ်းချမ်းရေးစကားဝိုင်းတွေကနေတဆင့် နိုင်ငံတော်ကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ရောက်အောင် ဖော်ဆောင်ပေးကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ်မိန့်ခွန်းပြောဆိုရင်းနဲ့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

“ဒီနေ့ဟာ ၂၀၁၇ရဲ့ ပထမဦးဆုံးနေ့ဖြစ်ပါတယ် နောင်ဘာမှမကြာဘူး လို့ ထင်တဲ့အချိန်ကာလမှာ ၂၀၁၈ ရဲ့ ပထမဦးဆုံးနေ့ဖြစ်လာပါမယ်။ ၁ နှစ်ဆိုတာ ကုန်သွားတာ အင်မတန်မြန်ပါတယ်။ ကုန်သွားတဲ့အချိန် ဒီနှစ် ၃၆၅ရက်ကို ထိုက်ထိုက်တန်တန်နဲ့ အများအတွက်သုံးခဲ့တယ်ဆိုတဲ့ သန့်တဲ့ လိပ်ပြာနဲ့ နောင်နှစ်ကို ရင်ဆိုင်မယ်ဆိုရင် ကျွန်မတို့ဟာ လူဖြစ်ရကျိုးနပ်တယ်လို့ သုံးသပ်လို့ရပါတယ်၊ ဒီနှစ်အတွင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အင်မတန်မှတိုးတက်မယ်လို့ အန်တီတို့ ယုံကြည်တယ်။ အန်တီတို့ကတော့ အမြန်ဆုံးဖြစ်စေချင်တယ် ၊ငြိမ်းချမ်းရေးရသင့်တာ ကြာပါပြီ။ အခုအချိန်ဟာ မစောင့်သင့်တော့ပါဘူး။ အားလုံးဝိုင်းပြီးတော့ ၂၀၁၇ မှာ ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်နိုင်အောင်လို့ ဝိုင်းဝန်းကူညီကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။”

ဒီကနေ့ ငြိမ်းချမ်းရေးစကားဝိုင်းကို လေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့ အမျိုးသားလူငယ်ကွန်ရက် အတွင်းရေးမှူး အဖွဲ့ဝင် မသဉ္စာရွှမ်းလဲ့ရည်ကလည်း ငြိမ်းချမ်းရေးစကားဝိုင်းအပေါ် သုံးသပ်ချက်သူ့အမြင် ဗွီအိုအေကို ခုလိုပြောပါတယ်။

“ဒီလူငယ်တွေပြောကြတာတွေရော ဒီဘက်က ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း လူငယ်တွေအပေါ်မှာ အပေးအယူ မျှမျှတတနဲ့ သွားနေတာမျိုးပေါ့နော် သူ့ဘက်က ဒီဘက်လူငယ်တွေ ပြောတာလည်း ပြန်နားထောင်တယ်။ မေးခွန်းတွေလည်း ပြင်ပြ Facebook ကနေလည်းယူတာတွေရှိတယ်ဆိုတော့ ဒါအဖွင့်လှတယ်ဆိုတော့ နောက်ဆက်တွဲ ဒီလို Forum မျိုးတွေ ၊ ဒီလိုစကားဝိုင်းတွေဖြစ်လာဖို့ အလားအလာအများကြီးရှိလာပြီလို့ သုံးသပ်ရတယ်ပေါ့နော်။”

ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ လူငယ်တွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို Myanmar State Counsellor Office Page ကနေ LIVE ထုတ်လွှင့်ပေးသလို Live လွှင့်နေချိန် တပြိုင်နက်တည်း ပြည်သူတွေဘက်က တိုက်ရိုက်မေးခွန်းမေးမြန်းပိုင်ခွင့်အစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပခဲ့သလို ဦးဆောင်ဆွေးနွေးသူ လူငယ်တွေအပြင် မြန်မာ့ငြိမ်းချမ်းရေးလေ့လာသူတွေလည်း တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG