သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ NLD အစိုးရအပေါ် အမြင်တချို့


၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲမှာ တွေ့ရတဲ့ NLD အစိုးရအဖွဲ့နဲ့ လွှတ်တော်၊ တပ်မတော်။ (သြဂုတ် ၃၁၊ ၂၀၁၆)
၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲမှာ တွေ့ရတဲ့ NLD အစိုးရအဖွဲ့နဲ့ လွှတ်တော်၊ တပ်မတော်။ (သြဂုတ် ၃၁၊ ၂၀၁၆)

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အာဏာရလာတဲ့ NLD အစိုးရအုပ်ချုပ်တဲ့ ၉ လတာကာလအတွင်း ပြုပြင်ပြောင်းလဲမှုတချို့ကို ကြေနပ် အားရသူတွေ ရှိသလို၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလို လုပ်ငန်းစဉ်နဲ့ အစိုးရဆိုင်ရာသတင်း ရယူနိုင်ခွင့် အပိုင်း တွေမှာတော့ အားနည်းနေသေးတယ် လို့ ဝေဖန်သုံးသပ်သူတွေလည်း ရှိနေပါတယ်။ နိုင်ငံရေးခေါင်းဆောင်တချို့နဲ့ သတင်းသမားတွေက လာမယ့် ၂၀၁၇ အတွက် ဘယ်လိုမျှော်လင့်ကြသလဲ ဆိုတာနဲ့ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

စစ်အစိုးရ ခေတ်အဆက်ဆက် နိုင်ငံရဲ့ကဏ္ဍပေါင်းစုံမှာ ချွတ်ခြုံကျခဲ့ရပြီး၊ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြဿနာတချို့ကို ဖြေရှင်းဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီပြဿနာတွေကို NLD အစိုးရက ဆက်ပြီးဖြေရှင်းဖို့ တာဝန်ရှိလာတာပါ။ အဲဒီထဲကမှ အမျိုးသား လုံခြုံရေးကိစ္စမှာ အားရစရာတချို့ရှိပေမယ့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာတော့ NLD အစိုးရရဲ့ ကိုင်တွယ်ပုံ တွေကို အားမရဘူး လို့ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်ပါတယ်။

" အမျိုးသားလုံခြုံရေးနဲ့ပတ်သက်လို့ ရခိုင်ကိစ္စ ချဉ်းကပ်ပုံလေးတွေက အဲ့ နောက်ပိုင်း မှာ အားရစရာ ဖြစ်လာပါတယ်။ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းမှု ချဉ်းကပ်ပုံနဲ့ လက်တွေ့ဆောင်ရွက်ချက်ကို သုံးသပ်တဲ့အခါမှာ ကျနော်တို့ဘက်က အားမရဘူး ဆိုတာ ဖြစ်လာပါတယ်။ အားလုံးပါဝင်နိုင်ရေးဆိုတဲ့ ကဏ္ဍ အခုထက်ထိ မရောက်သေးဘူးဆိုတာ တွေ့ရပါတယ်။ နောက် ငွေကြေးဖောင်းပွမှုမှာ သူမတူအောင် များနေတဲ့ကဏ္ဍ၊ စီးပွားရေးနဲ့ပတ်သက်လို့ တိတိကျကျ မူဝါဒ ချပြီး တည်ဆောက်နိုင်တာကို မတွေ့တာရယ်၊ NLD သည် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ် တခုကို ဦးဆောင်ကျင်းပတဲ့အစိုးရအဖြစ် ဒီကာလ ၂၀၁၇ က စပြီးတော့ ၂၀၂၀ ငါးနှစ်တာ သက်တမ်းမှာ သူမတူတဲ့ ပြည်တွင်းငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု ကို နောင်လာမယ့် အစိုးရကို လက်လွှဲပေးနိုင်မယ့် အစိုးရအဖြစ် သမိုင်းမှာ တွင်ကျန်ခဲ့နိုင်ပါတယ်။"

ဦးသိန်းစိန် အစိုးရလက်ထက် သတင်းမီဒီယာ ထိန်းချုပ်မှုကို အထိုက် အလျှောက် ဖြေလျှော့ခဲ့ပြီး၊ NLD အစိုးရလက်ထက်မှာ ပိုပြီး လွတ်လပ် ခွင့်ရလာမယ်လို့ မျှော်လင့်ထားကြပေမယ့် အခက်အခဲတွေ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ဦးဇေယျာလှိုင်က ပြောပါတယ်။

" NLD က လွှတ်တော်ထဲ ဝင်သွားတဲ့အချိန်ကစပြီး သတင်းသမားတွေ လွှတ်တော်ထဲက ဖယ်ထုတ်ခံလိုက်ရတယ်။ နောက်ပြီးတော့ အခုအစိုးရအဖွဲ့က မီဒီယာတွေနဲ့ပြောဖို့ မီဒီယာယူနစ်တွေ ထားဖို့ ညှိနှိုင်းထားတာ ရှိပေမဲ့ အခုထက်ထိ အကောင်အထည်မဖော်နိုင်သေးဘူး။ နောက်ပြီးတော့ NLD နဲ့ အစိုးရနဲ့ ပါဝင်ပတ်သက်မှုကို မေးတိုင်း မေးတိုင်း NLD က ပြောရေးဆိုခွင့် ရှိတဲ့ ပုဂ္ဂိုလ်တွေက သတင်းသမားတွေကို ဆဲတာ ဆိုတာတွေ ရှိတယ်။ သတင်းမေးရတာ ခက်တယ်ဆိုတာကို တွေ့လာရတယ်။ ဆိုတော့ ဒီ့ထက်ပိုပြီးတော့ သတင်းမီဒီယာနဲ့ ထိတွေ့ခြင်းက အစိုးရရဲ့ပုံရိပ်ကို မြှင့်တင်စေတယ်ဆိုတာကို နားလည်စေချင်တယ်။ ဥပမာ ရခိုင်အရေးကိစ္စမျိုးပေါ့ မြန်မြန်ဆန်ဆန် တုန့်ပြန်ပြီးတော့မှ လုပ်စေချင်တယ်။"

အရင် စစ်အစိုးရခေတ်ကတည်းက နက်ရှိုင်းလာခဲ့တဲ့ ပြဿနာကတော့ အဂတိလိုက်စားမှုပဲဖြစ်ပါတယ်။ ဒါပေမယ့် ခုထိတော့ အဂတိ လိုက်စားမှု ပပျောက်ရေးကို NLD အစိုးရက ထိရောက်စွာ မကိုင်တွယ်နိုင်သေးဘူး လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက မြင်ပါတယ်။

" NLD အစိုးရအနေနဲ့ပေါ့လေ လာမယ့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ထိထိရောက်ရောက် စီမံချက် ချပြီးတော့ ဆောင်ရွက်နိုင်မယ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဂတိလိုက်စားမှုကို ထိထိရောက်ရောက် မတိုက်ဖျက်နိုင်ဘူး ဆိုရင် နောက်ပြီးတော့ ဝန်ထမ်းတွေ ကြားထဲမှာ ပညာပေးတာ၊ အရေးယူတာကို ထိထိရောက်ရောက် မလုပ်နိုင်ဘူးဆိုရင် ကျနော်တို့ရဲ့ အပြောင်းအလဲဟာ ထိရောက်အလုပ်ဖြစ်သလောက် အလုပ်မဖြစ်နိုင်ဘူးလို့ ကျနော်ကမြင်တယ်။ "

NLD အစိုးရတက်လာပြီးနောက်ပိုင်း ဥပဒေတချို့ပြောင်းလဲနိုင်တာ၊ နိုင်ငံခြား ဆက်ဆံရေး အားကောင်းလာတာ၊ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ မှုတွေ ရုပ်သိမ်း သွားတာတွေက အားရစရာကောင်းပေမယ့်၊ တချို့ကိစ္စတွေမှာ စစ်တပ်ကငြိုငြင်မှာကို အလေးထားနေတာတွေက ရေရှည်အတွက် မကောင်းဘူးလို့ ကျားခေါင်းပါတီ SNLD ရဲ့ ဗဟိုကော်မတီဝင် ဦးစိုင်းလိတ်က ထောက်ပြပါတယ်။

" နိုင်ငံခြား ဆက်ဆံရေး နဲ့ပတ်သက်ရင်တော့ ကျေနပ်အားရ စရာကောင်းပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာတော့ အခက်အခဲတွေနဲ့ ဆက်ပြီး ရင်ဆိုင်နေရမယ့် အနေအထားမျိုးတွေ မှာ တွေ့ရတယ်။ နောက် လွှတ်တော်ပိုင်းကို ကြည့်မယ်ဆိုရင် နိုင်ငံတော် အတိုင်ပင်ခံဆိုင်ရာ ဥပဒေကို ပြဌာန်းပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် နိုင်ငံအရေးမှာ ဦးဆောင်နိုင်ခွင့် ပေး လိုက်နိုင်တာဟာ အားရကျေနပ် စရာကောင်းပါတယ်။ ခြုံပြီးပြောမယ် ဆိုလို့ရှိရင် NLD အစိုးရဟာ တပ်မတော်ကို အမြဲတမ်း မျက်နှာကိုကြည့်နေပြီးတော့မှ အလုပ်လုပ်နေရတဲ့ အနေအထားမျိုးကို ရောက်နေတယ်။ နောက်လာမယ့် ၄နှစ်မှာ ဒီအနေအထားတွေကို မပြောင်းနိုင်ဘူးဆိုရင် တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှု ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ် ဒါတွေကို ဝေဝေဝါးဝါး နဲ့ စောင့်ကြည့်နေရမယ့် အနေအထားမျိုး ရှိနေမယ်လို့ ကျနော် သုံးသပ်ပါတယ်။"

အခုလို အားရကြေနပ်မှုတွေ အားမလိုအားမရဖြစ်တာတွေ ရှိပေမယ့် NLD အစိုးရ အနေနဲ့ ဖွဲ့စည်းပုံဥပဒေပြင်ဆင်နိုင်ရေး အပါအဝင် အခြား ဦးစားပေး ကိစ္စတွေကို ဇွဲရှိရှိနဲ့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

" ကျနော်တို့ ဒီကာလအတွင်းမှာ အပြည့်အစုံ အောင်မြင်ဖို့ ဆိုတာလည်း မဖြစ်နိုင်တဲ့ကိစ္စပါ။ စစ်အုပ်ချုပ်တဲ့ခေတ်ကြီးကို ကျော်ဖြတ်ပြီး ကျနော်တို့က ဒီဟာကို ကိုင်တွယ်ရတဲ့အတွက် ပိုမိုခက်ခဲစေတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဖွဲ့စည်းပုံ ပြင်ဖို့က လိုကို လိုအပ်တယ်။ ဖွဲ့စည်းပုံ မပြင်ပဲနဲ့ ဒီငြိမ်းချမ်းရေး ကိစ္စ တောင်မှ အောင်မြင်အောင် ဆောင်ရွက်ဖို့ အများကြီး ခဲယဉ်းပါတယ်။ ကျနော်တို့ နိုင်ငံမှာ အဓိက အင်အားကြီးတရပ်ဖြစ်တဲ့ တပ်မတော် ဒါ မပါလို့မရဘူး။ တပ်မတော်က ကျနော်တို့ရဲ့ ရည်မှန်းချက်ကို တကယ်နားလည်သဘောပေါက်လာဖို့ ကျနော်တို့ အမြဲတမ်း အစဉ်မပြတ် ကြိုးစားနေပါတယ်။ တနေ့ ဒီအခြေအနေကို ရရှိမယ်လို့လည်း ယုံကြည်ပါတယ်။ "

ဒါပေမယ့် ၂၀၁၇ နှစ်ထဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာလိမ့်မယ်လို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။

၂၀၁၆ NLD အစိုးရအပေါ် အမြင်တချို့
please wait

No media source currently available

0:00 0:05:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG