သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည် ဘိန်းစိုက်ပျိုးမှုကျဆင်းဟု UNODC ထုတ်ပြန်


မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ၂၀၁၇ခုနှစ်မှာ သိသိသာကျဆင်းလာခဲ့ကြောင်း ၊ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်နဲ့ နှိုင်းစာရင် ဘိန်းစိုက်ဧက ၃သောင်းခွဲကျော် ကျဆင်းခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ မှုခင်းဆိုင်ရာရုံး UNODC က ဒီနေ့ အစီရင်ခံစာထုတ်ပြန်ပါတယ်။ ဒီလို ဘိန်းစိုက်ပျိုးတာတွေ ကျဆင်းလာတဲ့တချိန်တည်းမှာ ဘိန်းစိုက်ပျိုးရာဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းအဓိက စိုက်ပျိုးခဲ့တဲ့ ဒေသတွေမှာ အခုနှစ်ပိုင်းတွေအတွင်း ဘိန်းစိုက်ပျိုးမှုကျဆင်းခဲ့ပြီး ရှမ်းပြည်နယ်ဖက်တွေမှာ အထူးသဖြင့်ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ မှုခင်းဆိုင်ရာရုံး UNODC နဲ့မြန်မာအစိုးရတို့ ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုစစ်တမ်းကို UNODC နဲ့ မြန်မာအစိုးရတို့ ၂၀၀၁ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ဒီနှစ်ကျဆင်းမှုပမာဏဟာ ၂၀၁၅ခုနှစ်နဲ့နှိုင်းစာရင် ၂၅ရာခိုင်နှုန်းအထိကျဆင်းခဲ့ကြောင်း အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ မူ့ခင်းဆိုင်ရာရုံး က ဌာနေကိုယ်စားလှယ် Jeremy Douglas က အခုလို ပြောပါတယ်။

“အခုဆိုရင် ဘိန်းစိုက်ပျိုးမှုဟာ ၄၁၀၀၀ ဟက်တာရှိပြီး ဒါဟာ အရင် ရှိနေတဲ့ ၅၅၀၀၀ဟက်တာကနေ သိသိသာသာကျဆင်းလာတာဖြစ်ပါတယ်။ ဒီကိန်းဂဏန်းအရဆိုရင် ဘိန်းစိုက်ပျိုးမှုဟာ ၂၅ရာခိုင်နှုန်းကျဆင်းလာတာလည်း ဖြစ်ပါတယ်။"

ကျဆင်းသွားတဲ့ ဘိန်းစိုက်ပျိုးမှုဧရိယာကိုဧကတွက်ချက်ကြည့်ရင် ၃သောင်းခွဲလောက် ရှိတာဖြစ်ပြီး ဘိန်းထုတ်လုပ်မှုအရ ၂၀၁၇မှာ တန်ချိန် ၅၅၀ ထွက်ရှိပြီး ၂၀၁၅ခုနှစ်နဲ့နှိုင်းစာရင် တန်ချိန် ၁၀၀လောက်ကျဆင်းခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

နေပြည်တော်မှာ ဒီဇင်ဘာ ၆ ရက် ဒီကနေ့လုပ်တဲ့ ၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှုဆိုင်ရာစစ်တမ်း ထုတ်ပြန်ပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေကလည်း ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့တာနဲ့ပါတ်သက်လို့ ခုလိုမိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ၂၀၀၆ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှုအနိမ့်ဆုံးကို ရောက်ရှိပေမယ့် ယင်းနှစ်များနောက်ပိုင်း ၂၀၁၃ ခုနှစ်အထိ ပြန်လည်မြင့်တက်လာခဲ့ရာမှာ ၂၀၁၄မှာ ပြန်လည်ကျဆင်းတဲ့ဘက်ကို ဦးတည်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ သိသိသာသာ ပြန်လည်ကျဆင်းလာခဲ့ကြောင်းတွေ့ရပါတယ်။"

မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုစစ်တမ်းကို ဂြိုလ်တုဓါတ်ပုံတွေကရယူတဲ့နည်းစနစ်နဲ့ ကွင်းဆင်းစစ်ဆေးမှုနည်းစနစ် ၂မျိုးကို ကောက်ယူခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံများ အဓိက ဘိန်းစိုက်ပျိုးတဲ့ဒေသတွေကတော့ ရှမ်းပြည်နယ်ဖြစ်ပြီး ကချင်နဲ့ ချင်းပြည်နယ်တွေမှာလည်း စိုက်ပျိုးတာတွေ ရှိကြောင်း စစ်တမ်းမှာ ဖော်ပြပါတယ်။

စစ်တမ်းအရ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာတော့ ဘိန်းစိုက်ပျိုးတာဟာ သိသိသာသာလျော့ကျသွားတာမျိုး မရှိတာနဲ့ပတ်သက်လို့ Jeremy Douglas အခုလို သုံးသပ်ပါတယ်။

"ဘိန်းစိုက်ပျိုးမှု မကျဆင်းတဲ့ဒေသ၂ခုကို လေ့လာကြည့်တဲ့အခါ ဒီဒေသတွေဟာလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာဒေသတွေဖြစ်နေပါတယ်။ ဒီလက်နက်ကိုင်ပဋိပက္ခဟာမူးယစ်ဆေးဝါးနဲ့ ငြိမ်းချမ်းရေးတို့ဆက်နွယ်နေတာကိုလည်း တွေ့ရှိရပါတယ်။"

ဘိန်းစိုက်ပျိုးမှုကျဆင်းတာဟာ ဒေသတွင်း ဘိန်းစိမ်းနဲ့ ဘိန်းဖြူဈေးကျဆင်းတာအပြင် မက်တာမက်တမင်းခေါ် စိတ်ကြွဆေးကို အစားထိုးသုံးစွဲလာတာနဲ့လည်းဆက်စပ် နိုင်ကြောင်း အစီရင်ခံစာမှာဖော်ပြပါတယ်။

ဘိန်းစိုက်ပျိုးတာလျော့ကျစေဖို့အတွက် ဘိန်းစိုက်ရာဒေသတွေမှာ အစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်မှာဖြစ်ကြောင်းလည်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောဆိုထားပါတယ်။

"ဘိန်းစိုက်ပျိုးရာဒေသများမှာ ဘက်ပေါင်းစုံပါဝင်တဲ့ ကျေးလျက်ဖွံ့ဖြိုးရေးကို ဦးစားပေးလုပ်ဆောင်လျက်ရှိသလို ၊ အစားထိုးစိုက်ပျိုးမှုလုပ်ငန်းများမှာလည်း တောင်သူများကို အမှန်တကယ်အကျိုးဖြစ်ထွန်းစေမယ့် သင့်လျော်တဲ့ အစားထိုးသီးနှံ၊ မွေးမြူရေး ၊ ဈေးကွက်ရရှိရေးနဲ့ အခြားဝင်ငွေရလုပ်ငန်းများ ဖော်ဆောင်ပေးခြင်းတို့ကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ အရင်ကလည်း ဘိန်းအစားထိုးသီးနှံစိုက်ပျိုးမှုစီမံကိန်းတွေ ဆောင်ရွက်ခဲ့ပေမဲ့ ထွက်လာတဲ့သီးနှံတွေအတွက် ဈေးကွက်အခက်အခဲနဲ့ အစားထိုးသီးနှံစိုက်တဲ့ တောင်သူတွေအတွက် ရေရှည်ပံ့ပိုးမှုပိုင်းမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ အခုတော့ ရှမ်းပြည်နယ်အတွင်းမှာ ဘိန်းအစားထိုးသီးနှံအဖြစ် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းကို စီစဉ်ထားပြီး ထွက်ရှိလာတဲ့ ကော်ဖီစေ့တွေအတွက် ဈေးကွက်ရရှိရေးအတွက်ပါ ဆောင်ရွက်ပေးနေပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ၁၉၉၉ ခုနှစ်က စတင်ပြီး ၁၅ နှစ်စီမံကိန်း ချမှတ်ဆောင်ရွက်ခဲ့ရာမှာ ၂၀၁၄ ခုနှစ်မှာ စီမံကိန်းကို အပြည့်အဝ အကောင်အထည်မဖော်နိုင်တာကြောင့် နောက်ထပ် ၅နှစ် ထပ်မံတိုးမြှင့်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG