သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေး သံသရာ


တိုင်းနဲ့ပြည်နယ် (၇) ခုမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးပမာဏဟာ မနှစ်ကထက် သုံးဆ ပိုများတယ်လို့ ဇွန်လ (၁၄) ရက်နေ့မှာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးက ကြေညာပါတယ်။ မဆုံးနိုင်တဲ့ မူးယစ်ဆေး သံသရာကို ဒီသတင်းက မီးမောင်းထိုးပြပေမယ့် မထူးဆန်းတဲ့သတင်းလို ဖြစ်နေပါတယ်။ ၁၉၇၆ မှာ “မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့” ကို တည်ထောင်ထားတာမို့ မူးယစ်ဆေးတိုက်ဖျက်နေသော အနှစ် (၄၀) ရှိပြီလို့ ပြောနိုင်ပါတယ်။ ၁၉၈၈ မှာ စစ်အစိုးရတက်လာပြီး ၁၉၉၉ မှာ (၁၉) နှစ်အတွင်း မူးယစ်ဆေးပြဿနာ နိဂုံးချုပ်ရေး စီမံကိန်းကို စတင်ပါတယ်။

မူးယစ်ဆေး သံသရာ
please wait

No media source currently available

0:00 0:05:12 0:00
တိုက်ရိုက် လင့်ခ်


ဒါပေမဲ့ (၁၅) နှစ်သာ ကြာလာတယ် မူးယစ်ဆေးပြဿနာကို မဖြေရှင်းနိုင်တဲ့အတွက် ၂၀၁၄ မှာ နောက်ထပ် (၅) နှစ် စီမံကိန်း တိုးချဲ့ပါတယ်။ မူးယစ်ဆေးပြဿနာရဲ့ အခြေခံဇစ်မြစ်ဖြစ်တဲ့ ဆင်းရဲမှု ကျဆင်းရေးနဲ့ အစားထိုးဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ရာမှာ နိုင်ငံခြား အကူအညီအများကြီး လိုအပ်နေတယ်လို့ (၂၀၁၃) ထုတ် “မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး နှစ်ပတ်လည် အစီရင်ခံစာမှာ” ဖော်ပြပါတယ်။ ကုလသမဂ္ဂ မူးယစ်ဆေး၊ မူးခင်းနှိမ်နင်းရေးအဖွဲ့နဲ့ ပူးတွဲပြီး ဘိန်းစိုက်ဧရိယာ စာရင်းကောက်တဲ့အခါမှာ ဘိန်းစိုက်ပျိုးမှုရော၊ ဘိန်းထုတ်လုပ်မှုပါ (၂၀၀၂) ကစပြီး တိုးပွားလာကြောင်း သိရပါတယ်။

မူးယစ်ဆေးတိုက်ဖျက်ရေးမှာ ပြည်သူလူထု ပါဝင်နိုင်အောင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းတွေကို လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်က ဖွဲ့စည်းခဲ့တယ်လို့ ၂၀၁၃ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ပြည်နယ်အဆင့်မှာ (၉) သင်း၊ ခရိုင်အဆင့်မှာ (၂၃) သင်း၊ မြို့နယ်အဆင့်မှာ (၁၃၅) သင်းနဲ့ ရာသက်ပန်အသင်းသား နှစ်သောင်းကျော် (၂၂၄၈၈) ရှိတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေး ဆန့်ကျင်ရေး ပညာရေးဟောပြောပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ၊ အစည်းအဝေး အခမ်းအနားနဲ့ သင်တန်းတွေကို အဓိကထားပြီး ဆောင်ရွက်နေပုံ ရပါတယ်။ ၂၀၁၂ ကစပြီး “တံလျှပ်ရသသုတ” သတင်းဂျာနယ်ကိုလည်း အသင်းက ထုတ်ဝေပါတယ်။ အစိုးရနဲ့ အသင်းအဖွဲ့တွေဟာ ကုလသမဂ္ဂနဲ့ရော အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ပေမယ့် မူးယစ်ဆေးပြဿနာဟာ ရှိနေဆဲ ဖြစ်ပါတယ်။

“ပတ်ဂျာဆန်” ခေါ် ကချင်မူးယစ်ဆေး တိုက်ဖျက်ရေးအဖွဲ့ ၂၀၁၄ အစောပိုင်းမှာ ဖွဲ့စည်းတာဟာ အစိုးရရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလမ်းစဉ် ချွတ်ခြုံကျပုံကိုပြတာ ဖြစ်တယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။ ကချင်ပြည်နယ်မှာ မူးယစ်ဆေးစွဲသူများလာတဲ့ ပြဿနာကို ဖြေရှင်းဖို့ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် Kachin Baptist Convention – KBC က ပတ်ဂျာဆန်အဖွဲ့ကို ၂၀၁၄ ဖေဖေါ်ဝါရီမှာ တည်ထောင်ပါတယ်။ သင်းအုပ်ဆရာနှစ်ထောင်ကျော်နဲ့ အသင်းဝင်လေးသိန်းကျော်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီး ဘိန်းခင်းတွေကို ဖျက်ဆီးတဲ့ လူထုလှုပ်ရှားမှု ဖြစ်ပါတယ်။ မနှစ်ကတင် ဧက (၉) ထောင်ကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။ အစိုးရ လုပ်တာကိုစောင့်နေရင် ပြဿနာ ပိုဆိုးလာနိုင်တာကြောင့် အခုလို လူထုအင်အား သုံးရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘိန်းခင်းတွေ ပျက်ဆီးတဲ့အတွက် စိတ်ကြွဆေးထုတ်လုပ်မှု ပိုများလာနိုင်ပါတယ်။

ဘိန်းစိုက်တဲ့ လယ်သမားအများစုဟာ ဆင်ရဲလွန်းလို့ ဘဝရပ်တည်ရေးအတွက် စိုက်ကြရတာမို့ ရာဇဝတ်မှု ကျူးလွန်သူလို့ သဘောမထားသင့်ဘူးလို့ မြင်သူတွေလည်း ရှိပါတယ်။ မူးယစ်ဆေးလုပ်ငန်းမှာ ဘိန်းစိုက်ပျိုးသူတင်မကဘဲ လူအတော်များများ ပါဝင်တာမို့ ဘိန်းခင်းတွေ ပျက်ဆီးသွားတာနဲ့ မူးယစ်ဆေးပြဿနာ ကွယ်ပျောက်သွားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကချင်နဲ့ရှမ်းပြည်နယ်က ဘိန်းခင်းတွေဟာ အစိုးရတပ်ရဲ့ မဟာမိတ် ပြည်သူ့စစ်ကြီးစိုးတဲ့ဒေသမှာ ရှိတာမို့ ဘိန်းခင်းဖျက်ဆီးမှုဟာ အန္တရာယ်ရှိပါတယ်။ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလက ပတ်ဂျာဆန်အဖွဲ့ကို တိုက်ခိုက်သူတွေဟာ ပြည်သူ့စစ်နဲ့ NDA-K ကချင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ NDA-K နယ်ခြားစောင့်တပ် ထိန်းချုပ်တဲ့ နယ်စပ်ဒေသမှာ တရုတ်လုပ်ငန်းရှင်က မြေငှားပြီး ဘိန်းစိုက်တာဖြစ်ကြောင်း သိရပါတယ်။

တရုတ်အစိုးရ ဖိအားပေးမှုကြောင့် ကိုးကန့် နဲ့ ဝ ဒေသမှာ ဘိန်းမစိုက်တာ နှစ်အတော်ကြာပြီဖြစ်ပေမယ့် ဘိန်းအထွက်တိုးနေပါတယ်။ အကြောင်းကတော့ အစိုးရတပ်နဲ့ ပြည်သူ့စစ် ချုပ်ကိုင်ရာဒေသတွေမှာ ဘိန်းစိုက်ပျိုးမှု တိုးပွားလာလို့ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာတင် ပြည်သူ့စစ်ပေါင်း တစ်ရာကျော်ရှိပြီး အပြိုင်အဆိုင် ရန်ပုံငွေရှာကြောင်း သိရပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်က မူးယစ်ဆေးလုပ်ငန်းကို ငွေရင်းထောက်ပံ့ပြီး ကြိုးကိုင်နေသူဟာ တိုင်းရင်းသားလက်နက်ကိုင်ကို မဟုတ်ဘဲ ပြည်ပက တရုတ်တွေသာ ဖြစ်တယ်လို့ Transitional Institute က ဆိုပါတယ်။

ပြည်ပအခြေစိုက် တရုတ်တွေက ငွေကြေးထောက်ပံ့ပြီး ပြည်တွင်းလက်နက်ကိုင်က မူးယစ်ဆေးထုတ်လုပ်နိုင်မယ့် နေရာဒေသကို ဖန်တီးပေးတဲ့အတွက် မူးယစ်ဆေးလုပ်ငန်း သက်ဆိုးရှည်နေတာ ဖြစ်ပါတယ်။ မူးယစ်ဆေးလုပ်ငန်းဟာ အမြတ်အစွန်းများတဲ့အတွက် စစ်ဗိုလ်နဲ့ အရပ်ဘက်အရာရှိတွေ ငွေရှာတဲ့လုပ်ငန်း ဖြစ်လာပါတယ်။ ဒေသခံနိုင်ငံရေးသမား၊ အစိုးရအမှုထမ်း၊ စစ်ဗိုလ်၊ ပြည်သူ့စစ်၊ တိုင်းရင်းသားလက်နက်ကိုင်၊ ပြည်ပအခြေစိုက် တရုတ်စီးပွားရေးသမားစတဲ့ လူတန်းစားတွေအားလုံး မူးယစ်ဆေးလုပ်ငန်းမှာ ပါဝင်ပတ်သက်ပြီး အပေးအယူလုပ်နေကြတာမို့ တဦးတည်းတဖွဲ့တည်းကို အပြစ်ပုံချပြီး တရားခံရှာတာမျိုးတာ သဘာဝမကျဘူးလို့ သုံးသပ်ကြပါတယ်။

XS
SM
MD
LG