သုံးရလွယ်ကူစေသည့် Link များ

မူးယစ်ဆေးဝါး ဖမ်းဆီးရမိတဲ့သတင်းကို မြန်မာ့မီဒီယာမှာ မကြာခဏ တွေ့နေရပါတယ်။ မကြာမီကပဲ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ နှစ်စောင်ထွက်လာပါတယ်။ မူးယစ်ဆေးပြဿနာ ဖြေရှင်းရာမှာ အစိုးရအဆက်ဆက်ဟာ အပြစ်ပေးတဲ့နည်းကိုသာသုံးပြီး ဆေးစွဲသူနဲ့ သယ်ဆောင်သူတွေကို အရေးယူဖို့ ဦးစားပေးခဲ့ပါတယ်။ မူးယစ်ဆေးဂိုဏ်းကြီးတွေကို အရေးမယူဘဲ ဆေးစွဲသူနဲ့ ဝမ်းရေးအတွက် ဘိန်းစိုက်သူတွေကိုသာ အရေးယူတာမှားနေကြောင်း Drug Policy Advocacy Group (ခေါ်) မူးယစ်ဆေး ပေါ်လစီအုပ်စုက ဖေဖေါ်ဝါရီလထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မူးယစ်ဆေးစားသုံးသူ သုံးသိန်းလောက်ရှိတယ်လို့ ခန့််မှန်းပါတယ်။ ၂၀၁၂ စာရင်းအရ မြန်မာအကျဉ်းထောင်တွေထဲမှာ အကျဉ်းသောင်း (၆) သောင်းလောက်ရှိတဲ့အနက် နှစ်သောင်းလောက်သာ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ထောင်ချခံရသူတွေ ဖြစ်ပါတယ်။ မြစ်ကြီးနားအကျဉ်းထောင်မှာတော့ (၇၀) ရာခိုင်နှုန်းဟာ မူးယစ်ဆေးနဲ့ ပတ်သက်သူတွေ ဖြစ်နေပါတယ်။ ဆေးသမား၊ ရဲသား နဲ့ တရားရုံးအကြား အမြဲတမ်း လာဘ်ပေးလာဘ်ယူ လုပ်ကြပါတယ်။ ဒါကြောင့် မူးယစ်ဆေး စားသုံးသူကို ရာဇဝတ်မှု ကျူးလွန်သူအဖြစ် မမြင်တဲ့ဥပဒေမျိုး လိုအပ်နေတယ်လို့ မူးယစ်ဆေး ပေါ်လစီအုပ်စုက ဆိုပါတယ်။

ရှမ်းပြည်နယ်က ဘိန်းစိုက်ပျိုးမှုကို ဆန်းစစ်ထားတဲ့ စာမျက်နှာ (၈၀) ကျော် အစီရင်ခံစာကို UNODC (ခေါ်) ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုရုံးက မတ်လ က ထုတ်ဝေပါတယ်။ ဘိန်းထုတ်လုပ်တဲ့နေရာမှာ မြန်မာပြည်ဟာ ကမ္ဘာမှာ ဒုတိယ လိုက်နေပါတယ်။ ရှမ်းပြည်နယ်က ကျေးရွာ (၆၀၀) နီးပါးကို လွန်ခဲ့တဲ့နှစ်က စစ်တမ်းကောက်တဲ့အခါမှာ အိမ်ထောင်စု ဆယ်ရာခိုင်နှုန်းဟာ ဘိန်းစိုက်ပျိုးနေကြပါတယ်လို့ ဆိုပါတယ်။ ဘိန်းစိုက်ပျိုးမှုဟာ ရှမ်းပြည်နယ်မှာ စီးပွားရေးလုပ်ငန်းတခုကိုလို ဖြစ်နေပါတယ်။ ဘိန်းစိုက်ပျိုးသူဦးရေ ကျဆင်းလာပေမယ့် စိုက်ပျိုးတဲ့ဧရိယာ ကျယ်ဝန်းလာတာ တွေ့ရပါတယ်။ ၂၀၁၅ မှာ ဘိန်းတဧက စိုက်သူဟာ ၂၀၁၆ မှာ တဧကခွဲအထိ တိုးချဲ့ စိုက်ပျိုးလာပါတယ်။ ဘိန်းမစိုက်တဲ့ မိသားစုရဲ့  တနှစ်ဝင်ငွေဟာ ကျပ် (၂၃) သိန်း ရှိပေမယ့် ဘိန်းစိုက်တဲ့ မိသားစုကတော့ တနှစ်သိန်း (၃၀) ဝင်ငွေ ရပါတယ်။

ဒါပေမဲ့ ဘိန်းစိုက်တဲ့ အိမ်ထောင်စုတွေဟာ ဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေမှာ နေထိုင်ကြတာမို့ နေထိုင်မှုစရိတ် ပိုပြီးအကုန်အကျ များတယ်လို့ ဆိုပါတယ်။ စပါးစိုက်သူနဲ့ ဘိန်းစိုက်သူတို့ကို ယှဉ်ကြည့်တဲ့အခါမှာ ဘိန်းစိုက်သူဟာ ဆန်ဝယ်စားရတဲ့အတွက် စားစရိတ်ပိုကုန်ပါတယ်။ ရှမ်းပြည်နယ် အရှေ့ ပိုင်းနဲ့ မြောက်ပိုင်းကျေးရွာတွေမှာ ဘိန်းစိုက်ပျိုးကြတာ များပါတယ်။ သွားရလာရ ခက်ခဲတဲ့ဒေသတွေဖြစ်လို့ စားသုံးကုန်အတွက် စရိတ်ပိုကုန်ပါတယ်။ ဒေသအခြေအနေ လုံခြုံမှု၊ အစိုးရရဲ့  ပိတ်ပင်မှု စတာတွေကြောင့် ဘိန်းစိုက်ပျိုးရေးကို စွန့်လွှတ်လိုက်သူတွေ ရှိပါတယ်။ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားတဲ့ဒေသတွေမှာ ဘိန်းစိုက်ပျိုးကြတာများတဲ့အတွက် နယ်မြေအေးချမ်းပြီး အုပ်ချုပ်ရေး၊ လုံခြုံရေးကောင်းရင်ကောင်းသလို ဘိန်းစိုက်ပျိုးမှု ကျဆင်းသွားနိုင်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းဟာ မြောက်ပိုင်းနဲ့ အရှေ့ ပိုင်းထက် အများကြီး အခြေအနေ ကောင်းတယ်လို့လည်း ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းဟာ အရှေ့ မြောက်ပိုင်းထက် အခြေခံအဆောက်အအုံ ကောင်းမွန်ပြီး လခစား အလုပ်အကိုင်တွေ ရရှိနိုင်တာကြောင့် စားဝတ်နေရေး ပိုပြီးချောင်လည်တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ ပိုင်းမှာ ဘဝရပ်တည်ဖို့ ဘိန်းစိုက်ကြတာ ဖြစ်ပေမယ့် တောင်ပိုင်းမှာတော့ အမြတ်အစွန်းများများ လိုချင်လို့ ဘိန်းစိုက်ကြတာလို့ ဆိုပါတယ်။ ဘိန်းမစိုက်တဲ့အရပ်ဟာ ဘိန်းစိုက်ပျိုးတဲ့ အရပ်ထက် ပိုပြီးတိုးတက်ဖွံ့ဖြိုးတာ တွေ့ရတယ်လို့လည်း သုံးသပ်ထားပါတယ်။ အခြေခံအဆောက်အအုံနဲ့ လုံခြုံမှုရှိတဲ့ဒေသဟာ ဘိန်းစိုက်ပျိုးမှုကို မှီခိုအားထားတာမျိုး မလုပ်တော့တဲ့အတွက် ဒီလို အခြေခံကောင်းမွန်အောင် လုပ်ရမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုရုံးဟာ မြန်မာအစိုးရရဲ့  မူးယစ်ဆေး တိုက်ဖျက်ရေးကော်မတီနဲ့ လက်တွဲလုပ်ကိုင်နေတာကြောင့် အစိုးရသြဇာရှိတဲ့ဒေသမှာ ဘိန်းစိုက်ပျိုးမှု နည်းပါးသွားတယ်လို့ ပြောတာလည်း ဖြစ်နိုင်ကြောင်း မြန်မာ့သုတေသီ Bertil Lintner က မတ်လ (၉) ရက်နေ့ထုတ် Asian Times မှာ ရေးထားပါတယ်။ အစိုးရလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ပန်းဆေးကျော်မြင့် ကြီးစိုးတဲ့ဒေသမှာ ဘိန်းခင်းတွေများတဲ့အတွက် မူးယစ်ဆေးတိုက်ဖျက်မှုကို တာအန်း လွတ်မြောက်ရေးတပ်ဖွဲ့က လုပ်ကိုင်နေရတယ်လို့ Bertil Lintner က ရေးထားပါတယ်။

ဒီနှစ်ရဲ့  ထူးခြားချက်ကတော့ မူးယစ်ဆေး ပေါ်လစီအုပ်စုရဲ့  တင်ပြချက်တွေကို အစိုးရသစ်က လက်ခံလိုက်တာ ဖြစ်ပါတယ်။ မူးယစ်ဆေးသုံးစွဲသူကို အရင်လို ထောင်ချမှာ မဟုတ်တော့ဘဲ လူမှုရေး ပြစ်ဒဏ်နဲ့ အစားထိုးသွားမယ်လို့ ဧပြီလ (၁၀) ရက်နေ့က ကျင်းပတဲ့ အစိုးရသစ်တနှစ်တာ ပြည်ထဲရေးဌာနရဲ့  လုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ဇော်ဝင်း က ပြောသွားပါတယ်။ အခု ကျင့်သုံးနေတဲ့ ၁၉၉၃ မူးယစ်ဆေးဝါး ဥပဒေဟာ ခေတ်နဲ့မဆီလျော်တော့လို့ ပြင်ဆင်မယ်လို့ ဆိုပါတယ်။ ပြင်ဆင်ချက် ဥပဒေနဲ့ နည်းဥပဒေတွေကို အမြန်ဆုံး ရေးဆွဲမယ်လို့ ပြည်ထဲရေးဌာနက ဆိုပါတယ်။

XS
SM
MD
LG