သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီ အသတ်ခံရမှု သံသယရှိသူတဦး ဖမ်းဆီးထားကြောင်း သမ္မတရုံး ထုတ်ပြန်


သမ္မတရုံးက ထုတ်ပြန်တဲ့ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူ အောင်ဝင်းဇော် သတင်းဓာတ်ပုံ။
သမ္မတရုံးက ထုတ်ပြန်တဲ့ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူ အောင်ဝင်းဇော် သတင်းဓာတ်ပုံ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ လုပ်ကြံခံရမှုမှာ ပူးပေါင်းပါဝင်သူတဦးဖြစ်တယ်လို့ သံသယရှိ ခံထားရတဲ့ ဦးအောင်ဝင်းဇော် အသက် (၄၆) နှစ်ကို ဖမ်းဆီး ထားတယ် လို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေး က ပြောပါတယ်။

" အဲ့နေ့မှာ ကြည်လင်းကို ကျနော်တို့ ဖမ်းမိတယ်။ အဲ့ဒီ့တက်စီ Stand ဘေးနား မှာပဲ ပြည်သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်းဖမ်းဆီးလို့ မိတယ်။ မိတဲ့အခါမှာ သူ့ကို စစ်ကြောတယ်။ စစ်ဆေးမေးမြန်းတဲ့အခါမှာ ပေါ်ထွက်လာတဲ့ သတင်း အချက်အလက်ရယ်၊ နောက် ဖမ်းဆီးရမိတဲ့ သက်သေခံပစ္စည်းတွေ ဒါတွေအပေါ်မှာ မူတည်ပြီးတော့ ဆက်စပ်တရားခံပေါ့။ အဲ့ဒီ့ဆက်စပ်တရားခံကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်တွေကို အကြောင်းကြားပြီးတော့ အမြန်ဆုံးပိတ်ဆို့ ရှာဖွေ ဖမ်းဆီးမှုတွေ ပြုလုပ်ပါတယ်။ ငါးနာရီမှာ ဖြစ်တယ်။ မနက်လေးနာရီ ၂၀မှာ ကျနော်တို့ အခုထုတ်ပြန်ထားတဲ့ တရားခံ အောင်ဝင်းဇော်ကို မိတယ်ပေါ့။ မိတော့ အဲ့တာနဲ့ ပတ်သက်ပြီးတော့ တရားခံကွင်းဆက်ပေါ့။ ဒီပြစ်မှုကျူးလွန်တဲ့နေရာမှာ ပါနေတဲ့ ကွင်းဆက်တွေကို ဆက်လက်ပြီးတော့ စုံစမ်းရှာဖွေ ဖော်ထုတ်နေ တယ်။ ဖော်ထုတ်တဲ့နေရာမှာ အခုသွားနေတာ တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းထားတဲ့ ပူးပေါင်းအဖွဲ့နဲ့ ကျနော်တို့ လုပ်နေပါတယ်။"

အခုဖမ်းဆီးရမိတဲ့ ဦးအောင်ဝင်းဇော်ဟာ သူနဲ့ ထောင်ထဲမှာ အတူနေဖူးတယ်လို့ Myanmar Now သတင်းဌာနကို ပြောထားတဲ့ ဦးအောင်စိုးက သူ့ကို လူသတ်ပေးဖို့ လာငှားခဲ့တဲ့ ဗ က ဆိုတဲ့ လူနဲ့ အတူတူပဲဖြစ်တယ်လို့ ဗီအိုအေကို အတည်ပြုပြောပါတယ်။

ဒါကြောင့်လည်း ဗက မြင့်ဆွေ၊ အောင်ဝင်းဇော်ဆိုတဲ့ နာမည် ၃ ခုဟာ အခုသမ္မတရုံးက ထုတ်ပြန်ကြေငြာချက်ထဲမှာ ပါတဲ့ ဦးအောင်ဝင်းဇော် နဲ့ တဦးတည်ဖြစ်တယ်ဆိုတာကို ဦးအောင်စိုးက အတည်ပြုပါတယ်။

ရှေ့နေ ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်နိုင်ငံတကာလေဆိပ်ကိုပြန်ရောက်ရောက်ချင်းသေနတ်သမား ကြည်လင်းက အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် သေနတ်သမားကြည်လင်းကို လေဆိပ်မှာရှိတဲ့ အငှားယာဉ်မောင်းတွေ နဲ့ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ပြီး၊ အဲဒီလိုဖမ်းဆီးစဉ်အတွင်း အငှားယာဉ်မောင် ကိုနေဝင်း သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG