သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား ရာနဲ့ချီ ထောင်ပြောင်းတဲ့အပေါ် မြန်မာ့အရေးလှုပ်ရှားသူတွေစိုးရိမ် 


နှစ်ဆန်းတရက်နေ့ အင်းစိန်းထောင်ရှေ့မြင်ကွင်း (ဧပြီ ၁၇၊ ၂၀၂၄)
နှစ်ဆန်းတရက်နေ့ အင်းစိန်းထောင်ရှေ့မြင်ကွင်း (ဧပြီ ၁၇၊ ၂၀၂၄)

ထောင်တွင်း ဖိနှိပ်မှုသတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ရန်ကုန် အင်းစိန်ထောင်က နိုင်ငံရေး အကျဉ်းသား ၂၅၀ လောက်ကို နယ်ထောင်ရွှေ့လိုက်တယ်လို့ အကျဉ်းသား အခွင့်အရေး စောင့်ကြည့်လှုပ်ရှားသူတွေက ပြောပါတယ်။ အင်းစိန်ထောင်ကနေ ပဲခူးတိုင်း ဒိုက်ဦးထောင်ကို နိုင်ငံရေးအကျဉ်းသား ရာချီပြောင်းရွှေ့လိုက်တာဟာ ထောင်တွင်း နိုင်ငံရေး လှုပ်ရှားမှုတွေလုပ်မှာ အာဏာပိုင်တွေ စိုးရိမ်တာကြောင့်လို့လည်း ခန့်မှန်းနေကြတာပါ။ နိုင်ငံရေးအကျဉ်းသားတွေ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က ပေးပို့တဲ့ သတင်းကို တင်ပြထားပါတယ်။

ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား (၂၅၀) ဦးကို ကားငါးစီးနဲ့ ခေါ်ယူသွားတာဖြစ်ပြီး နာမည်တွေကို အတိအကျမသိရသေးဘူးလို့ နိုင်ငံရေး အကျဉ်းသားတွေကိုကူညီပေးနေသူတွေကပြောပါတယ်။ ပြောင်းခံရသူတွေထဲမှာ ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်း စုကြည် မွေးနေ့ အထိမ်းအမှတ် ထောင်တွင်း လှုပ်ရှားမှုမှာပါဝင်ခဲ့သူတချို့ လည်း ပါတယ်လို့ အကျဉ်းသားတွေကိုကူညီပေးနေသူတဦးက ဗွီအိုအေကိုခုလိုပြောပြ ပါတယ်။

"မနေ့ (တနင်္ဂနွေ) ကအင်းစိန်ကနေပြောင်းတာက ၅ စီးစလုံး ၂၅၀ လောက် ဒိုက်ဦးကိုရောက်တယ်ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အင်းစိန်ထောင်မှာလုပ်ခဲ့တဲ့ မှတ်ထားတဲ့သူတွေအများဆုံးပါတယ်။ ပြီးတော့ ၁၉ ဇူလိုင်ရယ် ၇ ဇူလိုင်ရယ်ထပ်လုပ်ဖို့ရှိသေးတာကို အဲဒါတွေရှိတော့ကြိုပို့တာပေါ့ အကိုတို့တုန်းကလည်း ဒီလိုပါဘဲ။"

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကျိုက်မရောထောင်နဲ့ အိုးဘိုအကျဉ်းထောင်တွေက ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသားတွေကို ဒိုက်ဦးထောင်၊ မကွေးထောင်နဲ့ သာယာဝတီထောင်တွေကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါဟာ ထောင်တွင်း နိုင်ငံရေးလှုပ်ရှားမှု အခမ်းအနားတွေ မလုပ်နိုင်အောင် ထောင်အာဏာပိုင်တွေဘက်က ရည်ရွက်ချက်ရှိရှိလုပ်နေတာဖြစ်တယ်လို့ မြင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က ဗွီအိုအေကို ပြောပါတယ်။

"ဒီဇွန်လထဲမှာတော့ ထောင်ပြောင်းတာခပ်စိတ်စိတ်ဆိုရင် အင်းစိန်၊ အိုးဘို၊ ကျိုက်မရော၊ ဒီထောင်မှာရှိတဲ့ ရာနဲ့ချီအကျဉ်းသားတွေကို မိသားစုနဲ့ဝေးတဲ့ အကျဉ်းထောင်တွေပေါ့ အထူးသဖြင့် ဒိုက်ဦးလိုထောင်မျိုး ဖိနှိပ်တာမှာလည်းတော်တော်လေးဆိုးဆိုးဝါးဝါးဖိနှိပ်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုများတဲ့ ထောင်တွေ နောက်သာယာဝတီလိုထောင်တွေပို့တယ်ပေါ့၊ အဲလိုမျိုးကိုစစ်ဆင်ရေးတရပ်လိုလုပ်နေတယ်လို့ယူဆပါတယ်။ ဒီလိုရွှေ့တာတိုက်ဆိုင်မှုမဟုတ်ဘဲ နဲ့အကျဉ်းထောင်တွေထဲမှာ ဦးဆောင်မှုလုပ်မယ့်သူတွေ စုစုစည်းစည်းဖြစ်နေတာကို ဖြိုခွင်းတဲ့လုပ်ဆောင်ချက်ဘဲဖြစ်တယ်။ နောက်တခုကတော့ မိသားစုဝင် တွေအနေနဲ့ထောင်ဝင်စာပါဆယ်ပို့ဖို့ မိသားစုနဲ့တွေ့ခွင့်ရဖို့ဆိုတာအင်မတန်ခက်ခဲသွားပါတယ်။ ပါဆယ်ပို့တာတင်မဟုတ်ဘဲ လမ်းခရီးစရိတ်ပါများစွာလိုလာတယ်၊ ဒီလိုအခက်အခဲတွေပါ ရင်ဆိုင်လာရတယ်။"

ပြီးခဲ့တဲ့သီတင်းပတ်တွင်းက ကျိုက်မရော ထောင်ကနေ ဒိုက်ဦးထောင်ကို အမျိုးသမီး နိုင်ငံရေးအကျဥ်းသူ (၄၀) ကျော်လောက် ပြောင်းရွှေ့ချိန် ထောင်အ၀င်မှာ အာဏာပိုင်တွေရဲ့ ရိုက်နှက်ခြင်းခံခဲ့ရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ အမည်မဖော်လိုတဲ့ အကျဉ်းထောင် ဝန်ထမ်း တဦးကဗွီအိုအေကိုပြောပြရာမှာတော့ ထောင်ပြောင်းလာသူတွေရဲ့ အိတ်ထဲမှာ ဖုန်း၊ မူးယစ်ဆေးဝါးစတာတွေပါဝင်ခဲ့လို့ သိမ်းခဲ့တာလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အကျဉ်းထောင်နဲ့နီးစပ်သူ နိုင်ငံရေးအကျဉ်းသားတွေကိုကူညီပေးနေသူကတော့ ဒီဖြစ်စဉ်ဟာ မဟုတ်မှန်ဘူးလို့ဆိုပါတယ်။ ကျိုက်မရောထောင်ကနေအမျိုးမျိုး စစ်ဆေး စိစစ် ပြီးမှ သယ်လာရတဲ့ပစ္စည်းတွေဖြစ်တယ်လို့ အခုလိုတုံ့ပြန်ပါတယ်။

"ဒိုက်ဦးထောင်မှာသူတို့ကပါဆယ်ထုတ်တွေထဲမှာ ဖုန်းနဲ့မူးယစ်ဆေးမိတယ်ဆိုပြီးတော့ စွပ်စွဲတာပေါ့ တကယ်တော့ လုပ်ကြံတာပေါ့။ ကျိုက်မရောထောင် ထွက်ထဲကရှာဖွေရေးဝင်ပြီးသားဗျာ။ ရှာဖွေရေးကဖင်ကအစအနှိုက်ခံရတယ် နိုင်ကျဉ်းတွေမှာ အဲလိုရှာဖွေလွတ်မြောက်ပြီးတော့သူတို့ခွင့်ပြုတဲ့ ပစ္စည်း တွေကို ဒိုက်ဦးထောင်ရောက်တယ် အကျဉ်းသူအကျဉ်းသားရှေ့မှာ ဒီပါဆယ်ထုတ်တွေကို လူတွေရှေ့စစ်တာမဟုတ်ဘဲနဲ့ သူတို့သိမ်းသွားပြီးတော့မှ တနေရာရာမှာ သွား စစ်ပြီးမှ ဒါကိုတွေ့ပါတယ်ဆိုတော့ ယုတ္တိမရှိတဲ့ အင်မတန် အောက်တန်းကျတဲ့ အကစရဲ့အင်မတန်အောက်တန်းကျတဲ့ လုပ်ရပ်လို့ဘဲပြော ရမယ်။ "

အဲဒီနေ့ကရိုက်နှက်ခံရသူတွေထဲမှာ ၈၈ ငြိမ်းပွင့်အဖွဲ့က မနုနုအောင်နဲ့ မခက်ခက်လွင်တို့ ပါဝင်ခဲ့ပြီး မနုနုအောင်ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံတင်ထားရသလို အခြေအနေ စိုးရိမ်ရကြောင်း ဒိုက်ဦးထောင်နဲ့ နီးစပ်သူက ဗွီအိုအေကို အတည်ပြုပါတယ်။

ဗွီအိုအေက စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် နဲ့ စစ်ကောင်စီပြောခွင့်ရကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဒိုက်ဦးထောင်ဖြစ်ရပ်နဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) တို့အပါအဝင် နိုင်ကျဉ်းတွေကိုကူညီပေးနေတဲ့ အဖွဲ့ (၆)ဖွဲ့ကနေ ဇွန်လ (၂၅) ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထဲမှာ- တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်ဝင်စာဧည့်တွေ့ခွင့် အမြန်ဆုံး ပြန်လည် စီစဥ်ဆောင်ရွက်ပေးဖို့၊ ပါဆယ်လက်ခံခွင့်ပြန်ပေးဖို့ တိုက်ပိတ်ခံထားရသူတွေအမြန်ဆုံးလွှတ်ပေးဖို့၊ ဒဏ်ရာရထားသူတွေကိုကောင်းမွန် လုံလောက်တဲ့ ဆေးဝါးကုသမှုများ ကျန်းမာရေး စောင့်ရှောက်မှု များအမြန်ဆုံးပေးဖို့၊ ပုဒ်မအမျိုးမျိုးတပ်ပြီး ထပ်တိုးတရားစွဲဆိုဖို့ပြင်ဆင်နေတဲ့ အမှုများအားလုံး ချက်ချင်းပိတ်သိမ်းပေးဖို့နဲ့ အကြောင်းပြချက်မခိုင်လုံဘဲ သိမ်းဆည်းထားတဲ့ နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသုံးအဆောင် ပစ္စည်းတွေကို ပြန်လည်ပေးအပ်ဖို့ စတဲ့ အချက်တွေတောင်းဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၂၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ် ပြီး လူပေါင်းနှစ်သောင်းကျော် (၂၆,၉၀၀ ဦး) ဖမ်းဆီးခံထားရတယ်လို့ ပြောပါတယ်။စစ်ကောင်စီဘက်ကတော့ ဒီစာရင်းဟာချဲ့ကားထားတဲ့စာရင်းဖြစ်တယ်လို့ ပြန်လည်တုံပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG