သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ထုတ်ပြန်


အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသူများ တင်ဆောင်လာသည့် ကားအနီး နှုတ်ဆက်နေသည့် မိသားစုဝင်များ။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂)
အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသူများ တင်ဆောင်လာသည့် ကားအနီး နှုတ်ဆက်နေသည့် မိသားစုဝင်များ။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂)

(Zawgyi / Unicode)

အကျဉ်းသား ၈၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာချက် ထုတ်ပြီးတဲ့နောက် အခုသတင်းရေးချိန်ထိ ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားသူတွေထဲက မပါသေးပါဘူး။

ထောင်ဒဏ် နှစ် ၈၀ ကျော် ချထားတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ်ထက်ဝက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်လို့တော့ စစ်ကောင်စီက သီးခြားကြေညာချက် ထုတ်ထားပါတယ်။

အခုပြန်လွှတ်ပေးမယ့်သူတွေဟာ နောက်တကြိမ် ပြစ်မှုကျူးလွန်ရင် အဲဒီအတွက် ပြစ်ဒဏ်အပြင် အခုကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ တပေါင်းတည်း ကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပေးတာ ဖြစ်ပါတယ်။

အခုပြန်လွှတ်ပေးသူ အများစုဟာ အင်းစိန်အကျဉ်းထောင်က ဖြစ်မယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတဲ့အကြောင်း AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။

အကျဉ်းချထားတဲ့ နိုင်ငံခြားသားတွေထဲက သီရိလင်္ကာနိုင်ငံသား ၇ ယောက်ကို ပြန်လွှတ်ပေးမယ်လို့လည်း စစ်ကောင်စီက သီးခြားအမိန့် ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးပုဂ္ဂိုလ်၊ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် Sean Turnell ကို ပြန်လွှတ်ပေးမလား ဆိုတာကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မပြောဘူးလို့ AFP သတင်းမှာ ရေးထားပါတယ်။

ပါမောက္ခ Sean Turnell ဟာ စစ်တပ်က အာဏာသိမ်းတဲ့ နေ့ကတည်းက ဖမ်းဆီးခံထားရတာဖြစ်ပြီး နိုင်ငံတော်လျှို့ဝှက်ချက် ဖောက်ဖျက်မှုဆိုင်ရာ စွဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လေးဦးနဲ့အတူ တရားစွဲခံထားရသလို လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့လည်း သီးခြား အမှုရင်ဆိုင်နေရပါတယ်။

ပါမောက္ခ Sean Turnell ကို ပြန်လွှတ်ပေးဖို့ သြစတြေးလျနိုင်ငံက တောင်းဆိုထားသလို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ် အတွင်းမှာလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တိုက်တွန်းခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံဘက်က ပြောထားပါတယ်။

Sean Turnell ဟာ အမှုရင်ဆိုင်နေရဆဲကာလ ဖြစ်တာကြောင့် တရားရုံးလုပ်ငန်းစဉ် ပြီးဆုံးတဲ့အခါမှသာ သူ့ကို ပြန်လွှတ်ပေးဖို့ စဉ်းစားမယ့်သဘောမျိုး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တုံ့ပြန်ပြောဆိုခဲ့တယ်လို့လည်း ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်အပြီးမှာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)










XS
SM
MD
LG