[[Zawgyi/Unicode]]
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်တွေကြား ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အမေရိကန်က ဆက်လက်အားပေး ထောက်ခံသလို အာဆီယံအနေနဲ့ ဒါကို လက်တွေ့ အကောင်အထည်ဖော်ရလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ဟာ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေကို နှစ်ဆတိုးလုပ်နေတယ်လို့လည်း ဝန်ကြီးဘလင်ကန်က ဝေဖန်ပါတယ်။
“မြန်မာနိုင်ငံအကြောင်း ကျနော်တို့ ဒီကနေ့ ဆွေးနွေးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေက ကျနော်တို့အားလုံးအတွက် အင်မတန့် အင်မတန်ကို စိတ်ဒုက္ခ ရောက်စေပါတယ်။ စစ်အာဏာရှင် ဟာ ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို နှစ်ဆတိုးလုပ်နေတာ တွေ့ရပါတယ်။” - လို့ သြစတြေးလျနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
QUAD လို့ အတိုကောက်ခေါ်တဲ့ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယနဲ့ အမေရိကန်လေးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ မယ်လ်ဘုန်းမြို့မှာ တွေ့ဆုံချိန် မြန်မာ့အရေးကို အလေးအနက်ထား ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးဘလင်ကန်က ပြောပါတယ်။ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကူညီဖြေရှင်းဖို့ အရှေ့တောင်အာရှနိုင် ငံများအဖွဲ့ အာဆီယံ နိုင်ငံတွေကြား ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အမေရိကန်က အပြည့်အဝ ဆက်ပြီး ထောက်ခံကြောင်းနဲ့ ဒါကို အကောင်အထည် ဖော်ဖို့လည်း အာဆီယံနိုင်ငံတွေကို သူက ထပ်မံ တိုက်တွန်းပါတယ်။
သိပ်မကြာခင်ကာလမှာ အမေရိကန်က အာဆီယံခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးပွဲတရပ် ဝါရှင်တန်မြို့တော်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိသလို အဲ့ဒီအခါကျရင်လည်း သမ္မတဂျိုးဘိုင်ဒန်က ဒီကိစ္စကို အလေးထား ပြောဆိုမှာ ဖြစ်တယ်လို့ ဝန်ကြီးဘလင်ကန်က ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း လိုအပ်နေသူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်အောင်၊ မြန်မာကို လက်နက်တွေ မရောင်းဖို့နဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံသွားဖို့ ဆိုတာတွေကို နိုင်ငံတကာ အသိုင်းအဝန်းက အတူလက်တွဲ လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့လည်း ဝန်ကြီး ဘလင်ကန်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားခဲ့ပါတယ်။
============
[[Unicode]]
============