(Zawgyi / Unicode)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ ရှေ့သီတင်းပတ်ထဲ အရှေ့တောင်အာရှ ခရီးစဉ်မှာ မြန်မာနိုင်ငံအရေးကိုလည်း အာရုံစိုက်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
အင်္ဂလန်၊ လီဗာပူးမှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး အင်အားကြီး ၇ နိုင်ငံ G-7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး ရှေ့သီတင်းပတ်ထဲ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို သွားတဲ့အခါ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးရွားလာနေတဲ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ဝန်ကြီး Blinken ရဲ့ ခရီးစဉ်မတိုင်ခင် ဒီဇင်ဘာလ ၈ ရက်ကနေ ၁၃ ရက်နေ့အထိ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို သွားရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာလည်း မြန်မာ့အရေး အပါအဝင် ဒေသတွင်း ပြဿနာတွေကို ဆွေးနွေးဖို့ရှိကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေရပ်ဖို့၊ မတရား ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးအပ်ခွင့်ရှိဖို့နဲ့ အားလုံးပါဝင်ခွင့်ရမယ့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ မြန်မာစစ်အာဏာပိုင်တွေကို ဖိအားပေးရာမှာ အမေရိကန်နဲ့ အာဆီယံကြား ပူးပေါင်းဆောင်ရွက်မှုတွေ ခိုင်မာဖို့ အရေးကြီးတာကို ခရီးစဉ်အတွင်း အလေးထား ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းဖို့ အာဆီယံအသင်းက အထူးကိုယ်စားလှယ် ခန့်အပ်တာ အပါအဝင် ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားတာပါ။ ဒါပေမယ့်လည်း ဘုံသဘောတူညီချက်တွေ လက်တွေ့ ဖြစ်မလာသေးတာကြောင့် မကြာသေးခင်က အာဆီယံအသင်းရဲ့ နိုင်ငံတကာ ထိပ်သီးအစည်းအဝေးပွဲတွေမှာ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဖို့ ဆုံးဖြတ်ခဲ့သလို နိုင်ငံတကာကလည်း ဖိအားတွေ တိုးလာနေတာ ဖြစ်ပါတယ်။
---------------------
(Unicode)