သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်နှိမ်နင်းမှုနဲ့ အဖြေမရှိနိုင်ဘူးလို့ NCA အပစ်ရပ်အဖွဲ့တွေ သတိပေး


PPST အွန်လိုင်းအစည်းအဝေး။ (ဓာတ်ပုံ-NCA S-EAO/fb)
PPST အွန်လိုင်းအစည်းအဝေး။ (ဓာတ်ပုံ-NCA S-EAO/fb)

(Zawgyi / Unicode)

လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ အကျပ်တည်းဆုံး အချိန်ကို ရောက်ရှိနေပြီး ပြည်သူတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေဟာ တိုင်းပြည်အတွက် အဖြေမဟုတ်သလို စစ်ကောင်စီအတွက် ထွက်ပေါက်မဖြစ်နိုင်ကြောင်း NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က သတိပေး ပြောဆိုလိုက်ပါတယ်။ ဒါကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးအပြီးမှာ ပြောဆိုလိုက်တာပါ။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

NCA ခေါ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ပါဝင် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို အွန်လိုင်းကနေ ၂ ရက်ကြာ ကျင်းပခဲ့တာပါ။

ဒီအစည်းအဝေးအပြီး သဘာပတိရဲ့ နိဂုံးချုပ်မိန့်ခွန်းမှာ ရန်ကုန်မြို့ ကြည့်မြင်တိုင်မှာ ဖြစ်ပွားခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို စစ်ကောင်စီက အကြမ်းဖက် ဖြိုခွဲတာကို ကန့်ကွက်ရှုတ်ချကြောင်း၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြစ်ဒဏ်ချမှတ်တာကိုလည်း လက်မခံကြောင်းနဲ့ ဒီဆောင်ရွက်ချက်တွေဟာ နိုင်ငံရေးပြဿနာကို အဖြေရှာရေးအတွက် ပိုမို အလှမ်းဝေးစေကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

PPST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်မြင့်ထွန်းက လက်ရှိ မြန်မာပြည်နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အမြင်သဘောထားကို အခုလို ပြောပါတယ်။

“ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေကတော့ အမှောင်မိုက်ဆုံးသော အခြေအနေ၊ အခက်ခဲဆုံး၊ အကျပ်တည်းဆုံး အခြေအနေကို ကျနော်တို့ ရောက်သွားပြီလို့ ကျနော်တို့ အဲဒီလို ရှုမြင်ပါတယ်။ စစ်ကောင်စီအနေနဲ့က ဒီနေ့ ပြည်သူလူထုကို ရန်သူလို့ သတ်မှတ်ပြီးတော့ စစ်ခင်းနေတာ၊ အကြမ်းဖက်လုပ်ရပ်တွေကို ပိုပြီးတော့ ဆောင်ရွက်လာတာတွေဟာ ကျနော်တို့ တိုင်းပြည်အတွက် အဖြေမဟုတ်သလို စစ်ကောင်စီအတွက်လည်း ထွက်ပေါက်မဟုတ်ဘူး ဆိုတာကိုတော့ ကျနော်တို့ သတိပေး ပြောကြားချင်ပါတယ်။”

PPST အဖွဲ့ဝင်တွေ အနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ရော ပြည်တွင်းရှိ အင်အားစုတွေနဲ့ပါ ဆက်သွယ်ပြီး ကြိုးပမ်းဆောင်ရွက်နေကြောင်း ခွန်မြင့်ထွန်းက ပြောဆိုပါတယ်။

လက်ရှိအခြေအနေမှာ NCA စာချုပ်အရ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်ရေးကိုလည်း ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း အခုလို ဆက်ပြောပါတယ်။

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးကို ကျနော်တို့ ကြိုးပမ်းဆောင်ရွက်သလိုပဲ NCA ရဲ့ အနှစ်သာရဖြစ်တဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ မူကိုလည်း ကျနော်တို့က ခိုင်ခိုင်မာမာ ရပ်တည်ရမှာ ဖြစ်ပါတယ်။ အခု ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ဟာ ပိုပြီးတော့မှ ထိခိုက်သထက် ထိခိုက်၊ နစ်နာသထက် နစ်နာတဲ့ အခြေအနေမျိုးမှာတော့ ကျနော်တို့က NCA ရဲ့ အနှစ်သာရဖြစ်တဲ့ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ့် မူကိုတော့ ကျနော်တို့ PPST က ဆက်လက်ပြီး ရပ်တည်သွားရမှာ ဖြစ်ပါတယ်။”

နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို ဆက်လက် ကြိုးပမ်းသွားမယ်လို့လည်း အစည်းအဝေး သဘာပတိရဲ့ နိဂုံးချုပ်မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုထားပါတယ်။ NCA အပစ်ရပ်အဖွဲ့တွေက ဒီလိုပြောဆိုနေချိန် မြန်မာပြည်အနှံ့မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီနဲ့ NUG ခေါ် အမျိုးသားညီညွတ်ရေးအစိုးရ ကြားမှာလည်း ဆွေးနွေးအဖြေရှာမယ့် အလားအလာတွေ မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)











XS
SM
MD
LG