ရက်ပေါင်း ၂၀ကျော်ကြာ မတည်မငြိမ်ဖြစ်ခဲ့တဲ့ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ မန္တလေး- လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းဟာ ဒီကနေ့မှာတော့ အခြေအနေဟာ ငြိမ်သက်လာပြီး အသွားအလာတွေ ပုံမှန်ပြန်ဖြစ်လာနေပါပြီ။ ညနေ ၄နာရီလောက်အထိ နောက်ဆုံးရရှိတဲ့ သတင်းတွေအရဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုက်ပွဲဖြစ်ပွားတာ မရှိခဲ့ပါဘူး။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့် နဲ့ AA ရခိုင်တပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရပ်ဆိုင်းကြောင်း ဒီလ ၂ရက်နေ့က ထုတ်ပြန် လိုက် တဲ့နောက် မန္တလေး- လားရှိုး- မူဆယ်လမ်းဟာ ကားအသွားအလာတွေ ပုံမှန်လိုပြန်ဖြစ်လာနေတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ ကွတ်ခိုင်မြို့အထွက် နမ့်ကွတ်နားမှာ မကြာခဏ ကားပိတ်ဆို့တာတွေရှိခဲ့ပြီး ဒီနေ့မှာအခြေအနေကို ကွတ်ခိုင်မြို့က ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“ လမ်းအခြေအနေကောင်းတယ်။ အတက်ကားရော အဆင်းကားရောရှိတယ်ဗျ။ အဆင်းကားရော အတက်ကားရော အများကြီးပဲ။”
မူဆယ်မြို့ကလည်း ကားတွေ ပုံမှန်အ၀င်အထွက်ရှိနေတယ်လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။
“ ပုံမှန်သွားလာနေကြပြီ။ ဘာမှ မဖြစ်တော့ဘူး။ မနေ့ကတော့ ဟိုဥစ္စာမှာ ချတယ်လေ။ တာဝါတိုင်နားလေ။ ရှုခင်းသာ။ ဒီနေ့တော့ ဘာသံမှ မကြားဘူး။”
TNLAခေါ် တအန်း(ပလောင်)တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတားအိုက်ကျော်ကတော့ မနေ့က ရှုခင်းသာအနီးတိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့သတင်း မရရှိကြောင်း ပြောဆိုပြီးဒီနေ့တိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။
“ ဒီနေ့တော့ ဘာမှ သတင်း မတက်လာသေးဘူး။ တိုက်ပွဲတော့ ပစ်ခတ်မှုမရှိဘူး။ ဒီ တပ်ဘက်ကတော့ ထိုးစစ်ကတော့ ပုံမှန်ပါပဲ။ လှည့်နေတာ။ ကျောက်မဲဘက်မှာလည်း ဒီတိုင်းပါပဲ။ လှုပ်ရှားမှုတော့ ရှိနေတယ်။”
လားရှိုးမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံးနဲ့ ကွတ်ခိုင်မြို့နယ်ရဲတပ်ဖွဲ့ရုံးကို လမ်းအခြေအနေနဲ့ တိုက်ပွဲအခြေအနေကို ဆက်သွယ်မေးမြန်းရာမှာ ကားတွေ ပုံမှန်သွားလာနေကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားတဲ့သတင်းမရရှိကြောင်း ဖြေဆိုပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်က ထိုးစစ်ရပ်ဆိုင်းကြောင်း ကြေညာပြီးနောက် ပြည်ထောင်စုလမ်းမကြီးဟာ ပြန်လည်တည်ငြိမ်စပြုလာပေမဲ့ ဒေသခံတွေ၊ ခရီးသွားပြည်သူတွေ အကြားမှာတော့ စိုးရိမ်စိတ်တွေ ရှိနေဆဲဖြစ်ပါတယ်။
နမ့်ဖတ်ကာရှိ မေတ္တာရှင် ပရဟိတအဖွဲ့က တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိအခြေအနေအပေါ်မှာ သူ့အမြင်ကို အခုလို ပြောဆိုထားပါတယ်။
“ သူတို့လိုချင်တဲ့ တပ်နေရာချထားမှုအပိုင်းတွေ မရသရွေ့ကတော့ လုံးလုံးလျားလျား ဆုတ်ပေးမှာတော့ မဟုတ်ဘူးဗျ။ ထိုးစစ်ရပ်တယ်ဆိုလည်း။ ဘာလိုတုံးဆိုတော့ အသံတွေက ဟိုနားကြား ဒီနားကြား ကြားနေတုံးပဲလေ။ ဟိုနားမှာတော့ ဟိုဘက်က အင်အားဘယ်လောက် ဖြည့်လိုက်ပြန်ပြီတဲ့။ ဒီနားမှာတော့ အင်အားဘယ်လောက်ဖြည့်လိုက်ပြန်ပြီတဲ့ ဖြည့်နေကြတာဆိုတော့ သူတို့ လိုချင်တဲ့ အတိုင်းအတာမရသေးသရွေ့ ပြီးသေးမယ် မထင်ဘူးဗျ။ တစ်နေရာမဟုတ် တစ်နေရာကြားနေရမှာပဲ။ မနေ့ကနဲ့ တစ်နေ့ကတော့ လုံးလုံးကို ဘာသံမှကို မကြားလိုက်ရဘူးဗျ။ တော်တော်ကောင်းတယ်။”
၃ရက်နေ့ညပိုင်းက နမ့်ကွတ်ရွာအနီးမှာ ကား၇စင်း မီးလောင်ပျက်ဆီးတာနဲ့ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ တိုက်ပွဲဖြစ်ပွားစဉ် ထိခိုက်တာဖြစ်ကြောင်း သတင်းထုတ်ပြန်တာရှိပေမဲ့ အခင်းဖြစ်ပွားစဉ် ရှိနေသူယာဉ်မောင်းတွေကတော့ လက်နက်ကိုင်တွေက မီးရှို့ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
လက်ရှိ သြဂုတ်လကနေစတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၁၇ဦးသေဆုံးပြီး ထိခိုက်သူ ၂၇ဦးရှိကြောင်းနဲ့ ဒီလို ထပ်မံ မထိခိုက်အောင်ထိန်းသိမ်းလုပ်ဆောင်ဖို့ အတွက် ကုလသမဂ္ဂ သတင်းထုတ်ပြန်ထားပါတယ်။