သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA ထိန်းချုပ်ဖို့တာစူနေတဲ့ ရခိုင်ပြည်နယ်က ဒေသခံမူဆလင်တွေရဲ့ ခံစားချက်


ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)ယခင်မှတ်တမ်းဓါတ်ပုံ
ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)ယခင်မှတ်တမ်းဓါတ်ပုံ

AA ထိန်းချုပ်ဖို့တာစူနေတဲ့ ရခိုင်ပြည်နယ်က ဒေသခံမူဆလင်တွေရဲ့ ခံစားချက်

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ နိုင်ငံတဝန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေနဲ့ အလုပ်ရှုပ်နေချိန်မှာ နိုင်ငံအနောက်ပိုင်းက ရခိုင်ပြည်နယ်မှာတော့ ဒေသခံခေါင်းဆောင်တွေဟာ ပြည်နယ်တွင်းမှာ ထိရောက်တဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး ပေးနိုင်သူတွေအဖြစ် သူတို့ကိုယ်သူတို့ တည်ဆောက်လာနေကြသလို သူတို့ဟာ စစ်ကောင်စီထက် ပိုပြီး သာလွန်ကောင်းမွန်သူတွေဖြစ်တယ်ဆိုပြီး အနိမ့်ဆုံးတော့ မွတ်စလင်တချို့ကို ဆွဲဆောင်စည်းရုံးနေကြပါတယ်။

ဒါပေမဲ့လည်း ဒီအခြေအနေက ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ တခြားမွတ်စလင်တချို့အတွက်တော့ စိုးရိမ်စရာအနေအထား ဖြစ်လာနေပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်တာကြောင့် အဲဒီမှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။

အဲဒီလူတွေအတွက်တော့ မကြာသေးခင်ကဖြစ်ခဲ့တဲ့ ဒီ လူမျိုးရေးပဋိပက္ခတွေက ၂၀၁၂ ခုနှစ်က လူမှုအသိုင်းအဝိုင်းနှစ်ခုကြားက ပဋိပက္ခတွေကို ပြန်ပြီးတော့ အမှတ်ရစေပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းချိန်ကစပြီး နိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေနဲ့ လူထုအုံကြွမှုတွေဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာတော့ လက်နက်ကိုင်တိုက်ပွဲတွေပါ ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်း နိုင်ငံတဝန်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေ တိုးလာနေပေမယ့်လည်း ရခိုင်ပြည်နယ်မှာတော့ အတော်လေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တောင်းဆို တိုက်ပွဲဝင်နေတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ဦးဆောင်တဲ့ ရခိုင်လူမျိုးတွေအတွက် အခွင့်အလန်းတရပ် ပေါ်လာသလိုဖြစ်စေပါတယ်။

AA အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်လည်ကစပြီး ရခိုင်ပြည်နယ်အတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့တွေကို စတင်တည်ထောင်လာနေပြီး ပြည်နယ်အတွင်းမှာ နေထိုင်နေကြတဲ့လူတွေကိုလည်း ခိုးမှု၊ ဓါးပြမှု၊ မြေယာအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး တရား ဥပဒေကြောင်းအရ ဖြေရှင်းတာတွေလုပ်ဖို့အတွက် တိုင်ကြားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

AA ရခိုင့်တပ်တော်ရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံက Prothomalo Alo သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးတရပ်ကို ဖွဲ့စည်းထားပြီး တရားစီရင်ရေးစနစ်တရပ်ကိုလည်း ထူထောင်ထားတဲ့အကြောင်း ဒါ့အပြင် အခွန်စနစ်ကိုလည်း လုပ်ဆောင်ထားတဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒါဟာ ဘာမှ မထူး ဆန်းဘဲ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေအားလုံးဟာ သူတို့ဒေသထဲမှာ သူတို့ဘာသာသူတို့ ကိုယ်ပိုင်အုပ်ချုပ်ရေးအဖဲ့ ွရှိတယ်လို့လည်း ပြောပါတယ်။

AA ရခိုင်တပ်တော်အနေနဲ့ မြန်မာစစ်တပ်ဘက်က ထိထိရောက်ရောက် မအုပ်ချုပ်နိုင်တဲ့နေရာတွေကို အခွင့်ကောင်းယူပြီးတော့ အုပ်ချုပ်နိုင်တယ်လို့ ဝံလက်ဖောင်ဒေးရှင်း အမှုဆောင်ညွှန်ကြားရေးမှူး ခိုင်ကောင်းစံက ပြောပါတယ်။

ဘယ်သူကမှ စစ်တပ်ကို မယုံပါဘူး၊ ဒါကြောင့် အတော်များများက တခုခုဖြစ်ပြီဆိုရင် AA အဖွဲ့ကို အားကိုးကြပါတယ်၊ ဒါ့အပြင် မတူညီတဲ့ လူမှု အသိုင်းအဝိုင်းတွေကြား ပြဿနာတစုံတရာ ဖြစ်တဲ့အခါတွေမှာလည်း အခြေအနေတွေ ပိုဆိုးမသွားအောင် AA အဖွဲ့က ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ခိုင်ကောင်စံက ပြောပါတယ်။

AA အဖွဲ့ဟာ ဒေသတွင်းမှာလည်း ယုံကြည်မှုတွေ ပိုပြီးရလာနေပါတယ်။ ဘင်္ဂလားဒေ့ရှ်သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရိုဟင်ဂျာတွေနဲ့ ဗုဒ္ဓဘာသာ ရခိုင်တွေကြား ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပြီး အားလုံးဟာ မြန်မာ စစ်တပ်ကို ဆန့်ကျင်နေကြတာကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့သူတွေအားလုံး အတူတကွရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။

ရခိုင်ပြည်သူအများစုကတော့ AA အဖွဲ့အပေါ်မှာ အပြုသဘောဆောင် အကောင်းမြင်ပေမယ့် တချို့ မွတ်စလင်တွေကတော့ သူတို့အနေနဲ့ အပြည့်အ၀ ယုံကြည်လို့မရကြောင်း နဲ့ မြန်မာစစ်တပ်နဲ့ AA အဖွဲ့ကြား အာဏာလွန်ဆွဲပွဲကို စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီဘက်ကတော့ မွတ်စလင်ရွာတွေက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ကျေးရွာလူကြီးတွေကို AA အဖွဲ့နဲ့ မပတ်သက်ဖို့ သတိပေးတာတွေ လုပ်နေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေကို သူပုန်အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ ဖမ်းဆီး၊ တရားစွဲတာတွေကို မကြာခဏဆိုသလို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အသက် ၁၄ နှစ်အရွယ် မွတ်စလင်လူငယ်တဦး ဖမ်းခံရတာနဲ့ ပတ်သက်ပြီး ဒေသခံတာဝန်ရှိသူတဦး အသတ်ခံရတာအပါအဝင် မကြာသေးခင်ကဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး မွတ်စလင်တွေ အတော်များများက စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကတော့ အစ္စလာမ်ဘာသာရေးကျောင်းတခုနဲ့ ကျောင်းထဲမှာရှိတဲ့ အဆောင်တခု မီးရှို့ခံခဲ့ရပါတယ်။ မနှစ်က ဇန်နဝါရီလနဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့တွေအတွင်း မောင်တောဒေသမှာ မီးလောင်ကျွမ်းမှု ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီထဲက ၁၁ ခုကတော့ မွတ်စလင်ရွာတွေမှာဖြစ်တယ်လို့ တရားဝင်သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

“ရခိုင်ပြည်နယ်ဟာ တည်ငြိမ်နေတဲ့ပုံရှိတယ်လို့ မြင်ရပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ရခိုင်ပြည်နယ်ဟာ အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ ဗုံးတလုံးလိုဖြစ်နေပြီး မမြင်နိုင်တဲ့ ပြဿနာတွေ အများကြီးရှိတယ်” လို့ ရခိုင်ကျောင်းသားသမဂ္ဂအဖွဲ့ရဲ့ ဥက္ကဋ္ဌ ကိုဖုန်းပြည့်ဖြိုးက စစ်တွေမြို့ကနေ ဗွီအိုအေကို ပြောပါတယ်။

AA အဖွဲ့နဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA အဖွဲ့ခေါင်းဆောင်တွေကတော့ မကြာသေးခင်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ပြစ်တင်ရှုတ်ချလိုက်ပြီး ဒီအကြမ်းဖက်မှုတွေဟာ လူတွေကြားမှာ စိုးရိမ်မှုတွေဖြစ်လာအောင် လုပ်ဆောင်တာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ သူတို့အဖွဲ့ရဲ့တရားဝင်ထုတ်ပြန်ချက်ထဲမှာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်သူကိုမှ အပြစ်တင်ထားခြင်းမရှိဘဲ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး ဒေသခံတွေအတွက် လုံခြုံရေးတွေ ချထားပေးသွားမယ်လို့ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်ကလည်း လူမှုအသိုင်းအဝိုင်း နှစ်ခု စလုံးမှာ ရှိနေတဲ့သူတွေကလည်း ၂၀၁၂ တုန်းကလိုမျိုး လူမျိုးရေးအကြမ်းဖက်မှုတွေ ဖြစ်မလာအောင် သတိကြီးကြီး ထားနေကြပြီး ဘယ်သူကမှ အဲဒီလိုမျိုး ထပ်မဖြစ်ချင်ကြပါဘူး။ တချို့မသမာတဲ့သူတွေဟာဒီဖြစ်ရပ်တွေကိုအသုံးချပြီးတော့ ပြဿနာတွေ ထပ်ဖြစ်အောင် အခုချိန်မှာ လုပ်လာနေကြပါတယ်။ ဒါပေမဲ့ လူမှုအသိုင်းအဝိုင်း နှစ်ခုစလုံးမှာရှိတဲ့ ခေါင်းဆောင်တွေ က အခြေအနေတွေကို တည်တည်ငြိမ်ငြိမ်ရှိအောင် လုပ်ဆောင်နေကြတယ်လို့ ပြောပါတယ်။

အခုလတ်တလော တင်းမာမှုတွေရှိနေပေမယ့်လည်း မွတ်စလင် အတော်များများအတွက်ကတော့ စစ်ကောင်စီတပ်တွေဟာ သူတို့အတွက် ပိုပြီးတော့ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ မြို့အဝင်အထွက်နေရာတွေမှာ လုံခြုံရေး ဂိတ်တွေကို ချထားပြီး အဲဒီမြို့နယ်ကနေ အပြင်ကို ထွက်မယ်ဆိုရင် အစိုးရရဲ့ ခွင့်ပြုချက်ပါဖို့လိုတာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ တခြား ပြည်နယ်နဲ့တိုင်းတွေကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ခံထားရတယ်လို့ အဲဒီမှာရှိတဲ့ မွတ်စလင်တွေက ပြောပါတယ်။

အခုချိန်အထိတော့ ရခိုင်ပြည်နယ်အတွင်းက တခြားမြို့နယ်တခုကိုသွားမယ်ဆိုရင် ပါမစ်ရဖို့အတွက် ကျပ်ငွေ ၂ သိန်းခွဲလောက် ပေးရပါတယ်။ ကျနော်တို့အနေနဲ့တခြားနေရာတွေကို သွားခွင့်မရှိဘဲ ပိတ်ပင်ခံထားရတယ်လို့ စစ်တွေမြို့မှာရှိတဲ့ မွတ်စလင်တဦးဖြစ်သူ မော်လဝီ ထွန်းက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်မှာနေတဲ့ အဒူ မာလိန်းကတော့ မွတ်စလင်တွေ နေထိုင်နေရတဲ့ အခြေအနေတွေဟာ တနှစ်ထက်တနှစ် ပိုဆိုးလာနေပြီး အတော်များများက အလုပ်ရှာလို့မရဘဲ ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့ကပေးတဲ့ စားနှပ်ရိက္ခာ အထောက်အပံ့ ကို အကြီးအကျယ် မှီခို အားထားနေရတယ်လို့ ပြောပါတယ်။

“AA ရခိုင်လက်နက်ကိုင်အဖွဲ့က ကျနော်တို့ရွာကိုလာပြီး သူတို့နဲ့ပူးပေါင်းဖို့ စည်းရုံးပါတယ်။ တကယ်လို့ သူတို့အောင်မြင်ပြီးတော့ ရခိုင်ပြည်နယ်ကို လုံးဝထိန်းချုပ်နိုင်ရင် ကျနော်တို့အနေနဲ့လည်း တန်းတူအခွင့်အရေးတွေ ရမယ်လို့” ပြောကြောင်း အဒူ မာလိန်းက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ AA ကို အပြည့်အဝမယုံနိုင်ပေမယ့်လည်း အတော်များများကတော့ အခြေအနေကို စောင့်ကြည့်နေကြပြီး သူတို့အတွက် ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ဖန်တီးပေးနိုင်မယ့်သူတွေဘက်ကို သွားမှာဖြစ်တယ်” လို့ သူက ဆက်ပြောပါ တယ်။ သူတို့အနေနဲ့ တခြားသွားစရာလည်း နေရာမရှိတဲ့အတွက် မြန်မာစစ်တပ်ကိုရော၊ ရခိုင်တပ်မတော်ကိုပါ ကြောက်နေရပြီး သူတို့ရဲ့အမိန့်တွေကို လိုက်နာနေရတယ်လို့လည်း ပြောပါတယ်။

..............................

တိုက်ရိုက် လင့်ခ်


{{Unicode}}





















XS
SM
MD
LG