သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာဝန်သိ ရင်းနှီးမြှုပ်နှံမှုများ အတိုင်ပင်ခံ ဖိတ်ခေါ်


မြန်မာနိုင်ငံမှာ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်လိုက်သလို မြန်မာလူထုနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ် ကျင်းပတဲ့ Invest Myanmar Summit 2019 အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ဖိတ်ခေါ် တိုက်တွန်း သွားတာပါ။ ဒီလိုဆွေးနွေးပွဲမျိုးမှာ စိုက်ပျိုးရေးနဲ့ပတ်သက်တာမျိုးကို သီးသန့် ထည့်သွင်းဆွေးနွေးစေချင်တယ်လို့ ကိုယ်တိုင် တက်ရောက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုကောင်းစံဟိန်း က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ တနင်္လာနေ့ကစပြီး နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောတဲ့ မိန့်ခွန်းထဲ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နံှမှုပိုင်းဆိုင်ရာ လုပ်ဆောင်ထားတဲ့ အပြောင်းအလဲတွေနဲ့ မြန်မာနိုင်ငံရဲ့ အားသာ ချက်တွေကို ထောက်ပြပြီး မြန်မာနိုင်ငံမှာ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာပြီးလုပ်ဆောင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ဖိတ်ခေါ်လိုက်တာပါ။

“မြန်မာနိုင်ငံကို လာကြပါ၊ အခွင့်အလန်းတွေ ပြည့်နှက်နေတဲ့ အခြေအနေတခုကို အချိန်ယူလေ့လာပြီး အတွေ့အကြုံ ရယူပါ၊ သစ်လွင်ပြီး အားပြည့်အင်ပြည့် သက်ဝင်လှုပ်ရှားနေတဲ့ ကျမတို့ရဲ့ စီးပွားရေးကို ကိုယ်တိုင်ကိုယ်ကျ လာကြည့်ကြပါ။”

အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာလူထုမှာ ရင်းနှီးမြှုပ်နှံတာဖြစ်ပြီး ဒီလို ရင်းနှီးမြှုပ်နှံမှုမျိုး လုပ်ဆောင်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုသွားပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရတွေက ပုဂ္ဂလိကကဏ္ဍ လက်တွဲလုပ်ဆောင်ဖက်တွေနဲ့အတူ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုချက်အသီးသီးကို ထုတ်ဖော်တင်ပြခွင့်ရမယ့် ကြီးမားတဲ့အခွင့်အလန်း ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲမှာ စက်မှုဝန်ကြီးဌာန အပါအဝင် တိုင်းနဲ့ပြည်နယ်တွေက ဝန်ကြီးချုပ်တွေက သက်ဆိုင်ရာ ဒေသအလိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်တွေကို တင်ပြခဲ့ကြပြီး သူတို့ပြည်နယ်တိုင်းတွေမှာ လာရောက် ရင်းနှီး မြှုပ်နှံကြဖို့ကိုလည်း ဖိတ်ခေါ်ကြတာပါ။

ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နံှဖို့နဲ့ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကလည်း အခုလို တိုက်တွန်း ပြောဆိုသွားပါတယ်။

"ဒီ Investment လုပ်မယ့်သူတွေအတွက်က လုပ်မယ့်နေရာတွေ အများကြီးရှိပါတယ်။အဲ့ဒါတွေမှာ ပိုပီးတော့ လုပ်နိုင်မယ်ဆိုရင် စိုးရိမ်စရာထင်တဲ့ အစိတ်အပိုင်းလေးတွေ အဲ့ဒါတွေဟာ အလိုအလျောက်ပြေပျောက်သွားပြီးတော့ အဲ့ဒီဒေသတွေကိုလည်း ကျနော်တို့က ပိုပြီးတော့ ဆွဲတင်နိုင်မှာ။ ဒီဘက်က လုပ်နိုင်မယ့် ဟာတွေကို များများလုပ်နိုင်လေလေ ဟိုဘက်ကနေရာတွေဟာ ပိုပြီးတော့ လျော့လာပြီးတော့ပြေလည်သွားမယ့်အနေအထား ကျနော်တို့ အဲလိုပဲ မျှော်လင့်ထားပါတယ်။"

ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်ထက်ကတော့ သူဖြစ်စေချင်တာကို အခုလိုပြောပါတယ်။

"ကျနော်တို့ကတော့ ဒီမှာတော့ နောက်ပိုင်းထပ်ထည့်ချင်တာကတော့ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အခြေခံတဲ့ Investment တွေကို ဘယ်လို နိုင်ငံတော်က ခေါ်သွင်းမလဲ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ နယ်မြေဒေသတွေ ဖွံ့ဖြိုးဖို့ အဲလိုမျိုးဟာတွေ လုပ်စေချင်တယ် ဒီလောက်ပါပဲ။"

အခုကျင်းပနေတဲ့ပွဲမှာ ပြည်ထောင်စုအဆင့်နဲ့ ဒေသဆိုင်ရာအဆင့် စီမံကိန်းပေါင်း ၂၀၀ ကျော်ကို ဖော်ပြထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံကျော်ရှိတယ်လို့ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ တက်ရောက်သူပေါင်း ၁၆၀၀ ကျော်ရှိပြီး ပြခန်း ဖွင့်လှစ်ပြသတဲ့ ကုမ္ပဏီပေါင်း ၄၀ ရှိတယ်လို့လည်း ပြောထားပါတယ်။ အခုလို ပွဲမျိုးကိုတော့ နောက်နှစ်စဉ် ကျင်းပသွားနိုင်ဖို့ ကြိုးစားမယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG