သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အင်ဒိုပစိဖိတ် ခေတ်မီနည်းပညာရင်းနှီးမြှုပ်နှံမှု မြန်မာပါဝင်


APEC ထိပ်သီးညီလာခံ
APEC ထိပ်သီးညီလာခံ

အင်ဒို-ပစိဖိတ်ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်တွေအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၆၁ ဘီလီယံကျော် ထပ်မံ ရင်းနှီးမြုပ်နှံသွားမယ်လို့ အမေရိကန် ဒုသမ္မတ Mike Pence က အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးစည်းဝေးပွဲမှာ ပြောကြား လိုက်ပါတယ်။ အဲဒီ အစီအစဉ်ထဲမှာ Smart Cities Partnership လို့ခေါ်တဲ့ အာရှတိုက်အတွင်းမှာ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ အတွက် ကူညီပေးမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး စည်းဝေးပွဲအတွင်း မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံကြဖို့ ဖိတ်ကြားခဲ့တာနဲ့လည်း တိုက်ဆိုင် နေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပေါ်နေတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက Papua New Guinea နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီး စည်းဝေးပွဲဟာ သဘောတူညီချက် တစုံတရာ မရရှိဘဲ ပြီးသွားခဲ့ပါတယ်။ အခုလို သဘောတူညီချက်မရတာဟာ နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ APEC အဖွဲ့ရဲ့သမိုင်းမှာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ညီလာခံအတွင်း ကမ္ဘာ့ စီးပွားအင်အားအကြီးဆုံး ၂ နိုင်ငံဖြစ်ကြတဲ့ အမေရိကန်နဲ့ တရုတ်တို့အကြား အားပြိုင်မှုတွေ ရှိနေတာကိုလည်း သိသာ ထင်ရှားစွာ တွေ့မြင်ခဲ့ရပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က အရှေ့တောင်အာရှ ဒေသနဲ့ ကျန်တဲ့ ကမ္ဘာ့ဒေသတွေကို လမ်းပန်း ဆက်သွယ်ရေးအရ ချိတ်ဆက်ပေးပြီး ဖွံ့ဖြိုးမှုတွေကို ဖော်ဆောင်ပေးနိုင်မယ်ဆိုတဲ့ One Belt, One Road ရပ်ဝန်းတခု လမ်းကြောင်း တခုလို့ခေါ်တဲ့ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းကြီးအကြောင်း အလေးပေး ပြောကြားခဲ့သလိုဘဲ ညီလာခံကို သမ္မတ Donald Trump ကိုယ်စား တက်လာတဲ့ အမေရိကန် ဒုသမ္မတ Mike Pence ကလည်း အမေရိကန်ရဲ့ စီးပွားရေးအောင်မြင်မှုနဲ့ ဒေသတွင်း အမေရိကန်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေအကြောင်းကို အလေးပေး ပြောကြားခဲ့ပါတယ်။

“အမေရိကန်ရဲ့ စီးပွားရေးအောင်မြင်မှုတွေက အင်ဒို-ပစိဖိတ်ဒေသအပါအဝင် တကမ္ဘာလုံးရဲ့ စီးပွားရေး ကောင်းမွန်လာဖို့ မြင့်တင်ပေးနေပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်အတွင်း အမေရိကန် စီးပွားရေးပုမ္ပဏီတွေက ဒေါ်လာ ၆၁ ဘီလီယံကျော် တန်ဖို့းရှိတဲ့ စီမံကိန်းပေါင်း ၁,၅၀၀ ကျော် လုပ်ဆောင်မယ့်အကြောင်း ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ ရင်းနှီးမြုပ်မှု စုစုပေါင်းဟာ ဒေါ်လာ ၁.၄ ထွီလီယံ ရှိနေပါပြီ။ ဒါဟာ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးုယား ၃ နိုင်ငံပေါင်းရဲ့ ရင်းနှီး မြုပ်နှံမှုထက်တောင် ပိုပါသေးတယ်။ ဒီဒေသမှာ အမေရိကန်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ ထပ်တိုးဖို့ဘဲ ရှိပါတယ်။”

ဒါ့အပြင် အမေရိကန်ပြည်အနေနဲ့ မြန်မာအပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း Smart Cities လို့ခေါ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍတွေမှာလည်း ရင်းနှီးမြုပ်နှံမယ့် အကြောင်း ဒုသမ္မတ Mike Pence က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စုဟာ ဒေသတွင်းမှာ Digital နည်းပညပိုင်းကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှုတွေ ရှိလာအောင်လည်း ကြိုးစား ဆောင်ရွက်ပေးနေပါတယ်။ ဒါကြောင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆိုက်ဘာနည်းပညာနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာအောင် ASEAN-Smart Cities Partnership ကို စတင်အကောင်အထည်ဖော်မယ့်အကြောင်းလည်း ကျနော်တို့ ဒီသီတင်းပတ်အတွင်းမှာဘဲ စတင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီစီမံကိန်းအရ အမေရိကန် စီးပွားရေးကုမ္ပဏီတွေအနေနဲ့ ဒေသတွင်းမှာ လိုအပ်နေတဲ့ Digital နည်းပညာကဏ္ဍမှာ ရင်းနှီးမြုပ်နှံနိုင်မှာ ဖြစ်ပါတယ်။ လွတ်လပ်၊ ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသဟာ လွတ်လပ်၊ ပွင့်လင်းတဲ့ အင်တာနက် ရရှိစေရမယ်ဆိုတဲ့ ကျနော်တို့ရဲ့ သံဓိဌာန်ကို ထပ်လောင်း အတည်ပြု ပြောကြားလိုပါတယ်။”

ASEAN-Smart Cities Partnership အစီအစဉ်ဟာ ဒေသတွင်းက မြို့ကြီးတွေမှာ Digital နည်းပညာနဲ့ဆိုင်တဲ့ Electronic Transaction လို၊ လုပ်ငန်းတွေကို လွယ်ကူ မြန်ဆန်အောင် အီလက်ထရွန်းနစ် နည်းပညာကို အသုံးပြုတာ အပါအဝင် အခြေခံ အဆောက်အအုံ ကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံမှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံအဖွဲ့ဝင် တနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် စတဲ့ မြို့ကြီးတွေမှာ အဲဒီ နည်းပညာကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံတာ၊ ကူညီလုပ်ဆောင်ပေးတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက တဘက်မှာ ခေတ်သစ် ပိုးလမ်းမစီမံကိန်းကြီး ချမှတ် အကောင်အထည်ဖော်တာအပါအဝင် ဒေသတွင်းမှာ သြဇာလွမ်းမိုးမှု ကြီးထွားလာနေပေမယ့်လည်း ပထဝီအနေအထားရ အရှေ့တောင်အာရှနဲ့ ထိစပ်မှု မရှိတဲ့ အမေရိကန်က တရုတ်တို့နဲ့ ယှဉ်ပြိုင်ဖို့ အခက်အခဲ ရှိနေတာပါ။ ဒါကြောင့်လည်း အမေရိကန်က သူ့ဘက်က အားသာတဲ့ နည်းပညာပိုင်းကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှုတွေကို လုပ်ဆောင်တာ ဖြစ်တယ်လို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက ပြောရေးဆိုခွင့်ရှိသူ ကိုလှဖုန်းမြင့်က သုံးသပ်ပါတယ်။

“သူတို့ပြန်ပြီးတော့ Re-evaluate (ပြန်သုံးသပ်မယ်) လုပ်မယ်ဆိုရင်ပေါ့ဗျာ အမေရိကန်မှာ အားသာတာက Technolygy (နည်းပညာ)။ အမေရိကန် Digital economy ၊ Digital infrastructure ဒါတွေကို အမေရိကန်က ပိုင်နိုင်တယ်။ သူတို့ Innovative technology မှာ ကမ္ဘာမှာ နံပတ် ၁ ဘဲ။ အဲဒီတော့ အဲဒီ Innovative technology ၊ အခု ပြောင်းလဲလာတဲ့ ခေတ်စံနစ်နဲ့ယှဉ်ပြီးတော့ ဖွံ့ဖြိုး တိုးတက်ဆဲ နိုင်ငံတွေပေါ့ဗျာ၊ လိုအပ်နေတဲ့ လမ်းပန်းတံတား - Hard infrastructure တင် မဟုတ်ဘဲ Soft infrastructure ဖြစ်တဲ့ Digital infrastructure ပေါ့နော်၊ အဲဒါကို အမေရိကန်က ဝင်ပြီးတော့ အဲဒီကွက်လပ်ကို ဖြည့်နိုင်တယ်ဆိုတာကို သူတို့ သိတယ်။ သိတဲ့အတွက်လည်း သူတို့က အဲဒီဥစ္စာကို အသုံးပြုပြီးတော့ Secure (လုံခြုံမှု) ဖြစ်အောင်၊ Cyber security ဘက်မှာ ဘယ်လိုမျိုးသော ထောက်ပံ့မှုတွေ လိုမလဲ။ ဒီ လမ်းပန်းတံတားတွေ၊ အဆောက်အဦးတွေ လုပ်တဲ့အခါမှာလည်း ဒီ Digital နဲ့ တွဲပြီးတော့ Sustainable ဖြစ်တဲ့ နည်းလမ်းတွေကို သုံးနိုင်မလဲ၊ Smart နည်းလမ်းတွေကို သုံးနိုင်မလဲ၊ အဲဒါတွေကို ထည့်စဉ်းစားပြီးတော့ တရုတ်က မပေးနိုင်တဲ့၊ တရုတ်က သိပ်ပြီးတော့ အားမသာတဲ့ဘက်မှာ အမေရိကန်က ကွက်လပ်ကို ဝင်ပြီးတော့ ဖြည့်တယ်လို့တော့ ကျနော်တို့က မြင်တယ်။”

သမ္မတ Trump အစိုးရဟာ အရင် သမ္မတ Barack Obama အစိုးရတုန်းကလောက် အရှေ့တောင် အာရှတိုက်အပေါ် အလေးပေး အာရုံစိုက် လုပ်ဆောင်မှု မရှိလှပေမယ့်လည်း အခုချိန်မှာ အင်ဒို-ပစိဖိတ်နဲ့ အရှေ့တောင် အာရှဒေသဘက်ကို အာရုံ ပြန်စိုက်လာနေတာကြောင့် စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲ ပြင်ပမှာ အာဆီယံ စီးပွားရေးအကြံပေးကောင်စီက ဦးဆောင် ပြုလုပ်တဲ့ အခမ်းအနားမှာ နိုဝင်ဘာလ ၁၂ ရက်နေ့က ပြောကြားတဲ့ မိန့်ခွန်းအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံကြဖို့ ဖိတ်ခေါ်သွားတာနဲ့လည်း တိုက်ဆိုင်နေတာပါ။

အမေရိကန်က စီးပွားရေးကုမ္ပဏီတွေဟာ မြန်မာနိုင်ငံအပေါ် အစဉ်တစိုက် စိတ်ဝင်စားမှု ရှိခဲ့ကြတဲ့အကြောင်း ကိုလှဖုန်းမြင့်က ဆက်ပြောပါတယ်။

“ကျနော်တို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရော၊ ကျနော်တို့ ကိုယ်စားပြုတဲ့ ကုမ္ပဏီတွေကရော မြန်မာနိုင်ငံ စပြီးတော့ ပွင့်လင်းကတည်းက မြန်မာနိုင်ငံကို စိတ်လည်း စိတ်ဝင်စားခဲ့တယ်၊ နောက်ပြီးတော့ မြန်မာနိုင်ငံအပေါ်မှာလည်း မျှော်လင့်ချက်တွေရော၊ ယုံကြည်ချက်တွေရော များစွာထားခဲ့တယ်ဆိုတာ အားလုံး အသိဘဲ။ လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ ပြောသွားတဲ့ မိန့်ခွန်းကို ကျနော်တို့က ဝမ်းသာ အားရစွာ ကြိုဆိုပါတယ်။”

အမေရိကန်ပြည်ထောင်စုရဲ့ ရင်းနှီးမြုပ်နှံမယ့် အစီအစဉ်တွေက ပိုမိုကောင်းမွန်ပြီး တရုတ်လို ခါးပတ်နဲ့ ပတ်ပြီး လည်ပင်းညစ်မယ့် စီမံကိန်းမျိုး မဟုတ်ကြောင်း အမေရိကန် ဒုသမ္မတ Mike Pence က ပြောပါတယ်။ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး စည်းဝေးပွဲပြင်ပမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီခြား တွေ့ဆုံစဉ်ကလည်း မြန်မာနိုင်ငံအနေနဲ့ တရုတ်ရဲ့ အကြွေးတွေ ပိမသွားမိစေဖို့ ဒုသမ္မတ Mike Pence သတိပေး ပြောကြားခဲ့တယ်လို့ အမေရိကန် သတင်းမီဒီယာတွေမှာ ရေးသားကြပါတယ်။

မြန်မာ့အရေး လေ့လာသူတွေကတော့ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ ဒေသတွင်းမှာ အားပြိုင်နေကြတဲ့အချိန်မှာ တဘက်ဘက်မှာ ရပ်တည်တာမျိုးမလုပ်ဘဲ မြန်မာနိုင်ငံအနေနဲ့ နှစ်ဘက်စလုံးက ရနိုင်တဲ့ ကောင်းမွန်တဲ့အခွင့်အရေးတွေကို ရွေးချယ် လက်ခံပြီး တိုင်းပြည်အတွင်း အကျိုးရှိအောင် အသုံးချသင့်တယ်လို့ သုံးသပ် ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG