သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘောတူညီချက်မရဘဲ APEC ညီလာခံပြီးဆုံး


APEC ညီလာခံတက်ရောက်လာတဲ့ ခေါင်းဆောင်များ
APEC ညီလာခံတက်ရောက်လာတဲ့ ခေါင်းဆောင်များ

Papua New Guinea နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ညီလာခံဟာ တရားဝင် သဘောတူညီချက် တစုံတရာ မရရှိဘဲ တနင်္ဂနွေနေ့က ပြီးဆုံးသွားခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ APEC အဖွဲ့ရဲ့ သမိုင်းတလျှောက် သဘောတူညီချက်မရဘဲ ပြီးဆုံးသွားတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နေတာကြောင့် ဒီ ထိပ်သီး စည်းဝေးပွဲကို တက်လာကြတဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အကြား ကြေညာချက်မှာ ဘယ်လို စကားလုံး အသုံးနှုန်းတွေ ထည့်သွင်း ဖော်ပြမယ်ဆိုတဲ့အပေါ် သဘောတူညီမှု မရနိုင်ဘဲ ဖြစ်ခဲ့တယ်လို့ Papua New Guinea ဝန်ကြီးချုပ် Peter O’Neil က ထိပ်သီး စည်းဝေးပွဲအပြီးမှာ ပြောပါတယ်။

ဒါပေမယ့် သဘောတူညီလို့ မရနိုင်တာက အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံထဲအကြား မဟုတ်ဘဲ တရုတ်နဲ့ APEC အဖွဲ့ဝင် နိုင်ငံတွေအကြား ဖြစ်တယ်လို့ ညှိနှိုင်း ဆွေးနွေးမှုတွေမှာ ပါဝင်တဲ့ အဆင့်မြင့် အမေရိကန်အရာရှိတဦးက ပြောပါတယ်။ အခုလို သဘောတူညီမှု မရနိုင်တာဟာ တခါမှ မဖြစ်ဘူးတဲ့ အစဉ်အလာတခုဖြစ်တယ်လို့လည်း အဲဒီ အဆင့်မြင့် အမေရိကန် အရာရှိက ပြောပါတယ်။

စနေနေ့တုန်းကတော့ အမေရိကန် ဒုသမ္မတ Mike Pence နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က စီးပွားရေးဆိုင်ရာ သူတို့ရဲ့ မတူညီတဲ့ အမြင် သဘောထားတွေကို Papua New Guinea နိုင်ငံ မြို့တော် Port Moresby မှာ ကျင်းပနေတဲ့ ညီလာခံကို ပြောကြားတဲ့ မိန့်ခွန်းအတွင်း သီးခြားစီ ထည့်သွင်း ပြောကြားခဲ့ကြပါတယ်။

အမေရိကန် ဒုသမ္မတက တိုင်းပြည်အသီးသီးအနေနဲ့ အကြွေးတွေ ပိမိမနေစေဖို့ သတိထားသင့်ကြောင်း၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို အထိပါး မခံသင့်ကြောင်း အဖွဲ့ဝင်နိုင်ငံတွေကို သတိပေး ပြောကြားခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ အာဖရိကတိုက်တို့ကို ဆက်သွယ်ပေးမယ့် တရုတ်တို့ရဲ့ ခေတ်သစ် ပိုးလမ်းမစီမံကိန်းကြီးအကြောင်းကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG