သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆန်တန်ချိန် လေးသိန်းဝယ်ယူဖို့ တရုတ်ကမ်းလှမ်း


မြန်မာနိုင်ငံကနေ ဆန်တန်ချိန်လေးသိန်း တရားဝင်ဝယ်ယူဖို့ အစိုးရချင်း သဘောတူ စာချုပ် MOU ချုပ်ဆိုနိုင်အောင် တရုတ်အစိုးရဘက်က ကမ်းလှမ်းလာတယ်လို့ မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းက ပြောပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံ တွေက ဆန်ကို ဝယ်ယူနေရာမှာ၊ မြန်မာနိုင်ငံက ဆန်ကိုလည်း တရားဝင် ဝယ်ယူဖို့ မြန်မာအစိုးရဖက်က တရုတ်နိုင်ငံဖက်ကို ကမ်းလှမ်းထားတာပါ။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။

တရုတ်-မြန်မာ အစိုးရချင်း တရားဝင်သဘောတူစာချုပ် MOU ရေးထိုးပြီး မြန်မာ့ဆန်တန်ချိန် လေးသိန်းဝယ်ယူချင်တဲ့အကြောင်း တရုတ်အစိုးရပိုင် ကုမ္ပဏီတစ်ခုက နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းကို စာပေးပို့လိုက်ပါတယ်။ ဒီ ကမ်းလှမ်းချက်အပေါ်မှာ အစိုးရဘက်က သဘောထားမှတ်ချက်ကိုစောင့်ပြီး၊ သူတို့အနေနဲ့ သုံးသပ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင် က ဗွီအိုအေကိုပြောပါတယ်။

“ဟိုဘက်မှာရှိတဲ့ အစိုးရကိုယ်စားပြုကုမ္ပဏီတခုက ချဉ်းကပ်လာတာပေါ့နော်။ ဒါဟာလည်း ကျနော်တို့က ရောင်းသင့်တယ်၊ မရောင်းသင့်ဘူး ဒီကုမ္ပဏီက ဘယ်လောက်စိတ်ချရတယ်ဆိုတာလည်း ကျနော်တို့ စဉ်းစားရမယ့် အပိုင်းလည်း ရှိပါသေးတယ်။ အဲဒီတော့ ဖြစ်လာရင်တော့ အကောင်းဆုံးပေါ့ အတတ်နိုင်ဆုံးတော့ ကြိုးစားနေတယ်ခင်ဗျ။ ဟိုဘက်ကနေ ကမ်းလှမ်းပြီးတော့ MOU (အစိုးရချင်း ညှိနှိုင်း နားလည်မှုစာချုပ်) တော့ ဒီဘက်ကိုပို့ထားတယ် ပေါ့နော်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ကလည်း ဒါလုပ်သင့်တယ်၊ မလုပ်သင့်ဘူး၊ ထိုးသင့်တယ်၊ မထိုးသင့်ဘူးဆိုတာ သဘောထား မှတ်ချက်တွေနဲ့ ကျနော်တို့ကိုပြန်ပေးမှာပေါ့နော် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ကို။ ပေးတဲ့အခါကျမှ ကျနော်တို့က ဆက်ပြီးဆောင်ရွက် လို့ရမှာခင်ဗျ။”

ဖေဖော်ဝါရီလက ယူနန်ပြည်နယ်မှာ တပတ်ကြာလုပ်ခဲ့တဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်ဖိုရမ်မှာ နှစ်နိုင်ငံအစိုးရနဲ့ ကုန်သည်အသင်းတွေ ဆန်ကိစ္စနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့ကြပြီး၊ တရုတ်က ဗီယက်နမ်ကနေ ဆန်တန်ချိန် ၄သိန်းဝယ်မယ်ဆိုရင် အိမ်နီးချင်းမြန်မာ ဘက်ကလည်း ၄သိန်းဝယ်သင့်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနက တောင်းခံ တဲ့အတွက် တရုတ်သံရုံးကတစ်ဆင့် တိုက်တွန်းခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ဆီကနေ စာတစောင်အရင်က ထုတ်ခဲ့ဖူးတယ်။ ရန်ကန်မှာရှိတဲ့ တရုတ်သံရုံးကိုလေ အဲဒီ ကိုတာ(ဆန်ခွဲတမ်း) နဲ့ပတ်သတ်ပြီးတော့ စီးပွားကူးသန်းက မေတ္တာရပ်ခံလို့ စာပေးပို့ထားတာရှိတယ်။ ကျနော်တို့သတ်မှတ်ထားတဲ့ ‘ကိုတာ’ အဲဒါရဖို့ သူတို့ကိုတောင်းခံထားတာ။”

၂၀၁၆မှာ မြန်မာနိုင်ငံက တရုတ်ကို ခွဲတမ်း ဆန်တန်ချိန် ၁သိန်းတင်ပို့ဖို့ အခွင့်အရေး ရခဲ့ဖူးပါတယ်။ မြန်မာဆန်တင်ပို့မှုရဲ့ ၅၀ရာခိုင်နှုန်းက တရုတ်ပြည်ကို မှောင်ခိုဈေးကွက်ကနေ တင်ပို့နေတာဖြစ်ပါတယ်။ အခုလိုတရုတ်အစိုးရဘက်က ကမ်းလှမ်းလိုက်တာဟာ တရားဝင်ဆန်တင်ပို့နိုင်ဖို့ ပထမခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ မတ်လ ၆ရက် ပြည်တွင်း မြဝတီသတင်းစာ အင်္ဂလိပ်ပိုင်းအစီအစဉ်မှာ ဖော်ပြ ထားပါတယ်။

အရှေ့တောင်အာရှမှာ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ လာအို စတဲ့နိုင်ငံတွေက ဆန်တင်ပို့တဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ တနှစ်ကို ဆန်တန်ချိန် ၁၆သန်း ကနေ ၁၈သန်းအထိ တင်ပို့နေတာဖြစ်ပါတယ်။ တရုတ်က ကမ္ဘာမှာ ဆန်တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ပြီး ၂၀၁၆ မှာ ပြည်ပကနေ ဆန်တန်ချိန် ၅သန်းတင်သွင်းခဲ့ရပါတယ်။ ၂၀၃၀ လောက်မှာ တရုတ်က ဆန်တန်ချိန် သန်း၂၀လောက် ဝယ်ယူလိမ့်မယ်လို့လည်း ခန့်မှန်း ထားတာတွေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG