ရိုဟင်ဂျာတွေကို နိုင်ငံသား ဖြစ်ခွင့်၊ ပြန်လည် အခြေချခွင့် မပေးရေး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ခိုးဝင် ဘင်္ဂလီတွေလို့ သုံးနှုန်းတဲ့ ဆန္ဒပြပွဲကိုတော့ ဘုန်းတော်ကြီးတွေ ဦးဆောင်ခဲ့ကြပါတယ်။
ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေနဲ့ လူတွေ အပါအ၀င် လူပေါင်း ၃၀၀ လောက် ပါဝင်ခဲ့ကြတဲ့ ဒီကနေ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က လုံခြုံရေး ရယူပေးခဲ့ပြီး ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားပါတယ်။ တိုင်းရင်းသား ကမန်တွေအဖြစ် အတုအယောင် လုပ်ပြီး ဘင်္ဂါလီတွေကို နိုင်ငံသား စိစစ်ရေးကဒ် ထုတ်ပေးတယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲပြီး ကန့်ကွက်ခဲ့ကြပါတယ်။
မောင်တော တောင်ပိုင်းမှာ ဘင်္ဂါလီတွေ မထားဖို့၊ ခိုးဝင် ဘင်္ဂါလီတွေကို အစိုးရဘက်က အရေးယူဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အများစု နေထိုင်ကြတဲ့ မူဆလင်တွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေ အဖြစ် ခံယူကြပေမယ့် ဒေသခံ ရခိုင်တွေကရော မြန်မာ အစိုးရကပါ ရိုဟင်ဂျာတွေ အဖြစ် အသိအမှတ်မပြုပါဘူး။ ဒီကနေ့ ဆန္ဒပြပွဲမှာလည်း ရိုဟင်ဂျာတွေကို ဘင်္ဂါလီတွေ အဖြစ် သုံးနှုန်းခဲ့ကြတာပါ။ ရိုဟင်ဂျာတွေကို လက်မခံရေး ဆန္ဒပြကြတဲ့ အပြင် မောင်တော ခရိုင် အတွင်းမှာ မူဆလင် ဘာသာဝင် လူငယ်တွေကို ကျောင်းဆရာ မခန့်ဖို့လည်း တောင်းဆိုကြပါတယ်။