သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပွင့်လင်းမြင်သာဖို့လိုတဲ့ မြန်မာ့ပတ္တမြားတွင်းလုပ်ငန်း


၂၅.၅၉ ကာရက်ရှိ မြန်မာ့ပတ္တမြား
၂၅.၅၉ ကာရက်ရှိ မြန်မာ့ပတ္တမြား

ကမ္ဘာပေါ်မှာထွက်တဲ့ တွင်းထွက်ပတ္တမြားထဲက ၈၀% ဟာမြန်မာနိုင်ငံက ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးအောက် ဆယ်စုနှစ်တွေနဲ့ချီ ကျရောက်ခဲ့တဲ့မြန်မာနိုင်ငံမှာ ပတ္တမြားတွင်းလုပ်ငန်းတွေဟာ ခုချိန်ထိ ပွင့်လင်းမြင်သာမှု မရှိလှသေးပါဘူး။ ဒီမိုကရေစီတည်ဆောက်ရေးဆီ ဦးတည်နေတဲ့ မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ စီးပွါးရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်နိုင်ငံက ရုပ်သိမ်းလိုက်တဲ့အတွက် ကျောက်မျက်ရတနာ တင်ပို့မှုတွေ လမ်းပွင့်လာတာကြောင့်လည်း ဒီလုပ်ငန်းအပေါ် အာရုံစိုက်လာကြပါတယ်။ တချိန်ထဲမှာပဲ ပတ္တမြားတွင်းလုပ်ငန်းတွေနဲ့ပါတ်သက်လို့ ပိုပြီးထင်သာမြင်သာရှိလာမယ်လို့လည်း မျှော်လင့်နေကြပါတယ်။ ဒီအကြောင်း AFP သတင်းကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းက မိုးကုတ်မြို့ကို ပတ္တမြားမြေလို့လည်း တင်စား ခေါ်ဝေါ် ကြပါတယ်။ မိုးကုတ်မြို့က မိုင်းတွင်းလုပ်သား၊ ဆယ်ကျော်သက် ကလေးအေးမင်းထွန်း အဖို့ သူ့ဘဝမှာ တနေ့တာ့ ကျောက်အောင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အမြဲလို ဆုတောင်းနေပါတယ်။ မိုးကုတ်မြို့ဟာ မြန်မာနိုင်ငံအလယ်ပိုင်းက မန္တလေးတိုင်းထဲမှာရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က မိုးကုတ်မြို့ မှာတွေ့တဲ့ ပတ္တမြားတလုံးဟာ ဒေါ်လာ သန်း ၃၀ ဈေးပေါက်ခဲ့ပါတယ်။ ကမ္ဘာတဝှမ်းလုံးမှာ အသုံးပြုနေတဲ့ ပတ္တမြား ၈၀% ကျော်ဟာမြန်မာ့တွင်းထွက် ပတ္တမြားတွေဖြစ်ပါတယ်။ ၂၀၁၆ အောက်တိုဘာလမှာ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေရုပ်သိမ်းလိုက်တဲ့အတွက် ပတ္တမြားဈေးတွေ တက်လာဖို့ရှိနေပါတယ်။

ကျောက်တူးသမားလေး အေးမင်းထွန်း ကလည်း အခုလိုပြောပါတယ်။

“ဒီမှာတူးရင်း တကယ်လို့ လုပ်လို့အောင်မြင်လာရင် စီးပွားရေးတခုခုလုပ်မယ်လို့ စိတ်ကူးလည်းရှိတယ်။”

လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့ ကျောက်တွင်းလုပ်ငန်းတွေကို စစ်တပ်က အဓိကလွှမ်းမိုးထားတာဖြစ်တဲ့အတွက် ကျောက်တွင်းတူးနေကြသူတွေအနေနဲ့ မဆိုစလောက် အကျိုးအမြတ်ကိုသာခံစားကြရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ ကျောက်တွင်းလုပ်ငန်းနဲ့ပါတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းချမှတ်သူတွေအပေါ် စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေရဲ့ လွှမ်းမိုးထိန်းချုပ်မှုရှိနေသလို ကျောက်တွင်းတူးလုပ်ငန်း ဘယ်သူ့ကို လုပ်ပိုင်ခွင့်ပေးမလဲဆိုတာကိုလဲ ဦးပိုင်ကသာ ဆုံးဖြတ်တယ်လို့ သဘာဝသယံဇာအရင်းအမြစ်ဆိုင်ရာ စောင့်ကြည့်ရေး NGI အဖွဲ့က ပြောပါတယ်။ ပုဂ္ဂလိက ပတ္တမြားတွင်းအတော်များများကိုလည်း နိုင်ငံခြားသားတွေပိုင်ဆိုင်ထားပုံရပြီး အရည်အသွေး အကောင်းဆုံး ကျောက်မျက်ရတာနာတွေကို လက်ဝတ်ရတနာလုပ်ဖို့ ဟောင်ကောင်ကို ခိုးထုတ်သွားကြတာပါ။

မြန်မာ့ကျောက်မျက် ကုန်သည်များအသင်းရဲ့ ဒုတိယအတွင်းရေးမှူး ဦးထွန်းလှအောင်က အခုလို ဆိုပါတယ်။

“အနီအပြာခေါ်တာပေါ့နော် ကျောက်စကားနဲ့ပြောရင် အနီအပြာကတော့ များသောအားဖြင့်ကတော့ ယိုးဒယားလိုင်းကထွက်တာများပါတယ် အရပ်သားစကားနဲ့ဆိုရင်တော့ အောက်လမ်းကပေါ့နော်။”

အမေရိကန်နိုင်ငံက စီးပါွးရေးဒဏ်ခတ်မှု ရုပ်သိမ်းလိုက်တာနဲ့ အမေရိကန် ခရီးသည် ဝင်ရောက်မှုများလာရင် သူတို့လည်း ငွေရွှင်မယ်လို့ဒေသခံတွေက မျှော်မှန်းနေပါတယ်။ အမေရိကန်ကုသည်တွေက မိုးကုတ်ပတ္တမြားတွင်းတွေရဲ့အခြေအနေကို စုံစမ်းထောက်လှမ်းပြီးဖြစ်သလို ပတ္တမြားလုပ်ငန်းနဲ့ပတ်သက်လို့လည် ဆွေးနွေးပြောဆိုနေပါပြီ။

မန္တလေးရတာနာကုန်သည် မခင်ခင်ဦးကလည်း အခုလို အကောင်းမြင်ထားပါတယ်။

“ ကျောက်တန်ဖိုးက တော်တော်တက်တယ်။ ကျောက်တန်ဖိုးက ကောင်းလို့ရှိရင် တဝက်ဈေးလောက်ကိုတက်သွားတာ။ ၃ ပုံ ၁ ပုံကတော့ သေချာပေါက်လောက်တက်တယ်။”

ပတ္တမြားမိုင်းတွင်းတွေက အလုပ်သမားတွေရဲ့အခြေအနေဟာ နိုင်ငံတကာ စံချိန်စံနှုန်းနဲ့ ကိုက်ညီရှိအောင် အမေရိကန် ကုမ္ပဏီတွေက လုပ်ဆောင်ပေးရမှာ ဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင်လုပ်ဖို့နဲ့ အကျိုးအမြတ်တွေကိုလည်း ချပြရမယ်လို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ထင်ရှားလှတဲ့ မြန်မာ့ ပတ္တမြားရဲ့ တောက်ပမှုတွေ မှေးမှိန်သွားမှာဖြစ်ပါတယ် ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG