သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဆက်သွယ်ရေးပိုကောင်းစေမယ့် Intelsat 39 ဂြိုလ်တုအောင်မြင်စွာ လွှတ်တင်


Myanmar Sat 2 ပါဝင်တဲ့ Intelsat 39 ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင် (ဓါတ်ပုံ-Space)
Myanmar Sat 2 ပါဝင်တဲ့ Intelsat 39 ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင် (ဓါတ်ပုံ-Space)

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုပေးဖို့ Myanmar Sat 2 ဆက်သွယ်ရေးအစိတ်အပိုင်း (Transponder) ပါဝင်တဲ့ Intelsat 39 ဆက်သွယ်ရေးဂြိုလ်တု ကို သြဂုတ်လ (၆)ရက်နေ့မှာ တောင်အမေရိကတိုက်မှာရှိတဲ့ ပြင်သစ်ဂီယာနာ အာကာသဒုံးပျံ ပစ်လွှတ်တဲ့ အခြေစိုက်စခန်းကနေ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

ဒေါ်လှလှသန်းက အကြောင်းစုံကို ဆက်လက်တင်ပြမှာပါ။

မြန်မာနိုင်ငံအတွက် ကြေးနန်းဆက်သွယ်ရေး ပိုအားကောင်းလာစေမယ့် Myanmar Sat 2 အတွက် အဓိက ဝင်ဆောင်ပေးမယ့် Intelsat 39 ဆက်သွယ်ရေး ဂြိုလ်တုကို သြဂုတ်လ ၆ ရက်နေ့ အင်္ဂါနေ့ ဒေသ စံတော်ချိန် ညနေ ၄ နာရီခွဲက တောင်အမေရိကတိုက်မှာရှိတဲ့ ပြင်သစ်ဂီယာနာရဲ့ ကောင်ရူးဂီယာနာ အာကာသစခန်းကနေ အောင်မြင်စွာ လွှတ်တင်လိုက်တဲ့ အသံပဲ ဖြစ်ပါတယ်။ အဲဒီဆက်သွယ်ရေး ဂြိုလ်တုကို Maxar Technologies က ထုတ်လုပ်ပြီး Arianespace ဂြိုလ်တု လွှတ်တင်စင်ကနေ Ariane 5 ဂြိုလ်တုနဲ့ ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ Intelsat 39 ဆက်သွယ်ရေး ဂြိုလ်တုဟာ ကမ္ဘာပတ် လမ်းကြောင်း ပေါ်မှာ ကမ္ဘာကြီးရဲ့ အီကွေတာမျဉ်းနဲ့ လောင်တီကျူ့အရှေ့ ၆၂ ဒီဂရီမှာ လည်ပတ်နေမှာလည်း ဖြစ်ပါတယ်။

အခုလို အောင်မြင်စွာ ဆက်သွယ်ရေး ဂြိုလ်တု လွှတ်တင်မှုနဲ့ ပတ်သက်လို့ Luxembourg အခြေစိုက် Intelsat ကော်ပိုရေးရှင်း ပြောခွင့်ရ အမျိုးသမီး Michele Loguidice က VOA ကို အခုလိုအတည်ပြုခဲ့ပါတယ်။

“ Intelsat 39 ကို ပြင်သစ် Guiana မှာ ဒီကနေ့ Ariane 5 rocket နဲ့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တဲ့အတွက် အားရကျေနပ်မိပါတယ်။ ကျမတို့ရဲ့ လုပ်ဖက်ကိုင်ဖက်တွေဖြစ်တဲ့ Arianespace အပြင် ၊ ဒီဆက်သွယ်ရေးဂြိုလ်တုကို ဆောက်လုပ်တဲ့ Maxar ကိုလည်း ကျေးဇူးတင်ပါတယ်။”

အခုလို လွှတ်တင်လိုက်တဲ့ Intelsat 39 ဆက်သွယ်ရေးြ၈ိုလ်တုဟာဟာ အာဖရိက ၊ အာရှ၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းရှိ မိုဘိုင်းတယ်လီဖုန်း လုပ်ငန်းရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အစိုးရအဖွဲ့အစည်းတွေအပြင် လေကြောင်းပျံသန်းမှုနဲ့ ပင်လယ်ရေကြောင်းသွားလာမှု လုပ်ငန်းတွေအတွက် ဆက်သွယ်ရေးမှာ အထောက်အကူ ပြုစေမယ့်အပြင် Video တွေ ရိုက်ယူရာမှာလည်း ပိုပြီး အရည်အသွေးကောင်းစေမှာဖြစ်ပါတယ်။ အခုလို Intelsat 39 ဆက်သွယ်ရေး ဂြိုလ်တု အသုံးပြုတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ မစ္စ Loguidice က ပြောပါတယ်။

“Intelsat 39 ဆက်သွယ်ရေးဂြိုလ်တုကို အသုံးပြုတဲ့ အခြားနိုင်ငံတွေ အများအပြားရှိရာမှာ မြန်မာနိုင်ငံလည်းပါဝင်ပါတယ်။ မြန်မာအစိုးရ အပြင် သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး ဌာနတွေက အသုံးပြုမှာဖြစ်ပြီး သူတို့က ကျမတို့ရဲ့ C နဲ့ KU Band ဆက်သွယ်ရေး ဂြိုလ်တုလိုင်းတွေကို အသုံးပြုမှာဖြစ်ပြီး အခုလိုအသုံးပြုခြင်းအားဖြင့် 3G နဲ့ 4G အင်တာနက် ဆက်သွယ်ရေးလိုင်းတွေဟာ မြန်မာနိုင်ငံရဲ့ ပိုပြီးဝေးလံတဲ့နေရာတွေမှာ လက်လှမ်းမှီစေဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံအတွက် Myanmar Sat 2 ဟာ MOTC ခေါ် မြန်မာ့ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနအနေနဲ့ လက်ရှိအသုံးပြုနေတဲ့ ကြေးနန်းဆက်သွယ်ရေး အင်အားထက် ပိုပြီး သိသိသာသာ အသံလှိုင်း bandwith ရော ၊ speed နှှုန်းထားရော၊ စိတ်ချရမှုရော အရေအသွေး ကောင်းစေမှာဖြစ်ပြီး မြန်မာအစိုးရ လုပ်ငန်းတွေဖြစ်တဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုနဲ့ ပညာရေးလို အစိုးရဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျယ်ပြန့်စွာ လူ့အဖွဲ့အစည်းတွေအတွက် လက်လှမ်းမီစေမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သဘာ၀ ဘေးဒုက္ခလို အရေးပေါ်အခြေအနေမှာလည်း ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေကိုလည်း ပိုပြီး အလွယ်တကူ ရယူစေနိုင်မှာ ဖြစ်သလို မြန်မာနိုင်ငံအတွက် အရေးကြီးလှတဲ့ အီလက်ထရောနစ် ဘဏ်စနစ် ဝန်ဆောင်လုပ်ငန်းအပြင် သတင်းအချက်အလက်တွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း မြန်မာနိုင်ငံတဝှမ်း လက်လှမ်းမီအောင် ဖြန့်ချီနိုင်မှာဖြစ်တယ်လို့ Intelsat ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Myanmar Sat 2 ဆက်သွယ်ရေးအစိတ်အပိုင်းဟာ ၂၀၁၉ အောက်တိုဘာလက စတင်ပြီး ဒီ ဝန်ဆောင်လုပ်ငန်းတွေကို စတင်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ Myanmar Sat 2 ဟာ C band နဲ့ Ku-band မီတာလှိုင်းတွေကိုအသုံးပြုပြီး စုစုပေါင်း MHz Frequency ၈၆၄ အထိ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အဖွဲ့ဝင် ၁၃ ဦးပါဝင်တဲ့ မြန်မာ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့အဖွဲ့ဟာ ဒီ ဆက်သွယ်ရေးအစိတ်အပိုင်းအတွက် စုပေါင်း ပါဝင်ထည့်ဝင်ဖို့ ၂၀၁၇ က စတင်ဆွေးနွေးခဲ့တာဖြစ်ပြီး Myanmar Sat 2 အတွက် မြန်မာနိုင်ငံအနေနဲ့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၅.၇ သန်း ပေးဆောင်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိ ဆက်သွယ်ရေး ဝန်ဆောင်လုပ်ငန်းတွေကို အမေရိကန် ၊ တရုတ်၊ ထိုင်း၊ Vietnam၊ အင်ဒိုနီးရှားတို့နဲ့ ခွဲပြီး ဌားသုံးနေရတာ ဖြစ်ပြီး တနှစ်ကို ဝန်ဆောင်ခ ဒေါ်လာ ၁၀ သန်း ကုန်ကျတာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG