မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သံတမန်အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့သလို၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း အချိန်အတော်ကြာ တွေ့ဆုံခဲ့ပါတယ်။ မနက်ဖြန်မှာတော့ ရခိုင်မြောက်ပိုင်းဒေသ ပဋိပက္ခဖြစ်ပွားရာဒေသကို လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာကြမှာပါ။ ဒီခရီးစဉ်ဟာ ကုလသမဂ္ဂအတွက်ရော မြန်မာအစိုးရအတွက်ရော ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ပါ အရေးပါတဲ့ ခရီးစဉ်ဖြစ်မယ်လို့ ယူဆကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက ဆက်ပြီး ပြောပြမှာပါ။
မြန်မာနိုင်ငံ ရောက်ရှိလာတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သံတမန်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပြီး၊ ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ လက်ရှိ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်မှုတွေအပေါ်မှာ ဆွေးနွေးခဲ့ကြပုံရပါတယ်။ အဲဒီနောက်မှာတော့ မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ နှစ် နာရီ ကြာအောင် တွေ့ဆုံခဲ့ကြပါတယ်။ ဆွေးနွေးချက် အသေးစိတ်ကို နှစ်ဖက်စလုံးက ထုတ်ပြန်တာမရှိသေးပါဘူး။ အဲဒီနောက်တော့ လွှတ်တော်ဖက်က တာဝန်ရှိသူအချို့နဲ့တွေ့ဆုံသလို၊ အရပ်ဖက် အဖွဲ့အစည်တွေက ပုဂ္ဂိုလ်တချို့ကိုလည်း နေပြည်တော်မှာ တွေ့ဆုံပါတယ်။
မနက်ဖြန်ကျရင်တော့ ရခိုင်မြောက်ပိုင်း မောင်းတောကို နေချင်းပြန်ခရီးသွားပြီး၊ အဲဒီအခြေအနေတွေကို လေ့လာမှာဖြစ်ပါတယ်။ ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ တနင်းနွေနေ့တုန်းကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့ပြီး၊ နယ်စပ်က ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလူတွေ နေရပ်ပြန်နိုင်ရေးဟာ မြန်မာဖက်ခြမ်းအခြေအနေအပေါ် တည်နေတယ်လို့ ဒီ အဖွဲ့မှာ ပါတဲ့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Karen Pierce က ပြောပါတယ်။ ဒါကြောင့်လည်း ဒီ ပြဿနာပြေလည်ရေးအတွက် မြန်မာဖက်က ဘယ်လို ဖြေရှင်းမလဲဆိုတာ သူတို့ ကြည့်မယ်လို့ဆိုခဲ့ပါတယ်။
“ သူတို့ဟာ မြန်မာပြည်က လာတာဖြစ်လို့ ပြဿနာရဲ့အဖြေဟာ မြန်မာနိုင်ငံပေါ်မှာ တည်နေပါတယ်။ စိတ်ချလုံခြုံတဲ့အခြေအနေအောက်မှာ သူတို့နေအိမ်တွေကို ပြန်ခွင့် ရရပါလိမ့်မယ်။ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတာ သိလိုပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့တော့ ရိုဟင်ဂျာတွေကို အကူအညီဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ကြိုးပမ်းသွားမှာဖြစ်သလို၊ တိုးတက်မှုတွေအတွက် ထောက်ခံအားပေးသွားမှာပါ။”
ရခိုင်ပဋိပက္ခနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးမှုတွေရှိနေပြီး၊ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီကိစ္စကို ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးက ကိုင်တွယ်ဖြေရှင်းရေး လုံခြုံရေးကောင်စီက လွှဲပြောင်းပေးဖို့ လိုလားကြပါတယ်။ ဒါပေမယ့်လည်း လုံခြုံရေးကောင်စီထဲမှာတော့ ရုရှား တရုတ်တို့က ဒီလို အခြေအနေကို လိုလားပုံမရပါဘူး။
အခု ခရီးစဉ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံက သံအမတ်တွေလည်း ပါဝင်ကြပါတယ်။ ရုရှားနဲ့ တရုတ်သံအမတ်နှစ်ဦးစလုံးကတော့ ဒီပြဿနာဟာ အင်မတန်ရှုပ်ထွေးတာကြောင့် အပြုသဘောဆောင်ပြီး ဖြေရှင်းရမယ်၊ ပြဿနာကို လွယ်လွယ်လေးနဲ့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်လို့မရတဲ့အကြောင်း ပြောပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ရခိုင်ပဋိပက္ခနဲ့ပတ်သက်လို့ မြန်မာအာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းမှုအပေါ် ပြစ်တင်ဝေဖန်သလို၊ ဒီအတွက် နိုင်ငံတကာဖိအားတွေပေးဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းနေကြပါတယ်။ အထူးသဖြင့်တော့ ရခိုင်အရေးနဲ့ပတ်သက်လို့ ICC နိုင်ငံတကာခုံရုံးက ကိုင်တွယ်အရေးယူဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်သင့်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှုး Kenneth Roth က ပြောပါတယ်။
“ လုံခြုံရေးကောင်စီအနေနဲ့ အခြားလုပ်နိုင်တာကတော့ ရခိုင်ပြဿနာကို ICC နိုင်ငံတကာခုံရုံးကို လွှဲပြောင်းပေးဖို့ပါ။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တာတွေဟာ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇ၀တ်မှုအဖြစ် ရှင်းရှင်းလင်းလင်းကို ရှိထားပြီး၊ ICC ကနေ အပြစ်ပေး အရေးယူရပါမယ်။”
ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ လူမျိုးတုန်းသတ်ဖြတ်မှု Genocide ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးအပါအ၀င် အခြားကုလသမဂ္ဂအရာရှိတွေ လူ့အခွင့်အရေးတာဝန်ရှိသူတွေရဲ့ အစီရင်ခံစာတွေ ပြောကြားချက်တွေမှာ ပါရှိပါတယ်။ ကုလသမဂ္ဂရဲ့ အာဏာအကြီးဆုံး လုံခြုံရေးကောင်စီအနေနဲ့ကတော့ ဒါကို ခုတကြိမ်မှာ ကိုယ်တိုင်ကိုယ်ကျ လေ့လာစုံစမ်းနိုင်မှာပါ။
Monique Skidmore ဟာ သြစတေးသျှနိုင်ငံ Tasmania တက္ကသိုလ်က ပရော်ဖက်ဆာတဦးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲ ကုလသမဂ္ဂအဖွဲ့တွေ ၀င်ရောက်ခွင့်ပေးခြင်းအားဖြင့် အခြေအနေတွေ ကောင်းလာနိုင်တယ်ဆိုတာ မြန်မာစစ်တပ်ကို သတင်းစကားပေးနိုင်မယ်လို့ သူ့အနေနဲ့ ယူဆပါတယ်။
“လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအစိုးရကို ICC နိုင်ငံတကာခုံရုံးကို လွှဲပြောင်းပေးနိုင်တယ်ဆိုတာကို ဒုက္ခသည်တွေက ကောင်းကောင်းသိထားပါတယ်။ ဒါကြောင့်လည်း မြန်မာအစိုးရကို ICC တင်ဖို့ဟာ သူတို့ရဲ့ တောင်းဆိုချက်တခုပါ။ နောက်တခုကတော့ သူတို့ နေရပ်ပြန်ရေးကိစ္စမှာ ကုလသမဂ္ဂကနေ ကြီးကြပ်ဆောင်ရွက်ပေးဖို့ပါ။ ဒါဟာ မြန်မာစစ်တပ်ကို ဖျောင့်ဖျနိုင်တဲ့ အခွင့်အလမ်းတခုပါ။ ရခိုင်ဒေသကို ကုလသဂ္ဂ၀င်ခွင့်ပေးလိုက်ခြင်းအားဖြင့်၊ ICC အတင်ခံရမယ့် အရေးကနေ ရှောင်နိုင်မယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့ကို အကြံကောင်းပေးနိုင်ပါတယ်။”
အခု လာရောက်တဲ့ လုံခြုံရေးကောင်စီအဖွဲ့အနေနဲ့ မနက်ဖြန်မှာတော့ သူတို့ ခရီးစဉ်အဆုံးသတ်ပြီး နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ရှိပါတယ်။ ဒီ ခရီးစဉ်ရဲ့ တွေ့ရှိချက်တွေကိုတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြန်လည်သုံးသပ်ကြမှာ ဖြစ်ပါတယ်။