သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတခုလုံးပါ ထိခိုက်လာတဲ့ ရခိုင်ပဋိပက္ခအရေး အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အတိုင်ပင်ခံ ကတိပေး


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ-Myanmar State Counsellor Office)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ-Myanmar State Counsellor Office)

(Zawgyi/Unicode)

အင်အားကြီး နိုင်ငံတွေအကြား တင်းမာမှုတွေ မြင့်တက်နေချိန်နဲ့ ဒေသတွင်း ပြဿနာတွေ မဖြေရှင်းနိုင်သေးတဲ့ အခုလို အချိန်မှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဒေသတွင်း အခန်းကဏ္ဍက ပိုပြီး အရေးကြီးလာတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့ ဇွန်လ ၂၆ ရက်နေ့က ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံက အလှည့်ကျ ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ (၃၆) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က မဖြေရှင်းနိုင်သေးတဲ့ ဒေသတွင်း ပြဿနာတွေနဲ့ အင်အားကြီး နိုင်ငံတွေအကြား ပြိုင်ဆိုင်မှုတွေက ဒေသအတွင်း မတည်မငြိမ် ဖြစ်စေချိန်မှာ အာဆီယံရဲ့ သွေးစည်း ညီညွတ်ပြီး တုံ့ပြန်နိုင်စွမ်းရှိမှုဆိုတဲ့ ဆောင်ပုဒ်က လိုအပ်ချက်နဲ့ ကိုက်ညီလာတယ်လို့ လည်း ပြောပါတယ်။

အာဆီယံအဖွဲ့အကြား စည်းလုံးညီညွတ်မှုရဲ့ အရေးပါမှုကို အခုလို ထုတ်ဖော် ပြောဆိုချိန်မှာပဲ မလေးရှား ဝန်ကြီးချုပ် Muhyiddin Yassin ရဲ့ ရခိုင်အရေးပြောကြားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဒေသတွင်းကို ထိခိုက်တဲ့ ပြဿနာ ကိုပဲ ဖြစ်ဖြစ်၊ တကမ္ဘာလုံးကို ထိခိုက်တဲ့ ပြဿနာပဲ ဖြစ်ဖြစ် ပူးပေါင်း အဖြေရှာနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ အကြမ်းဖက်မှုနဲ့ လူကုန်ကူးမှု ပြဿနာတွေ ဟာ မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အန္တရာယ်တွေဖြစ်ပြီး ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုရှိတယ် လို့လည်း ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin က မလေးရှားနိုင်ငံ အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဆက်လက် လက်ခံနိုင်တော့မှာ မဟုတ်ကြောင်းနဲ့ ရိုဟင်ဂျာကိစ္စ အရေး အာဆီယံအဖွဲ့က မြန်မာနိုင်ငံကို ပိုပြီး အကူအညီပေးဖို့ ထိပ်သီး အစည်းအဝေးမှာ တောင်းဆို ခဲ့တာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က စစ်ဆင်ရေးလုပ် နယ်မြေရှင်းလင်းတာကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွား ကြတဲ့ လူနည်းစုမွတ်ဆလင်တွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ဆိုကြပေမဲ့လည်း မြန်မာအစိုးရကတော့ အဲဒီလိုခေါ်ဆိုတာကို အသိအမှတ် မပြုထားပါဘူး။

ကြာသပတေးနေ့ကတော့ အင်ဒိုနီးရှားနိုင်ငံ Aceh ဒေသကမ်းလွန်ပင်လယ်ပြင်ကို စက်လှေတစီးနဲ့ ရောက်တာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀ နီးပါးကို အင်ဒိုနီးရှား ငါးဖမ်းသမားတွေက ကယ်ဆယ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်မှာ အာဆီယံ အသင်းဝင်ဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အာဆီယံ အဖွဲ့ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပါတယ်။


...............


(Unicode)







XS
SM
MD
LG