သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု စကာၤပူပရိသတ်နဲ့ အမေးအဖြေ စိတ်ဝင်စားဖွယ်အချက်တချို့


နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (Myanmar State Counsellor Office)
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (Myanmar State Counsellor Office)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှု နောက်တကြိမ် မဖြစ်ပေါ်ရအောင် လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေ ရှိဖို့လိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ပြည့်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေက ၂၅ %သော တပ်မတော်သားကိုယ်စားလှယ်တွေကို ဖယ်ရှားသွားနိုင်ဖို့ ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ တဆင့်ပြီးတဆင့်လုပ်ဆောင်သွားရလိမ့်မယ်လို့လည်း သူမကပြောပါ တယ်။ သြဂုတ်လ(၂၁) ရက်နေ့က စင်္ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ Singapore Lecture ဟောပြောပွဲမှာ တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ်တွေရဲ့မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ဖြေကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေးအဖြေတချို့ကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အာဏာရလာတဲ့ NLD အစိုးရအုပ်ချုပ်လာတာ သက်တမ်း ၂နှစ်ကျော်လာပြီဖြစ်ပေမယ့် အစိုးရက စစ်တပ်ပေါ် သြဇာ လွှမ်းခြုံနိုင်တာမျိုး မရှိသေးတာကြောင့် နောက်တကြိမ် ဘယ်လိုအခါမျိုးမှာ စစ်တပ်က အာဏာသိမ်းတာမျိုး ပေါ်လာနိုင်ပါသလဲလို့ စင်္ကာပူနိုင်ငံသားတဦးရဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

"ဒီမေးခွန်းကို ကျမအစား စစ်တပ်ကို မေးရမှာပါ။ သူတို့က ဒီမေးခွန်းကို ပိုပြီးဖြေနိုင်စွမ်းရှိမှာပါ။ ဒါပေမယ့် ကျမပြောလိုတာက ဒီကိစ္စနဲ့ ပတ်သက်လို့ ကျမ မပူပါဘူး။ နိုင်ငံရေးမှာ အားလုံးကဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျမတို့ လက်တွေ့ကျဖို့လိုပါတယ်။ ကျမတို့နဲ့ စစ်တပ်ဆက်ဆံရေးကလည်း ဒီလောက်မဆိုးလောက်ပါဘူး။ ကျမတို့ ဝန်ကြီးအဖွဲ့မှာ စစ်တပ်က ဗိုလ်ချုပ် ၃ ဦးပါနေတယ်ဆိုတာကို မမေ့ပါနဲ့။ သူတို့ကလည်း ကောင်းကြပါတယ်။"

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနေတာ မပြီးမြောက်သေးတဲ့အတွက် ဒါကို ဘယ်လိုနည်းလမ်းတွေနဲ့ အောင်မြင်အောင် ဆောင်ရွက်သွားဖို့ရှိပါသလဲဆိုတဲ့ စင်္ကာပူနိုင်ငံသား သံတမန်တဦးရဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေကြားသွားပါတယ်။

"လွှတ်တော်ထဲမှာ ရွေးကောက်ခံမဟုတ်တဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှှုန်း ပါဝင်နေတာကို ဖြုတ်သိမ်းပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဒါတွေကို ဆက်လက်ညှိနှိုင်း မှုတွေကနေတဆင့် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း မျက်ခြေမပျက်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံမှာ ဒီမိုကရေစီ နည်းမကျတဲ့ အပိုင်းတွေ ရှိနေပါသေးတယ်။ ဒီအပိုင်းတွေက အတိတ်က စစ်တပ်နဲ့ ဆိုင်နေပါတယ်။ ဒါ့ကြောင့် ဒီကဏ္ဍအားလုံးကို စေ့စပ်ညှိနှိုင်းပြီး ပြောင်းလဲဖို့လိုအပ်ပါတယ်။"

စင်္ကာပူနိုင်ငံသားအများစု စိတ်ဝင်စားကြတာကတော့ မြန်မာနိုင်ငံကိုလာပြီး စီးပွားရေးလုပ်တဲ့အခါ လုံခြုံစိတ်ချရပြီး လွယ်ကူမှု ရှိပါ့မလားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ နိုင်ငံခြားကလာပြီး စီးပွားရေးလုပ်ကိုင်ဖို့ လွယ်ကူချောမွေ့မှု ရှိမရှိဆိုပြီး ကမ္ဘာ့နိုင်ငံပေါင်း (၁၉၀)ကို သုတေသနအဖွဲ့တခုက စာရင်းပြုစုခဲ့ရာမှာ မြန်မာနိုင်ငံက အဆင့် (၁၇၁)မှာသာ ရှိနေတာကြောင့် NLD အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံဆိုင်ရာ စည်းမျဉ်းတွေကို ဘယ်လိုပြုပြင် ဖြေလျှော့ပေးဖို့ ရှိပါသလဲဆိုတဲ့ အမေးကိုတော့ ဒေါ်အောင်ဆန်းစုကြည်က

" ကျမတို့နိုင်ငံက စီးပွားရေးကဏ္ဍမှာ လွန်ခဲ့တဲ့ လအနည်းငယ်က ခေါင်းဆောင်မှု အပိုင်းမှာ အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။ တိုးတက်အောင်ဖော်ဆောင်ဖို့လည်း ကြိုးပမ်းနေပါတယ်။ တကယ်လေးလေးနက်နက် ရင်းနှီးမြှုပ်နှံချင်သူတွေကို မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌက အကူအညီပေးပါလိမ့်မယ်လို့ ကျမပြောပါရစေ။ ဒါ့အပြင် စည်းမျဉ်းစည်းကမ်းတွေလည်း ပြောင်းလဲပေးခဲ့ပါတယ်။ ဥပဒေအသစ်တွေကိုလည်း အမြန်အကောင်အထည်ဖော်ဖို့ မလွယ်ပေမယ့် ကျမတို့ ကြိုးစားနေပါတယ်။"

အစိုးရရုံးတွေမှာ လာဘ်မထိုးရင် ဝန်ဆောင်မှုမပေးဘူးဆိုပြီး လူပြောများခဲ့တဲ့ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ဆောင်နေတယ်ဆို ပေမယ့် ဝန်ထမ်းကောင်းစနစ်ရှိတဲ့ စင်္ကာပူနိုင်ငံလိုဖြစ်လာဖို့ ဘယ်လို ပြုစုပျိုးထောင်သွားမလဲဆိုတဲ့ စင်္ကာရောက်ပညာတော်သင် မြန်မာအမျိုးသား တဦးရဲ့မေးခွန်းကိုတော့

"ကျမတို့ရဲ့ အစိုးရအမှုထမ်းတွေကို အရည်အချင်းပြည့်အောင်လုပ်ဖို့က အများကြီးလိုပါသေးတယ်။ ကျမတို့ ဒါကို ကြိုးစားနေပါတယ်။ အရည်အချင်းပြည့်မှီပြီး ပြည်သူနဲ့ ခင်မင်ရင်းနှီးတဲ့ အမှုထမ်းတွေဖြစ်ဖို့ ကျမတို့ လိုလားပါတယ်။ ပြဿနာက ကျမတို့ ပညာရေးစနစ်က လွန်ခဲ့တဲ့ အနှစ် ၃၀- ၄၀ ကြောင့် အဆင့်အတန်း မမှီတော့ပါဘူး။ မျိုးဆက် ၂ ဆက်လောက် ဆုံးရှုံးရတယ်လို့ ဆိုရမှာပါ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီက ကျမ တွက်ချက်ကြည့်ရာမှာ နားလည်ခဲ့တာကတော့ ကျမတို့နိုင်ငံမှာ ပညာအတတ်ဆုံး လူတွေဟာ ကျမတို့အစိုးရ အာဏာရလာချိန်မှာ အနားယူကြမယ်လို့ ကျမနားလည်မိပါတယ်။ ဒီလိုပဲ သေချာပေါက်ဖြစ်ခဲ့ပါတယ်။ ဒါဟာ စိန်ခေါ်မှုတရပ်ပါ။ တဖက်မှာတော့ ကျမတို့ မြန်မာတွေက သင်ရင် မြန်မြန်တတ်တယ်၊ လိုက်လျောညီထွေစွာ နေထိုင်တတ်ကြတယ်။ ဒါပေမဲ့ ရှေးကျတဲ့ အယူအဆတွေ တွယ်ကပ်နေတုန်းပါပဲ။ စဉ်းစားတွေးခေါ်တာ ပြုမူရာမှာ ပြောင်းလဲဖို့မလွယ်ကြပါဘူး။ ဒါပေမယ့် ကျမတို့ အမြဲကြိုးစားသွားမှာပါ။"

စင်္ကာပူနိုင်ငံကို သြဂုတ်လ(၁၉)ရက်နေ့က စတင်ရောက်ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်(၂၁)ရက်နေ့က စင်ကာပူသမ္မတ Mrs. Halimah Yacob နဲ့တွေ့ဆုံခဲ့သလို၊ စင်္ကာပူဝန်ကြီးချုပ် လီရှန်လုံးနဲ့လည်းတွေ့ဆုံပြီး စင်ကာပူ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတိုး့မြှင့်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ် ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်(၂၂)ရက် ဒီကနေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG